ကိုယ့်ကိုကိုယ်အမြဲတိုးတက်နေအောင် ဒီထက်ကောင်းတဲ့အနုပညာတွေကို ဖန်တီးနေတယ်ဆိုတဲ့ မိစန္ဒီနဲ့ တွေ့ဆုံခြင်း

blank

မင်္ဂလာပါ…ဂန္ထဝင်ပရိသတ်ကြီးရေ။ ဒီတစ်ပတ်ရဲ့“အောင်မြင်ကျော်ကြား မြန်မာအမျိုးသမီးများ” ဆိုတဲ့ ကဏ္ဍလေးမှာ တင်ဆက်ပေးမယ့်သူကတော့ နိုင်ငံကျော်အဆိုတော် မိစန္ဒီ္ဒ ဖြစ်ပါတယ်။  သူမဘဝရဲ့ ကြိုးစားမှု၊ ခံယူချက်တွေကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့ သိရှိအတုယူနိုင်စေဖို့ တင်ဆက်ပေးလိုက် ပါတယ်ရှင်။

၁။ မင်္ဂလာပါ အစ်မရေ။ အရင်ဆုံး အစ်မရဲ့ကိုယ်ရေးအကျဉ်းလေးကို ပရိသတ်ကြီးပိုသိသွားအောင် ပြောပြပေးပါဦးနော်။

နာမည်အရင်းက မိစန္ဒီမင်းဉာဏ်ပါ။ အဖေက ဦးမင်းဒလဉာဏ်၊ အမေက ဒေါ်ထွေးထွေးကြည်၊ မောင်နှမသုံးယောက် အစ်မကတော့အကြီးဆုံး။ မောင်တစ်ယောက် ညီမတစ်ယောက်ရှိပါတယ်။ အမျိုးသားစီမံခန့်ခွဲမူပညာ ဒီဂရီကောလိပ် NATIONAL MANAGEMENT DEGREE COLLEGE (Business Management စီးပွားစီမံခန့်ခွဲမူပညာ)၊ LCCI DIPLOMA I BUSINESS ACCOUNTING နဲ့ MBA ဆက်တက်တယ်။

၂။ အစ်မအနေနဲ့ သီချင်းဆိုတာ အနုပညာကို ဝါသနာပါမှန်း ဘယ်အရွယ်ကစပြီး ကိုယ့်ကိုယ်ကို သတိထားမိခဲ့တာလဲ။ ဂီတလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါဦး။

တတိယနှစ်မှာ သီချင်းတွေစလုပ်ဖြစ်တယ်။ အဲ့အချိန်မှာ time management ပေါ့။ ကျောင်းကိုလည်း အချိန်မှန်အောင်တက်ရတယ်။ MBA တက်တဲ့အချိန်မှာပိုဆိုးတယ်။ တစ်လခွဲတစ်ခါ စာမေးပွဲဖြေရတယ်။ မိုနိုပိုလီ ထွက်မယ့်အချိန်ဆိုတော့ mtv ရိုက်ဖို့ပိုက်ဆံကလည်း အရမ်းလိုတယ်။ ပွဲကလည်း သွားဆိုရ သေးတယ်။ ပရိသတ်ကလည်း ပထမဦးဆုံး audio မှာစသိတဲ့အခါကျတော့ သတိထားမိတယ်။ ပွဲနဲ့ကိုယ်က လည်း အဆက်အသွယ်ပြတ်လို့မရဘူး။ ပြီးတော့ ကိုယ်ကလည်းပွဲဆိုဖို့လိုအပ်တယ်။ ပွဲဆိုပြီးပိုက်ဆံရှာဖို့လိုအပ် တယ်။ ကိုယ်က ပြန်ရိုက်ဖို့ပိုက်ဆံလိုတာပေါ့နော်။ အဲ့ချိန်မှာ အချိန်ကို manage လုပ်ရတာခက်တယ်။ ငိုကာယိုကာ ရူးမလိုပဲ။ ကျောင်းသွားရင် အပေါ်က တီရှပ်အစုတ်နဲ့ အောက်ကလည်း တွေ့တဲ့ အဝတ်ကောက်ဝတ် အဲ့လိုမျိုးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာပေါ့နော်။ အဲ့ဒီအချိန်တွေကတော်တော်ဆိုးခဲ့တယ်။ တော်တော်ရုန်းခဲ့ရတာပေါ့။ နောက်တော့ အချိန်ကိုစ်ီမံခန့်ခွဲဖို့သိလာရတယ်။ ပိုက်ဆံလည်းတော်တော်ချွေတာပြီး လုပ်ခဲ့ရတာပဲ။ ခြောက်တန်းတည်းကသီချင်းစရေးပြီ။ အဲ့ချိန်မှာ acid ကလည်းထွက်လာတယ်။ မငယ်တို့ပေါ့နော်။ ကိုယ်အားကျနှစ်သက်ခဲ့တဲ့သူတွေပေါ့။ အဲ့တည်းကပေါ့ အတန်းထဲမှာ ငါတို့က မြန်မာနိုင်ငံမှာ ပထမဆုံး acid နဲ့အပြိုင် ၈တန်း၉တန်းလောက်ကျတော့ သီချင်းစဆိုဖို့လုပ်တယ်။ အဲ့ချိန်မှာ အဖေက အကြီးကျယ်ကန့်ကွက်တယ်။ လုပ်ရမလားဆိုပြီး ရိုက်ပါရိုက်တယ်။ နင့်ကိုနင် ဘာထင်နေလဲဆိုပြီးတော့ပေါ့။ အစ်မငယ်ငယ်ကစာအရမ်းလုပ်တော့ အဖေကတော့ ကိုယ်သမီး ပေါ်ပင်လိုင်းရောက်သွားမှာစိုးတယ်။ ပြီးတော့ ဒီလိုင်းကလည်း လူတိုင်းဝါသနာပါတာဆိုတော့ သီချင်းဆိုတာ ပျော်ကြတယ်လေ။ ကိုယ်ကလည်း ဒါကို တကယ်ဝါသနာပါလို့လုပ်ချင်တာလား။ နာမည်ကြီးချင်လို့လုပ်ချင်တာလားပေါ့။ ကိုယ်ကလည်း ၈တန်းဆိုတော့ ကလေးပေါ့။ အရမ်းငယ်သေးတယ်လေ။ အဖေက အားမပေးခဲ့ဘူး။ ဆယ်တန်းပြီး တတိယနှစ်လောက်မှာ စတူဒီယိုတွေ သွားတာ။ ကိုယ်ဖြစ်ချင်တာကိုရအောင် ရအောင်လုပ်မယ်ဆိုပြီးတော့ပေါ့။ အဲ့လိုမျိုး မိဘတွေကတော့မသိဘူး။ နောက်တော့မှ မိစန္ဒီ ကအရမ်းကြိုးစားတယ်။ ကြိတ်မှိတ်ပြီး အရမ်းလုပ်တဲ့အခါကျတော့ နောက်ဆုံးကျတော့အဖေက ပညာရေးလည်းလုပ် ဒီသီချင်းကိုလည်းလုပ် ဆိုပြီး monopoly audio ကိုစပြီးထုတ်ပေးလိုက်တာ။ အဲ့ချိန်ကစပြီးအခုချိန်ထိ အရမ်း supporting လုပ်ပေးပါတယ်။

