အကြွေပန်းတစ်ပွင့်၏ ငိုရှိုက်သံမှသိလိုက်ရသော ဆင်ခြင်စရာ သင်္ကြန်ဇာတ်လမ်းလေးတစ်ပုဒ်

blank

ပျံ့လွင့်လာတဲ့ သင်္ကြန်သီချင်းသံကိုကြားပြီး ကျွန်မရင်ထဲအောင့်သွားမိတယ်။ ကျွန်မအတွက်တော့ သင်္ကြန်လေညှင်းလေးတွေဟာ ရင်ထဲဖြတ်တိုက်သွားတဲ့ မုန်တိုင်းတစ်စင်းနဲ့တူနေပါတယ်။ အများကစောင့်မျှော်နေတဲ့ သင်္ကြန်က ကျွန်မအတွက်တော့ နာကျည်းစရာ ပုံရိပ်တစ်ခုဖြစ်ခဲ့တာကြောင့် သင်္ကြန်ကိုမမျှော်မိတာကြာခဲ့ပါပြီ။

တကယ်တော့ သင်္ကြန်ကိုကျွန်မမမုန်းပါဘူး။ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးပေးတတ်တဲ့၊ ပိတောက်ဝါဝါလေးတွေနဲ့ လှချင်တိုင်းလှနေတဲ့ သင်္ကြန်ကို ကျွန်မသိပ်ချစ်တာပေါ့။ ငယ်ငယ်ကတည်းက သင်္ကြန်ရောက်တိုင်းရေခွက်လေးကိုင်ပြီး လမ်းထဲမှာရေကစားရင်း ပျော်နေတတ်တဲ့ ကျွန်မလည်း သင်္ကြန်ကို သိပ်ချစ်တတ်တာပေါ့။ ဒါပေမယ့် ကျွန်မသိပ်ချစ်တဲ့ သင်္ကြန်ကို ကျွန်မအတွက် အကျည်းတန်စရာဖြစ်အောင် လူတစ်ယောက်ကဖန်တီးခဲ့ပါတယ်။

အဲဒီနှစ်က ကျွန်မ တက္ကသိုလ်ပထမနှစ်။ သူငယ်ချင်းတွေ အဖော်စပ်တာကြောင့် သင်္ကြန်မှာမဏ္ဍပ်ထိုင်ဖို့ မိဘတွေကို အတင်းပူဆာခဲ့ပါတယ်။ မိဘတွေရဲ့ အမှာစကားတစ်သီကြီးကို စိတ်ထဲမှာ ဘဝင်မကျဘဲနားထောင်ခဲ့ရပြီး မဏ္ဍပ်မှာရေကစားဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။ အမေမှာခဲ့တဲ့ “သူငယ်ချင်းတွေနဲ့ အုပ်စုမကွဲစေနဲ့” တို့၊ “သူများတိုက်တဲ့ အအေးတွေ၊မုန့်တွေမစားနဲ့” ဆိုတဲ့စကားတွေကိုလည်း မမှတ်မိလောက်အောင် ကျွန်မစိတ်လွှတ်ကိုယ်လွှတ် ပျော်ရွှင်နေခဲ့တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတို့မဏ္ဍပ်ကို စရောက်တော့ ရူပါခန့်သန့်သန့်အကိုကြီးတစ်ယောက်က ကျွန်မကို “ရေလောင်းမယ်နော်”လို့ တိုးတိုးလျလျခွင့်တောင်းပြီး ရေလောင်းပြီးတဲ့နောက်မှာတော့ ထောင့်လေးကနေကျွန်မကို လက်ပိုက်ပြီးကြည့်နေခဲ့တယ်။ သူရဲ့အကြည့်တွေက ဒီမဏ္ဍပ်တစ်ခုလုံးမှာ ကျွန်မတစ်ယောက်တည်းရှိသလို ရွှန်းရွှန်းစားစားနဲ့။ နေ့လည်ထမင်းစားချိန်ရောက်တော့ ရဲရဲတင်းတင်းပဲ ကျွန်မနဲ့ လာရောတော့တာပါပဲ။ ပိုင်စိုးပိုင်နင်းနဲ့ ကျွန်မကို သူ့မိုးကာအင်္ကျီခြုံပေး၊ ခေါင်းကိုတဘတ်နဲ့သုတ်ပေးနဲ့။ သူ့အပြုအမူတွေကို ကျွန်မမငြင်းနိုင်လောက်အောင်ကို သာယာနေခဲ့တယ်လေ။ မြူးကြွတဲ့တေးသံနဲ့အပြိုင် ကျွန်မရင်တွေတဒိုင်းဒိုင်းခုန်နေခဲ့တယ်။ သူငယ်ချင်းတွေဘယ်နားရှိလဲဆိုတာလည်း ကျွန်မမသိတော့ပါဘူး။

