မနိုင်းနိုင်းစနေနှင့် ၅ မိနစ် အမေးဖြေ

blank

နယ်ပယ်အသီးသီးမှာ ကြိုးစားရုံးကန်နေကြတဲ့ ခေတ်မြန်မာအမျိုးသမီးငယ်လေတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူလေးများရဲ့ “5-Minute Biography of Successful Women” ကို ဂန္တဝင်မဂ္ဂဇင်းအနေနဲ့ တင်ဆက်လိုက်ပါတယ်။

အအခုအပတ်မှာတော့ မြန်မာ့စာပေလောကမှာ လူဖတ်များပြီး အရေးအသား အင်မတန်ကောင်းတဲ့ မနိုင်းနိုင်းစနေ (Nine Nine Sanay) ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မနိုင်းနိုင်းရဲ့အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။
၁။ မနိုင်းနိုင်းစနေရဲ့ အကြောင်းအနည်းငယ်သိပါရစေ။

တောင်ကြီးဇာတိပါ။ တောင်ကြီးမှာကြီးပြီး တောင်ကြီးမှာပဲ ကျောင်းပြီးခဲ့ပါတယ်။ အခုလောလောဆယ် နယူးယောက်မှာနေပါတယ်။

၂။ မနိုင်းနိုင်းစနေ အားလပ်ချိန်မှာ လုပ်လေ့ရှိတဲ့ ဝါဒနာလေးတွေ Share ပေးပါအုံး။အားလပ်ချိန်မှာ စာဖတ်၊ စာရေးပါတယ်။ တစ်ခါတလေ ကိုယ်စားချင်တဲ့ အစားအစာတွေကို လုပ်စားပါတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။ အလုပ်ပိတ်ရက်ရှည်ရရင်တော့ ခရီးနီးလေးသွားဖြစ်ပါတယ်။

၃။ စာပေလောကထဲကို ဘယ်နှစ်ခုနှစ်က စတင်ပြီး ၀င်ရောက်ခဲ့တာလဲ။ ဘယ်လို ပုံစံနဲ့ ဝင်ရောက်ခဲ့ပါသလဲ။

၂ဝဝ၆ လောက်ကပါ။ ဒီလောကထဲ ဝင်လာတာမျိုးတော့ မဟုတ်ပါဘူး။ စစချင်းမှာ ကိုယ်ဖတ်မိတဲ့စာကောင်းတွေကို ဘာသာစကားအခက်အခဲရှိတဲ့ သူငယ်ချင်းတွေနဲ့အတူ မျှဝေမယ်ဆိုတဲ့စိတ်နဲ့ ဘာသာပြန်တွေစရေးခဲ့ပါတယ်။ အဲဒီတုန်းက အီးမေးလ်ကနေတဆင့် ပေးပို့မျှဝေခဲ့ပါတယ်။ နောက်ပိုင်း မြန်မာဘလော့တွေပေါ်လာတော့ ကိုယ်ပိုင်ဘလော့တစ်ခုလုပ်ပြီး အင်တာနက်ပေါ်မှာပဲ စာတွေရေးဖြစ်ခဲ့ပါတယ်။ ၂ဝ၁ဝခုနှစ်ကျမှ ထုတ်ဝေသူတစ်ဦးနဲ့သိခဲ့ပြီး ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဖြစ်ခဲ့ပါတယ်။

၎။ နိုင်းနိုင်းစနေဆိုတဲ့ နံမည်လေးကို ဘယ်လို ရွေးပြီး မှည့်ခဲ့တာလဲ။ အဓိပ္ပါယ်လေး ပြောပြအုံး။

စနေသမီးမို့ပါ။ ထွေထွေထူးထူးတော့မရှိပါဘူး။ အမေဆုံးတာ ၁၉၉၉ခုနှစ်၊ ၉၉ဆိုတာ အစဉ်အမြဲဆိုတဲ့အဓိပ္ပာယ်မို့ နိုင်းနိုင်းစနေဆိုတဲ့နာမည်ကို သုံးခဲ့တာပါ။

