မိုးသည်းတဲ့နေ့က ယူဆောင်လာတဲ့ ခြောက်ခြားစရာဇာတ်လမ်းလေးတစ်ပုဒ်

blank

အဲဒီနေ့က မိုးတွေရွာနေခဲ့တယ်။

ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ကျွန်မ မိုးခိုလို့ရမယ့်နေရာလေး ရလိုရငြားလိုက်ရှာတော့ အဆောက်အအုံတစ်ခုအောက်မှာ ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုတွေ့တယ်။ “ဒီကော်ဖီဆိုင်မှာ ဘာလို့များ လူရှင်းနေတာပါလိမ့်။” အတွေးတွေများစွာနဲ့ ပျာယီးပျာယာ ဆိုင်ထဲဝင်သွားတော့ ဘီယာထိုင်သောက်နေကြတဲ့ နိုင်ငံခြားသားစုံတွဲတစ်တွဲကိုတွေ့တယ်။

ကျွန်မလည်းခပ်တည်တည်နဲ့ ခုံတစ်ခုံမှာထိုင်နေလိုက်တယ်။ အဲဒီအချိန်မှာ ပန်ချာပီအဘိုးအိုတစ်ယောက်ရောက်လာပြီး “ဘာသုံးဆောင်မလဲ” လို့ ပျူပျူငှာငှာနဲ့လာမေးတယ်။ ကျွန်မလည်း ဘာမှာရမှန်းမသိတာနဲ့ ကော်ဖီတစ်ခွက်မှာလိုက်တယ်။ ကျဲတောက်ပြီး ဘာအရသာမှန်းမသိ၊ တစ်စက်မှသောက်လို့မကောင်းတဲ့ကော်ဖီကို ကျိတ်မှိတ်ပြီးသောက်ရင်း မိုးစဲတာကိုစောင့်နေမိခဲ့တယ်။

တစ်ခဏလောက်နေတော့ ဘယ်ကပေါ်လာမှန်းမသိတဲ့ကလေးတစ်ယောက် ဆိုင်ထဲကို အပြေးအလွှားဝင်လာခဲ့တယ်။ သူ့လက်ထဲမှာ အိတ်တစ်လုံးကိုကိုင်ထားပြီး တစ်ကိုယ်လုံးမှာလည်း သွေးတွေအလိမ်းလိမ်းနဲ့ နီရဲနေခဲ့တယ်။ ကျွန်မက ကြောက်ရွံ့ထိတ်လန့်နေသလောက် ဆိုင်ထဲကတခြားလူတွေကတော့ အေးဆေးတည်ငြိမ်လို့။ နိုင်ငံခြားသားစုံတွဲက အမြည်းတောင် လှမ်းမှာနေလိုက်သေးတယ်။ ဤဆောင်းပါးကိုဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကလေးက “အဘိုး၊ ဒီနေ့ သားသိပ်အဆင်မပြေခဲ့ဘူး။ ဗလကောင်းကောင်းနဲ့ လူကြီးလွတ်သွားတယ်။ အဲဒီလူကြီးကို မိမယ်ထင်ပြီး တော်တော်တွက်ခြေကိုက်တော့မယ်ထင်နေတာ အဘိုးရ။” လို့ပြောတော့ ကျွန်မသွေးပျက်မတတ် ကြောက်သွားမိတယ်။ ကျွန်မဘယ်လိုမျိုးနေရာကိုများ ရောက်နေတာလဲ။ သူတို့ ဘာတွေပြောနေကြတာလဲ။ ကျွန်မ ဘာကိုမှ နားမလည်နိုင်တော့ပါဘူး။

အားကိုးတကြီးနဲ့ နိုင်ငံခြားသားတွေကိုကြည့်မိတော့ သူတို့က ဟန်မပျက် ဘီယာသောက်နေခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးက သူ့အမြည်းပန်းကန်ထဲက လက်ညှိုးတစ်ချောင်းကိုယူပြီး တစ်ချက်ကိုက်လိုက်တာတွေ့လိုက်ရတယ်။ ကျွန်မကြောက်လန့်တကြားနဲ့ ခုံပေါ်ခုန်တက်လိုက်တော့ အဘိုးအိုက တဟားဟားအော်ရယ်ရင်း-

