တွေးကြောက်နေရင် ဘေးရောက်သွားမှာကြောင့် ကြောက်စိတ်တွေကိုဖယ်ထုတ်လိုက်ပါ။

blank

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့ အပေါင်းအဖော် မှူးမတ်တွေ၊ မြို့စားနယ်စားတွေနဲ့ ပင်လယ်ပြင်ခရီးထွက်ဖို့ စဉ်းစားမိသတဲ့။ ဒါ့ကြောင့် သင်္ဘောဆိပ်ကမ်းကနေ သင်္ဘောကြီးစီးပြီး ပင်လယ်ပြင်ထဲကို ရွက်လွှင့်လာခဲ့ပါတယ်။

ဖြစ်ချင်တော့ သင်္ဘောက ကမ်းကခွာပြီး ခပ်ဝေးဝေးရောက်ရောက်ချင်းမှာပဲ သူ့ရဲ့မြို့စားမင်းတစ်ပါးဟာ အထိတ်တလန့်ဖြစ်လာပါတော့တယ်။ မြို့စားမင်းက သူ့ဘဝတစ်လျှောက်လုံးကို တောင်တွေပေါ်မှာပဲကြီးပြင်းခဲ့ပြီး ပင်လယ်ပြင်ကို တစ်ခါမှတောင် မမြင်ဖူးတော့ ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးထဲမှာ အရမ်းကို ကြောက်ရွံ့တုန်လှုပ်နေခဲ့တော့တာပေါ့။

မြို့စားမင်းဟာ တစ်ချိန်လုံး ဘာမှ မစားမသောက်ဘဲ သင်္ဘောဝမ်းထဲမှာ ထိုင်ပြီး အော်ဟစ်ငိုယိုနေခဲ့သတဲ့။ သင်္ဘောပေါ်မှာ ပါလာသမျှလူတိုင်းကလည်း မြို့စားမင်းကို စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့၊ ဒီခရီးလေးကို ကြောက်မနေဖို့ နားချပေမယ့် ဒီစကားလုံးတွေကို နားမဝင်တဲ့အလား မြို့စားမင်းက ငိုမြဲငိုနေခဲ့ပါတယ်။ ဘုရင်ကြီးလည်း ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တာပေါ့။ ပြာလွင်လွင် ကောင်းကင်ကြီးအောက်က လှပငြိမ်သက်နေတဲ့ ငွေရောင် ပင်လယ်ပြင်မှာ ရွက်လွှင့်သွားတဲ့ ပျော်စရာခရီးလေးကနေ ဆင်းရဲဒုက္ခတွေနဲ့ ပျော်ရွှင်စရာမကောင်းတဲ့ခရီးအဖြစ် မြို့စားမင်းက ပြောင်းပေးလိုက်နိုင်ခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပင်လယ်ပြင်မှာ နှစ်ရက်သာကြာသွားတယ်၊ မြို့စားမင်းရဲ့ငိုသံတွေကြောင့် ခရီးသည်တွေရော သင်္ဘောသားတွေရော မပျော်ရွှင်ကြတဲ့အပြင် အိပ်ရေးဝဝတောင် မအိပ်ရဘူးတဲ့။ ဒါ့ကြောင့် ဘုရင်ကြီးဟာ သင်္ဘောကို ကမ်းပြန်ကပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ သူ့ရဲ့ ဉာဏ်ပညာကြီးလှတဲ့ အမတ်ကြီးတစ်ပါးဟာ ဘုရင်ကြီးဆီရောက်လာပြီး ငိုနေတဲ့မြို့စားမင်းကို စိတ်ငြိမ်သွားအောင် လုပ်ပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။

ဘာပြောကောင်းမလဲ။ ဘုရင်ကြီးဟာ စဉ်းတောင်မစဉ်းစားတော့ဘဲ ခွင့်ပြုပေးခဲ့တဲ့အပြင် မြို့စားမင်းကို စိတ်ငြိမ်အောင် လုပ်ပေးနိုင်ရင် ဆုတော်လာဘ်တော်များပါ ချီးမြှင့်မယ်လို့ မိန့်ကြားခဲ့ပါတော့တယ်။

ဘုရင်ကြီးဆီက ခွင့်ပြုမိန့်ရရချင်းမှာပဲ ပညာရှိအမတ်ကြီးဟာ ကြောက်ရွံ့နေတဲ့မြို့စားမင်းကို သင်္ဘောသားတွေအကူအညီနဲ့ ပင်လယ်ထဲကို ပစ်ချခဲ့ပါတယ်။ သင်္ဘောသားတွေကလည်း စိတ်ညစ်ရတဲ့ရက်တွေကုန်ဆုံးတော့မယ်ဆိုပြီး အမတ်ကြီးခိုင်းသမျှကို ဝမ်းသာအားရ လုပ်ပေးကြသတဲ့။

နဂိုတည်းကမှ ပင်လယ်ကြီးကိုကြောက်နေတဲ့ မြို့စားမင်းဟာ ရေထဲကိုလည်း ပစ်ချခံရရော မြှုပ်လိုက်၊ ပေါ်လိုက်၊ ကြိုးစားကူးခတ်လိုက်၊ နစ်သွားလိုက်နဲ့ ပင်လယ်ရေထဲမှာ ရုန်းကန်နေရရှာသတဲ့။ အချိန်အနည်းငယ်အကြာမှာတော့ မြို့စားမင်းကို ပြန်ဆယ်ဖို့ အမတ်ကြီးက သင်္ဘောသားတွေကို စေခိုင်းခဲ့ပါတယ်။