၅။ မနိုင်းနိုင်းစနေ စာရေးတဲ့ အပြင် တခြားဘာအလုပ်တွေ လုပ်သေးလဲ။

စားဝတ်နေရေးအတွက် စတားဟိုတယ်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ စာရေးတာက ဝါသနာအရပါ။ ဒါကြောင့် အလုပ်အားလပ်ချိန်လောက်မှာပဲ စာရေးဖြစ်ပါတယ်။

၆။ မနိုင်းနိုင်းစနေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေရဲ့ အခြေနေ အားရကျေနပ်ရဲ့လား။ ဘယ်အပိုင်းတွေ ပိုပြီး    အားဖြည့်စေချင်လဲ။

မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေက တခြားနိုင်ငံက လူငယ်တွေလိုပါပဲ.. တိုးတက်လိုစိတ်၊ စူးစမ်းလိုစိတ်၊ အောင်မြင်လိုစိတ်ရှိကြတယ်။ အခွင့်အလမ်းတချို့ ဆုံးရှုံးနေတာရယ်၊ ငွေကြေးမလုံလောက်မှုကြောင့်ရယ်၊ အခက်အခဲတချို့ရယ်ကြောင့် ကိုယ့်အစွမ်းအစ၊ ကိုယ့်အရည်အချင်းကို ထုတ်ဖော်မပြနိုင်သေးတဲ့လူငယ်တွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကိုထက်အောင်တော့ အမြဲသွေးထားပါ။ တိုးတက်အောင်မြင်လိုစိတ်ရှိရင် အဲဒီနေ့ရက်က ကိုယ့်ဆီအရောက်လာလိမ့်မယ်လို့ပဲ အားပေးချင်ပါတယ်။

၇။ မနိုင်းနိုင်းစနေရဲ့ စာအုပ်တွေကို လူငယ်တွေ အဖတ်များတာ တွေ့ရတယ်။
ထို့အတူဘဲ မနိုင်းနိုင်းစနေ အနေနဲ့ တခြားဘယ်စာရေးဆရာတွေရဲ့ စာအုပ်တွေကို
လူငယ်တွေ ဖတ်သင့်တယ်လို့ ထင်လဲ။ အမအနေနဲ့ကော ဘယ်လို စာအုပ်မျိုးတွေ
ဖတ်လဲ။

ဘယ်လိုစာအုပ်မျိုးပဲဖတ်ဖတ် ရသ၊ သုတ ခံစားချက်တစ်ခုခုတော့ ပေးစွမ်းနိုင်ပါတယ်။ ဘယ်လိုစာမျိုးကိုပဲ တစ်စိုက်မတ်မတ်ဖတ်ရမယ်ဆိုတာ မရှိပါဘူး။ ဆေးစားသလိုပဲပေါ့.. လိုအပ်ရင် လိုအပ်သလို တစ်ခါလေ အားဆေးလည်းစားရတယ်၊ တစ်ခါတလေ ဝမ်းနုတ်ဆေးလည်းစားရတယ်၊ ခေါင်းကိုက်ပျောက်ဆေးလည်း စားရတယ်.. အဲဒီလိုပေါ့။ ဒါပေမယ့် ကိုယ်က အချိန်နဲ့ ငွေကြေးကိုရင်းနှီးရတာမို့ ကိုယ့်အတွက်အကျိုးရှိနိုင်မယ့်စာတွေကို ရွေးချယ်ဖတ်တတ်ဖို့တော့ လိုတာပေါ့။ ချစ်ကြိုက်ညားကွဲဆိုတဲ့ စာအုပ်မျိုးကလွဲရင် ဘာစာအုပ်မျိုးဖြစ်ဖြစ် ကျွန်မဖတ်ပါတယ်။
၈။ စာရေးဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဘယ်လို အကြံဥာဏ်တွေကို ပေးချင်ပါသလဲ။