တစ်ခဏလောက်နေတော့ သူကျွေးတဲ့ ပီကေဝါးပြီးချိန်မှာဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ကျွန်မဘာမှ မမှတ်မိခဲ့ပါဘူး။ ကျွန်မသူငယ်ချင်းတွေနဲ့ မိဘတွေပြောပြမှပဲ အရာအားလုံးကိုသိခဲ့ရပါတယ်။ ကျွန်မက သူငယ်ချင်းတွေကို ဘာမှမပြောဘဲ ပျောက်သွားခဲ့တယ်တဲ့။ သူငယ်ချင်းတွေက ရှာမရတဲ့အဆုံး အိမ်ပြန်သွားပြီအထင်နဲ့ ကျွန်မအိမ်ဖုန်းကိုလှမ်းဆက်ကြည့်တော့လည်း အိမ်ကိုမရောက်သေးတာကြောင့် ကျွန်မမိဘတွေက ပိုက်စိပ်တိုက်ရှာခဲ့ပေမယ့် ကျွန်မကိုဘယ်လိုမှ ရှာမရဖြစ်ခဲ့ကြတယ်။

နောက်တစ်နေ့မှာတော့ တည်းခိုခန်းတစ်ခုမှာ ကျွန်မကိုပြန်တွေ့ခဲ့တဲ့အကြောင်း ပြောပြခဲ့ကြပါတယ်။ ကျွန်မ ဘာမှ မမှတ်မိတော့ပေမယ့် ကျွန်မဘဝ နဂိုကအတိုင်း မဖြစ်တော့ဘူးဆိုတာတော့ သေချာသိခဲ့ရပါတယ်။ ကျွန်မကို ခေါ်သွားခဲ့တဲ့လူက ကျွန်မကိုလိင်စိတ်နှိုးဆွစေတဲ့ ဆေးတွေတိုက်ကျွေးခဲ့ပြီး၊ ကျွန်မဘဝကို ကိုယ်တိုင်အသုံးတော်ခံခဲ့ရုံမကဘဲ တခြားယောက်ျားတွေဆီကိုပါ ရောင်းချခဲ့ပါတယ်။ သူတို့တွေစိတ်ကြိုက်ဖျက်ဆီးပြီးတော့မှ ကျွန်မကို တည်းခိုခန်းမှာ သတိမေ့လျက်သားပစ်ထားခဲ့ပါတယ်။ တည်းခိုခန်းပိုင်ရှင်က ရဲစခန်းကို အကြောင်းကြားခဲ့လို့ ကျွန်မမိဘတွေ ကျွန်မကိုပြန်တွေ့ခဲ့ရတာပါ။

ကျွန်မနဲ့ထပ်တူကြေကွဲနေခဲ့တဲ့ မိသားစုနဲ့သူငယ်ချင်းတွေကိုကြည့်ရင်း ကျွန်မနောင်တတွေတစ်လှေကြီးရခဲ့တယ်။ ကျွန်မမိဘတွေကတော့ ကျွန်မအသက်မသေတာကိုပဲ ကံကောင်းမှုတစ်ရပ်အဖြစ်မြင်ခဲ့ကြပါတယ်။ ဆယ်ကျော်သက်အရွယ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မထိန်းသိမ်းနိုင်တဲ့အခါ၊ ဗဟုသုတမပြည့်စုံသေးတဲ့အချိန်မှာ မိဘတွေရဲ့ဆုံးမစကားတွေကို လျစ်လျူရှုမိသွားတဲ့အခါ ဘဝအတွက် တစ်သက်မမေ့နိုင်စရာ စိတ်ဒဏ်ရာတွေကို ကျွန်မရခဲ့ရတယ်။

ကျွန်မဘဝနဲ့ရင်းပြီး ရခဲ့တဲ့ဘဝသင်ခန်းစာကို အရှက်သည်းပြီးလျှို့ဝှက်စွာထားခဲ့ရင် တခြားမိန်းကလေးတွေဟာလည်း ကျွန်မလိုလိမ်ညာခံနေရဦးမှာ မလွဲပါပဲ။ ကျွန်မတို့လို အလိမ်ညာခံခဲ့ရသူတွေက ဖွင့်ဟမပြောဘဲထားလေလေ လိင်မုဆိုးတွေအတွက် လိမ်ညာဖို့လွယ်ကူလေလေမဟုတ်ဘူးလား။

ကျွန်မနဲ့ဆုံတွေ့လာတဲ့ မိန်းကလေးတိုင်းကို အခွင့်အခါသင့်တိုင်း ကျွန်မ ဒီအကြောင်းကိုပြောပြဖြစ်ပါတယ်။ သင်္ကြန်ကို အသိတရား၊ သတိတရားလက်မလွှတ်ဘဲ ပျော်ကြဖို့လည်း သတိပေးဖြစ်ပါတယ်။ သင်္ကြန်ရဲ့လှပမှုတွေကို တလွဲသုံးနေတဲ့ မသမာသူတွေများစွာရှိနေတယ်ဆိုတာကို အသိပညာနုနယ်သေးတဲ့မိန်းကလေးတွေ၊ စိတ်လွတ်ကိုယ်လွတ်ပျော်တတ်တဲ့ ညီမလေးတွေကိုအားလုံးကို သိစေချင်ပါတယ်။ ဒါမှသာ လှပတဲ့သင်္ကြန်မှာ လှပတဲ့အမှတ်တရတွေ ကြုံတွေ့ရပြီး တွေးမိတိုင်းပြုံးရတဲ့ အတိတ်လေးတွေကို ချန်ထားခဲ့နိုင်မှာ မဟုတ်ဘူးလားရှင်။ အားလုံးအတွက်ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။