အမှားတစ်ခုကြောင့် ချစ်သူတစ်ယောက်ကို ဆုံးရှုံးခဲ့ရသူတစ်ဦး၏ရင်ဖွင့်စကား။

blank

သင်္ကြန်ရောက်ပြန်ပြီ…။ ကျွန်တော်မပျော်နိုင်ဘူးဗျာ…။

ကျွန်တော်မှမဟုတ်ဘူး။ ကျွန်တော့် မိသားစု။ ကျွန်တော့် သူငယ်ချင်းတွေ အားလုံးဘယ်သူမှမပျော်နိုင်ကြဘူး ဗျာ။ လူတွေအားလုံး မြူးကြွပျော်ရွှင်နေတဲ့ သင်္ကြန်မှာ ကျွန်တော်နဲ့ပတ်သတ်တဲ့လူတွေ တစ်ယောက်မှမပျော်နိုင်တော့တာ ဒီနှစ်နဲ့ဆို သုံးနှစ်သုံးမိုးရှိခဲ့ပါပြီ။

လမ်းထိပ်က ကျွန်တော်တို့အုပ်စု ရေကစားနေကျ အုန်းလက်ရေကစားမဏ္ဍပ်အသေးစားလေးလည်း ပျောက်နေခဲ့တာသုံးနှစ်ရှိခဲ့ပါပြီ။ လော်စပီကာအကျယ်ကြီးဖွင့်ပြီး ကဲနေတတ်ကြတဲ့ ကျွန်တော်တို့အုပ်စုကို အားလုံးက လွမ်းနေကြတာလည်း သုံးနှစ်ရှိခဲ့ပါပြီ။

“သင်္ကြန်” ဆိုတဲ့အသံကြားတာနဲ့ ကျွန်တော်အိမ်ထဲမှာ အောင်းနေမိတယ်။ တကယ်တော့ ကျွန်တော်အိမ်ထဲအောင်းနေရတာက နေ့တိုင်းပါ။ ကျွန်တော့်မှာ သူများတွေလို သွားလာလှုပ်ရှားစရာ ခြေထောက်တွေမှ မရှိတော့တာ။ ကျွန်တော့်ရဲ့မိုက်မဲမှုကြောင့် ကျွန်တော်ရပ်တည်စရာခြေထောက်တွေ မဲ့ခဲ့ရသလို ကျွန်တော်လက်တွဲစရာ ကျွန်တော့်ချစ်သူကိုလည်း ကျွန်တော်ဆုံးရှုံးခဲ့ရတယ်လေ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပါးဖောင်းဖောင်းဖြူဖြူလေးနဲ့သူမ။

ကလေးလေးလို ချစ်စရာကောင်းတဲ့သူမ။

အမြဲပြုံးနေပြီး ညာဖက်ပါးပေါ်မှာ ပါးချိုင့်လေးနဲ့သူမ။

ချစ်သက်တမ်း ငါးနှစ်မှာ စိတ်ဆိုးစိတ်ကောက်တာကလွဲပြီး ပြဿနာကြီးကြီးမားမားမရှိခဲ့လောက်အောင် သဘောထားကြီးတဲ့သူမ။

သူမကိုလောကကြီးထဲကနေ အပြီးသတ်ထွက်ခွာသွားအောင် လုပ်ခဲ့တာက ဘယ်နတ်ဆိုးမှမဟုတ်ခဲ့။ သူမသိပ်ကိုယုံကြည်ပြီးချစ်မြတ်နိုးခဲ့တဲ့ သူမရဲ့ချစ်သူ ကျွန်တော်ကိုယ်တိုင်ဖြစ်နေခဲ့တယ်။

အဲဒီနေ့က လူတွေရှုပ်တဲ့ မြို့ထဲကိုမသွားဘဲ လမ်းထိပ်က ရေကစားမဏ္ဍပ်လေးမှာပဲ ရေကစားချင်တယ်လို့ပြောခဲ့တဲ့ သူမစကားကိုသာ ကျွန်တော်နားထောင်ခဲ့ရင်…