စာရေးတာကောင်းတယ်လို့ ကျွန်မထင်တယ်။ စာရေးဖို့ ကိုယ်တိုင်လည်း ဗဟုသုတ၊ အသိပညာ၊ စိတ်နေသဘောထားတွေရှိရတယ်။ တခြားလူကို စာပေကနေတဆင့် ဗဟုသုတတွေမျှဝေချင်တဲ့အခါ ကိုယ်တိုင်ဗဟုသုတတိုးအောင် စာတွေလိုက်ဖတ်ရတယ်။ စာတွေပိုဖတ်ဖြစ်တယ်ဆိုပါတော့။ တချို့လာမေးကြပါတယ်။ စာရေးတာဝါသနာပါတယ် ဘယ်လိုလုပ်ရမလဲ၊ ကိုယ်ရေးထားတဲ့စာ လူအဖတ်များအောင် ဘယ်လိုလုပ်ရမလဲ၊ အောင်မြင်တဲ့စာရေးဆရာဖြစ်ချင်တယ် ဘယ်လိုလုပ်ရမလဲပေါ့။ ကျွန်မလည်း စာရေးဖို့ကို ထဲထဲဝင်ဝင်လေ့လာထားသူတစ်ယောက် မဟုတ်ပါဘူး။ အော်.. ကိုယ်ဖတ်မိတာ၊ ကိုယ်သိတာကို တခြားလူနဲ့မျှဝေမယ်ဆိုတဲ့စိတ်နဲ့ပဲ စာရေးခဲ့တာ။ အများသတ်မှတ်တဲ့ “စာရေးဆရာ”ဖြစ်ဖို့လို့လည်း စိတ်ကူးမရှိခဲ့ဖူးဘူး။ ဒီလိုပဲ ဝါသနာကိုအရင်းခံပြီး စာတွေကို တစ်စိုက်မတ်မတ်ရေးဖြစ်ခဲ့တယ်။ လာဖတ်တဲ့သူရှိရှိ မရှိရှိ မပျက်မကွက်ရေးခဲ့တယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်မို့ စာရေးနေရရင် စိတ်ချမ်းသာတယ်။ အောင်မြင်နိုင်တာ မအောင်မြင်နိုင်တာကို ခဏလောက်ဘေးဖယ်ထားပေါ့။ အဓိက,က ကိုယ်ဝါသနာပါတာကို လုပ်နေရချိန်မှာ ကိုယ့်စိတ်ချမ်းသာတယ်၊ ပျော်တယ်ဆိုရပြီပေါ့။ တချို့က အဲဒီလိုမဟုတ်ဘူး.. စာရေးမယ်မကြံသေးဘူး.. အောင်မြင်ချင်တယ်၊ လူသိစေချင်တယ်။ တစ်ခါတစ်ခါ သူတို့စာရေးချင်တယ်ဆိုတာဟာ အောင်မြင်ချင် လူသိချင်ရုံသက်သကလားလို့ ကျွန်မတွေးမိတယ်။ အောင်မြင်ကျော်ကြားချင်တယ်ဆိုရင် စာမရေးပါနဲ့ တခြားအလုပ်ပဲလုပ်ပါလို့ပဲ ပြောချင်ပါတယ်။ ကိုယ်ဝါသနာပါရာကို ဇွဲလုံ့လရှိရှိလုပ်ပါ။ အောင်မြင်မှုက သူ့အလိုလိုရောက်လာပါလိမ့်မယ်လို့။

၉။ မနိုင်းနိုင်းစနေရဲ့ ပို့စ်တွေအောက်မှာ ရေးတဲ့ လူအများရဲ့ထင်မြင်ယူဆချက် အပြောတွေကိုကော ဖတ်ဖြစ်လား။ positive feedbacks တွေကို handle လုပ်ရတာ လွယ်ကူပေမယ့် negative feedbacks တွေကို ဘယ်လို တုန့်ပြန်လေ့ရှိလဲ။