အံ့သြစရာကောင်းစွာပဲ ထိုအချိန်ကစပြီး မြို့စားမင်းဆီက ဘာအသံမှထွက်မလာတော့ဘဲ ခရီးစဉ်တစ်လျှောက်လုံးမှာ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာပါတယ်။ တစ်ခါတလေ ကောင်းကင်ကြီးရဲ့လှပပုံ၊ ပင်လယ်ကြီးရဲ့ ဆန်းကြယ်ပုံတွေကိုတောင် တခြားခရီးသည်တွေနဲ့အတူ ပြောဆိုနေပါသတဲ့။ ခရီးစဉ်လေးဟာလည်း အေးအေးချမ်းချမ်းနဲ့ စိတ်ကျေနပ်ပျော်စရွှင်စရာခရီးလေး ဖြစ်သွားတာပေါ့ကွယ်။

မြို့စားမင်းရဲ့ ပြောင်းလဲသွားမှုကို မယုံနိုင်ဖြစ်နေတဲ့ ဘုရင်ကြီးဟာ သင်္ဘောကမ်းကပ်ခါနီးမှာ ပညာရှိအမတ်ကြီးကို ခေါ်ပြီး

“မြို့စားမင်းကို ပင်လယ်ထဲပစ်ချလိုက်တာနဲ့ ဒီလို စိတ်တွေငြိမ်သွားမယ်လို့ မင်း ဘယ်လိုတွေးမိလိုက်တာလဲ။ ပြောပြပါဦး” လို့ မေးခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အိမ်ထောင်ရေးကြောင့်ပေါ့ဗျာ။ ကျွန်တော့်ဇနီးကို ကျွန်တော် အရမ်းချစ်တယ်။ ဆုံးရှုံးရမှာလည်းကြောက်တယ်၊ သဝန်လည်းတိုတယ်။ မြို့စားမင်းလိုပဲ ကျွန်တော်လည်း အချိန်ပြည့် ဒီစိုးစိတ်တွေကြောင့် အော်ဟစ်နေခဲ့တယ်။ ကျွန်တော့်မိန်းမက သည်းမခံနိုင်တဲ့အဆုံး တစ်နေ့မှာ ကျွန်တော့်ကိုထားပြီး ထွက်သွားခဲ့တယ်။ အဲဒီ့အချိန်မှာ သူမရှိတဲ့ ဘဝရဲ့ ဆိုးရွားမှုတွေကို သိလာခဲ့တယ်။ နောက်ဆုံး ကျွန်တော့်ကြောက်စိတ်တွေ၊ သဝန်တိုမှုတွေကို ဖယ်ရှားလိုက်နိုင်ပြီဆိုမှ ကျွန်တော့်နားကို ပြန်လာခဲ့တယ်။ အဲဒီလိုပဲ မြို့စားမင်းက ပင်လယ်ရေရဲ့အရသာကို တစ်ခါမှ မခံစားဖူးသလို၊ ရေနစ်နေသူတစ်ယောက်ရဲ့ ကြောက်ရွံ့မှုနဲ့ ဒုက္ခတွေကို မခံစားဖူးဘူး။ အခုလိုခံစားလိုက်ရတော့မှ သူသင်္ဘောပေါ်မှာ ရှိနေရခြင်းဟာ ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းလဲ၊ ဘယ်လောက်တောင် ကျေးဇူးတင်စရာကောင်းလဲဆိုတာ သိသွားတယ်လေ” လို့ အမတ်ကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… ဒီပုံပြင်လေးကနေ ကျွန်မတို့ကို သင်ခန်းစားပေးခဲ့ပါတယ်။ ကျွန်မတို့တွေဟာ တကယ်ကြောက်ရမယ့်၊ ဆိုးရွားတဲ့ အခြေအနေတွေအကြောင်းကို မတွေးဘဲ ဘာမဟုတ်တာလေးတွေအတွက် ကမ္ဘာပျက်မတတ် ကြောက်ရွံ့နေတတ်ကြပါတယ်။ အသေးအဖွဲလေးတွေကို ကြောက်ရွံ့နေမှတော့ ကျွန်မတို့ရဲ့ဘဝမှာ ကြုံကောင်းကြုံလာနိုင်တဲ့ အဆိုးတွေနဲ့ရင်ဆိုင်ရရင် ခံနိုင်ရည်မရှိဘဲ လက်လျှော့ဖို့လွယ်ကူနေပါလိမ့်မယ်။ ဒီတော့ ဘဝရဲ့လက်ရှိအခိုက်အတန့်လေးတွေကို အကောင်းဆုံးခံစားလိုက်ပါ။ အဆိုးဆုံးကို မျှော်လင့်ပြီး လက်ရှိဘဝရဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားရင်း ဘဝခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေရှင်။

မှတ်သားစရာ ဘဝသင်ခန်းစာလေးကို မျှဝေဖို့ SHARE လိုက်ပါ။