အခြေအနေပေါ် မမူတည်တဲ့ အနှိုင်းမဲ့ တဲ့ အချစ်ဆိုတာ

blank
Photo Credit: http://fortheonesiveloved.blogspot.co.uk

သိပ်ကို ကြည်နူးစရာ ကောင်းတဲ့ မင်္ဂလာပွဲလေးတစ်ခုပါ။ နှစ်ဖက်မိဘ အသိုင်းအဝိုင်း၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။ အားလုံးရဲ့ မျက်နှာတွေကနေ တစ်ဆင့် သူတို့ရင်ထဲမှာ ရှိနေတဲ့ ကြည်နူးပျော်ရွှင်မှုတွေကို မြင်နေရပါတယ်။

သတို့သမီးက အဖြူရောင် ဝတ်စုံလေးနဲ့ သိပ်ကို ကျက်သရေရှိနေပြီး သတို့သားကတော့ အနက်ရောင် ဝတ်စုံလေးနဲ့ စွဲဆောင်မှု အပြည့်နဲ့ပါ။ ကြည့်ရတာ သိပ်ကို ပနံရတဲ့ စုံတွဲလေးပါပဲ။ မြင်ရတဲ့ သူတိုင်းကလည်း သူတို့မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေတယ်ဆိုတာ အကဲခတ်လို့ရပါတယ်။

လက်ထပ်ပြီး လအနည်းငယ်ကြာတဲ့ အချိန်မှာတော့ အမျိုးသမီးဖြစ်သူက ခင်ပွန်းဖြစ်သူကို “မောင် သိလား၊ ကျွန်မဂ္ဂဇင်းတစ်အုပ်ဖတ်နေတာ အဲဒီထဲမှာ စိတ်ဝင်စားစရာ ခေါင်းစဉ်တစ်ခုတွေ့လိုက်လို့။ အိမ်ထောင်ရေး ရေရှည်ခိုင်မြဲအောင် ဘယ်လို နေထိုင်ကြမလဲတဲ့။” ဒါလေးဖတ်ပြီး ကျွန်မတွေးမိတာက “ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် သဘောမကျတဲ့၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အချက်လေးတွေ ချရေကြည့်ကြမလားလို့။ ပြီးတော့ မောင်နဲ့ ကျွန်မ ဘယ်လိုညှိနှိုင်းနေထိုင်ကြမလဲ ဆိုတာ ပြန်ဆွေးနွေးကြရင်ကောင်းမလားလို့။” ပြောလိုက်ပါတယ်။
ယောက်ျားဖြစ်သူလည်း သူ့ဇနီးဖြစ်သူဆန္ဒအတိုင်း သဘောတူလိုက်ပြီး တစ်ယောက်တစ်ခန်းစီ ဝင်သွားပြီး တစ်နေ့လုံး တစ်ယောက်အပေါ်တစ်ယောက် သဘောမကျတဲ့ အချက်လေးတွေ စဉ်းစားနေကြပါတော့တယ်။

နောက်နေ့မနက်ရောက်တဲ့အခါ မနက်စာစားရင်း အဲဒီအကြောင်း ပြန်ပြောဖြစ်ကြတယ်။ အမျိုးသမီးဖြစ်သူက “ကျွန်မ အရင်ပြောမယ်နော် မောင်” လို့ ပြောရင်း သူမ ပြုစုထားတဲ့ စာရွက်တွေ ထုတ်လိုက်တယ်။ (၃) မျက်နှာလောက်ရှိမယ်ထင်တယ်။ သူမ ပြုစုထားတဲ့ စာရင်းတွေကို ဖတ်ပြနေချိန်မှာ ယောက်ျားဖြစ်သူရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ စီးကျနေတာကို သတိထားမိလိုက်တယ်။ ဒါနဲ့ “ဘာဖြစ်လို့လဲ မောင်ရဲ့။ ကျွန်မဘာမှားလို့လဲဟင်”ဆိုပြီး ပြာပြာသလဲ မေးလိုက်တယ်။

အဲဒီမှာ ယောက်ျားဖြစ်သူကလည်း “ဘာမှ မဖြစ်ပါဘူး။ ပြီးအောင်သာ ဖတ်ပါ”
ဆိုပြီး ပြောလိုက်တယ်။ ဒီလိုနဲ့ အမျိုးသမီးလည်း သူမရေးထားတဲ့ အချက်တွေ ဆက်ဖတ်လိုက်တော့တယ်။

ပြီးသွားတဲ့ အခါမှာတော့ စာရွက်လေးတွေကို စားပွဲပေါ် စနစ်တကျ တင်လိုက်ရင်း “ကဲ ဒီတစ်ခါ မောင့်အလှည့်။ ဖတ်ပြတော့။ ပြီးသွားမှ ကျွန်မတို့ ပြန်ဆွေးနွေးကြတာပေါ့။” ဆိုပြီး တက်တက်ကြွကြွ ပြောလိုက်တယ်။

ယောက်ျားဖြစ်သူက “ကိုယ်ကတော့ ထွေထွေထူးထူးသိပ်ပြောစရာမရှိပါဘူး။ မင်းမှာရှိတဲ့ အရာတွေအားလုံးကို မြတ်နိုးတယ်။ မင်းငါ့အတွက် သီးသန့်ကြီး ပြောင်းလဲစရာ မလိုပါဘူး။ မင်းရဲ့ အရှိကိုအရှိအတိုင်းလေးပဲ ကိုယ်တစ်သက်လုံး မြတ်နိုးသွားမှာပါ။” ဆိုပြောလိုက်တဲ့ အချိန်မှာတော့ အမျိုသမီးဖြစ်သူဟာ သူ့ခင်ပွန်းရဲ့ သူမအပေါ်ထားရှိတဲ့ နက်နဲတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ကြည်နူးလွန်းလို့ မျက်ရည်တွေ တစ်သောသော ကျလာပါတော့တယ်။ မျက်ရည်တွေကို သုတ်ပေးရင်း တစ်ယောက်ကိုတစ်ယောက် ကြည်နူးပျော်ရွှင်စွာ ကြည့်နေကြတဲ့ မျက်ဝန်းတွေက       “တစ်သက်လုံး ပျော်ရွှင်စွာ ပေါင်းဖက်သွားမယ်”
ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်နေပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကဲ သဘောကျ နှစ်သက်ခဲ့မယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း Share ပေးလိုက်အုံးနော်။