“မကြောက်ပါနဲ့ ကလေးမရယ်။ အဘိုးတို့က ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေတာပါ။ အဘိုးရဲ့မြေးက ရွာထိပ်ကနေ ဖြတ်သွားဖြတ်လာလုပ်နေကြတဲ့ လူကြီးတွေရဲ့ လက်လေးတွေဖြတ်ယူလာပေးပြီး အဘိုးက ချက်ပြုတ်ပြီးရောင်းရုံလေးပါ။” လို့အေးဆေးပဲပြောတယ်။ ကျွန်မခုံပေါ်က မြန်မြန်ဆင်းပြီး ထွက်ပြေးမလို့လုပ်တော့ သူက-

“ပြန်တော့မလို့လား။ မင်းသောက်ထားတဲ့ သွေးတွေအတွက် ပိုက်ဆံရှင်းခဲ့ဦးလေ။” လို့ပြောပြီး ကျွန်မသောက်ထားတဲ့ခွက်ကို လက်ညှိုးထိုးပြတယ်။ ကျွန်မအန်ချင်စိတ်တွေ တလိပ်လိပ်တက်လာပြီး ငိုချင်သွားတယ်။ အဲဒီအချိန်မှာ ကလေးလေးက ဆိုင်တံခါးကိုသွားပိတ်လိုက်တယ်။

ကျွန်မပြေးလို့မရတော့ အဘိုးအိုက ကျွန်မအနားကိုကပ်လာပြီး “သောက်ပြီး နားမလည်လုပ်လို့ ဘယ်ရပါ့မလဲ။ ပိုက်ဆံထုတ်။” လို့ အသံကျယ်ကျယ်နဲ့အော်တယ်။

ကျွန်မက တုန်ယင်တဲ့အသံနဲ့ “ဘယ်လောက်လဲ” လို့မေးမိခဲ့တယ်။

“ ၅၂၈ ကျပ်” တဲ့။ တစ်မျိုးကြီးပါလား။ ကျွန်မလည်း တစ်ထောင်တန်တစ်ရွက်ထုတ်ပေးပြီး “ပြန်မအမ်းပါနဲ့တော့” လို့ပြောပြီး ပြေးမလို့်ပြင်တယ်။ သူက ကျွန်မလက်ကိုဆွဲပြီး-

“ဟိတ် ခဏနေဦး။ ဒီဆိုင်က တစ်နှစ်မှာတစ်ခါ၊ တစ်နေရာမှာတစ်ခါပဲ ဖွင့်တဲ့ ရှားရှားပါးပါးဆိုင်လေးဆိုတော့ ဒီဆိုင်မှာလာစားတဲ့လူတွေက မှတ်တမ်းတင်တဲ့အနေနဲ့ လက်မှတ်ထိုးရတယ်။ လက်မှတ်မထိုးရင်တော့ လက်ညှိုးတစ်ချောင်းဖြတ်ပေးခဲ့ရမယ်။” လို့ပြောတယ်။

ကျွန်မကြောက်ကြောက်လန့်လန့်နဲ့ ဘောပင်ကိုထုတ်ပြီး သူထုတ်ပေးတဲ့ စာအုပ်ထဲမှာ လက်မှတ်ထိုးမလို့ပြင်တုန်း သူက “ရက်စွဲတပ်ဖို့မမေ့နဲ့” လို့ပြောတော့ ကျွန်မတစ်ခုခု သတိရမိသွားသလို ခံစားလိုက်ရတယ်။

ကျွန်မအံ့သြနေတုန်းမှာပဲ နိုင်ငံခြားသားဇနီးမောင်နှံနဲ့ ကလေးငယ်ရော၊ အဘိုးအိုပါ တညီတညွတ်တည်းဝိုင်းအော်ကြတယ်။

“April Fool” တဲ့။

ကဲ… ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရော ဒီဇာတ်လမ်းလေးရဲ့ ဘယ်နေရာမှာကတည်းက April Fool လုပ်နေတယ်ဆိုတာကို ရိပ်မိလိုက်ကြတာလဲ။ ဘယ်အချက်လေးတွေက အလိမ်အညာတွေပါဆိုတာကို သိသာစေတယ်ဆိုတာလေးကိုလည်း comment box မှာရေးသားပြီး မျှဝေခဲ့ပါဦး။

အားလုံးကို Happy April Fool လေးပါ။