ပို့စ်အောက်က ကော်မန့်တွေအားလုံးကို ဖတ်ဖြစ်ပါတယ်။ စာတစ်ပုဒ်ဖတ်တာချင်းအတူတူ စာဖတ်သူမှာ မတူတဲ့ခံစားချက်၊ မတူတဲ့အတွေးအမြင်တွေ ရှိတတ်တာမို့ ကျွန်မပေးချင်တဲ့မက်ဆေ့နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ကော်မန့်တွေအပေါ် အထူးတလည် တုန့်ပြန်တာမျိုးမရှိပါဘူး။ ကိုယ့်ဖက်ကကြည့်တော့ လက်ဖဝါး၊ သူ့ဖက်ကကြည့်တော့ လက်ဖမိုးဆိုသလိုပေါ့။ သူတို့ဆီကနေ ကိုယ်မသိလိုက်တဲ့ မတူတဲ့အတွေးအမြင်တွေကို ထပ်ဆင့်ဖတ်ရတာပေါ့။ စာနဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေ၊ ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတဲ့ ကော်မန့်တွေဆိုရင်တော့ ကော်မန့်ကိုဖျက်ပြီး ရေးတဲ့လူကိုပါ ကျွန်မ blocked ပါတယ်။ အကျိုးအကြောင်းမရှိ ရိုင်းစိုင်းတဲ့အပြုအမူတွေကို ဘယ်လူ့အဖွဲ့အစည်းကမှ လက်မခံပါဘူး။ ကျွန်မရေးတဲ့ပို့စ်အောက်မှာတော့ အဲဒီလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ ကော်မန့်တွေ မရှိသလောက် အတွေ့နည်းပါတယ်။ အားလုံးက စာဖတ်ချင်လို့ ရောက်လာတဲ့လူတွေပါပဲ။

၁ဝ။ မနိုင်းနိုင်းစနေ အနေနဲ့ လက်ရှိ ထုတ်ဝေပြီး စာအုပ် အရည်တွက်
ဘယ်နှစ်အုပ်လောက် ရှိပြီလဲ။ ခုကော ဘာစာအုပ်တွေကို ရေးနေလဲ။နောင်ကော ဘာရေးဖို့ ရည်ရွယ်ချက်ရှိလဲ။

ထုတ်ဝေပြီး အုပ် ၂ဝရှိပါပြီ။ လောလောဆယ် ကလေးပြုစုပျိုးထောင်တဲ့ စာအုပ်ရေးနေပါတယ်။ နောင်လည်း ဒီလိုပဲ အများအတွက် အသုံးဝင်မယ့်၊ အကျိုးရှိမယ်လို့ထင်ရတဲ့ စာတွေကိုပဲ ဘာသာပြန်ရေးဖြစ်နေမှာပါ။

ကဲ… စာဖတ်ပရိသတ်တို့ မနိုင်းနိုင်းစနေဆီက ဘာအတုယူဖွယ်လေးတွေ တွေ့လိုက်ကြလဲ ပြောပြကြပါဦး။ ကျွန်မအနေနဲ့တော့ ဒီ 5 Minute Biography လေးကိုဖတ်ပြီး အချိန်ကို အကျိုးရှိရှိအသုံးပြုသင့်ကြောင်း၊ ကိုယ့်ကိုယ်ကို ထက်မြတ်နေအောင် အမြဲကိုယ်ရည်သွေးသင့်ကြောင်း၊ ကိုယ်တက်စွမ်းတဲ့ပညာတွေကို ကိုယ်ကျိုးအတွက်သာ အသုံးမချဘဲ အများကိုလည်း မျှဝေသင့်ကြောင်း ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရပါတယ်။ ဒါ့အပြင် ကိုယ့်ဝါသနာကိုအရင်းခံပြီး တစ်စိုက်မတ်မတ်ကြိုးစားသူက အောင်မြင်ကျော်ကြားမှုနောက်ကို တကူးတက လိုက်နေစရာမလိုဘဲ ထိုသူနောက်သို့အောင်မြင်မှုက အလိုလိုလိုက်ပါလာကြောင်း ပြသသွားနိုင်ခဲ့တဲ့ မနိုင်းနိုင်းစနေလေးကတော့ ကျွန်မတို့ လူငယ်ထုအတွက် အတုယူဖွယ်  idol လေးတစ်ယောက်ပဲနော်။ ဂန္တဝင်စာဖတ်ပရိသတ်ကြီးတို့လည်း မနိုင်းနိုင်းစနေလိုဘဲ ကိုယ့်အစွမ်းအစ၊ ကိုယ့်အရည်အချင်းတွေကို ထုတ်ဖော်ပြနိုင်တဲ့ လူငယ်တွေ ဖြစ်ကြပြီး စိတ်ချမ်းသာပျော်ရွှင်ဖွယ် ဘဝလေးပိုင်ဆိုင်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။