သူမ မစီးချင်ခဲ့တဲ့ အိတ်ဇောပိုက်တွေဖြုတ်ထားတဲ့ အသံကျယ်ကျယ်ဆိုင်ကယ်ကြီးကိုသာ ကျွန်တော်မစီးခဲ့ဘူးဆိုရင်…

သူမ အတန်တန်တားခဲ့တဲ့ကြားက သူမမကြိုက်တဲ့ အရက်ကိုသာ ကျွန်တော်မသောက်ခဲ့ဘူးဆိုရင်…

သူမက “ဖြည်းဖြည်းမောင်းပါ”လို့ ပြောနေခဲ့တဲ့ကြားက ဆိုင်ကယ်ကို အရှိန်ကုန်သာ မမောင်းခဲ့ဘူးဆိုရင်…

“အနောက်က ကားလာနေတယ်” လို့သူမရဲ့တစာစာအော်သံလေးကိုသာ ကျွန်တော်ကြားခဲ့မယ်ဆိုရင်…

အဲဒီနေ့က ကျွန်တော်တို့ အဲ့ဒီအဖြစ်ဆိုးကြီးကို ကြုံခဲ့ကြမှာ မဟုတ်ပါဘူး။ အသားကုန်မောင်းနေတဲ့ဆိုင်ကယ်နဲ့ အရှိန်ကုန်မောင်းနှင်လာခဲ့တဲ့ကား တိုက်မိတဲ့အခါ၊ အရက်ရှိန်ကြောင့် မဆင်ခြင်နိုင်တော့တဲ့အခါ၊ အပြစ်မဲ့တဲ့ သူမသေဆုံးခဲ့ရပါတယ်။

သင်္ကြန်ဆင်နွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်ရွေးချယ်ခဲ့တဲ့နည်းလမ်းက မှားနေခဲ့တဲ့အခါ ကျွန်တော်သာမက ကျွန်တော့်ဘေးပတ်ဝန်းကျင်က လူတိုင်းအတွက် နာကျင်စရာတွေကြုံတွေ့ခဲ့ရပါတယ်။

လမ်းထိပ်က စတုဒီတာမဏ္ဍပ်မှာ ကလေးတွေနဲ့အတူ မုန့်လုံးတွေလုံးရင်းပျော်နေတတ်တဲ့သူမ၊

သက်ကြီးဝါကြီးတွေကို ရေချိုးသန့်စင်ပေးရင်း ပြုံးနေတတ်တဲ့သူမ၊

ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်တွေပို့ပြီး ပီတိဖြာနေတတ်တဲ့သူမဟာ ကျွန်တော့်ရဲ့ စည်းကမ်းမဲ့လုပ်ရပ်လေးတစ်ခုတည်းနဲ့ လောကထဲကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့ရပါတယ်။

အခု သူမမရှိတော့ ဒုက္ခိတဘဝနဲ့အတူ နောင်တတွေတပွေ့ကြီးနဲ့ ကျွန်တော်ပဲကျန်ခဲ့ပါတယ်။ မိုက်ရူးရဲဆန်ပြီး စည်းကမ်းမဲ့တဲ့လုပ်ရပ်တွေကြောင့် တန်ဖိုးကြီးတဲ့ ဘဝတွေဘယ်လောက်များကြွေကျပျက်စီးခဲ့ရလဲဆိုတဲ့ အတွေးတွေနဲ့ အခန်းကျဉ်းလေးမှာ နေ့တိုင်းတွေးရင်း အဓိပ္ပါယ်မဲ့စွာကုန်ဆုံးနေရတယ်။

မကြာခင် သင်္ကြန်ရောက်တော့မယ်။

ကျွန်တော်တိုးတိုးလေး ဆန္ဒပြုမိပါတယ်။ လူတိုင်းစည်းကမ်းရှိရှိနဲ့ ဘေးကင်းစွာပျော်နိုင်ကြပါစေလို့ပေါ့။ ကိုယ်ချစ်ရသူတွေအတွက်၊ ကိုယ့်အတွက်နောင်တတွေမသယ်ဆောင်ပေးတဲ့ တောက်ပပျော်ရွှင်တဲ့ သင်္ကြန်ကိုအားလုံးပိုင်ဆိုင်နိုင်ကြပါစေ ဗျာ။