၃။ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရဖို့ကြိုးစားရင်း ကြုံခဲ့ရတဲ့အခက်အခဲတွေကို ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ဖြတ်ကျော်ခဲ့လဲဆိုတာကို မျှဝေပေးပါရှင့်။

တစ်ခုခုအဆင်မပြေလို့ stress စိတ်ဖိစီးတာပေါ့နော်။ အရင်ဆုံး ဒီဟာကို ဘယ်လိုကျော်လွှားနိုင်မယ်ဆိုတဲ့ ဖြေရှင်းချက်ကို အရင်ရှာ။ တကယ်လို့ ရှာမတွေ့ဘူးဆိုရင် သူငယ်ချင်းတွေနဲ့လျှောက်လည်လိုက်တယ်။ မိစန္ဒီ အတွက်တော့ သူငယ်ချင်းဆိုတာ တကယ်ကုစားပေးတဲ့သူတွေပဲ။ တစ်ခုခုဆိုသူတို့ဆီသွားပြီးရင်ဖွင့်တယ်။ တစ်ခါတလေမှ ကိုယ်အောင်မြင်ခဲ့တာတွေကိုပြန်ကြည့်ပြီးတော့ ငါဒီအခြေအနေအထိတောင် ရောက်ခဲ့သေးတာပဲပေါ့။  အခက်အခဲတွေအများကြီးတောင် ကျော်ဖြတ်ခဲ့သေးတာပဲ။ ငါအဆင်ပြေသွားမှာပါ စသဖြင့် တွေးကြည့်တယ်။ ငိုတာတော့လည်း အသေငိုတယ်။ ဘာမှမလုပ်နိုင်ဘူးဆိုရင်လည်း အဆင်ပြေသွားမှာဆိုပြီးတွေးတယ်။ ပြီးတော့ ကိုယ့်မှာ သူငယ်ချင်းတွေ မိသားစုတွေအများကြီး ရှိတယ်ပေါ့နော်။ ကိုယ့်မှာ ရှိတဲ့အရာတွေကိုကျေးဇူးတင်ပြီး ထင်သလောက်လည်း အရမ်းမဆိုးသေးပါဘူး ဆိုပြီးတော့ ဆက်သွားတယ်။

၎။ အစ်မရဲ့ ဂီတလက်ဦးဆရာတွေက ဘယ်သူတွေလဲ။ ပြီးတော့ သူတို့ရဲ့ လမ်းပြပေးမှုတွေက ဘယ်လောက်ထိ အထောက်အကူဖြစ်စေခဲ့လဲဆိုတာကိုလည်း မျှဝေပေးပါအုံး။

စတုန်းကတော့ ကိုယ်ကသီချင်းဆိုချင်တာပဲသိတာ။ ဘယ်ကနေစလုပ်ရမယ်မှန်းလည်း မသိဘူး။ ဆရာဆိုတာလည်း မရှိခဲ့ဘူး။ သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ဟိုလူမေး ဒီလူမေးနဲ့ရောက်လာတာပေါ့နော်။ နောက်ကျတော့ ကို ဘိုဆန်း(BoBo Entertainment) က အဖေနဲ့လည်းရင်းနှီးနေတော့ သူတို့ကလည်း ဝိုင်းပြီးတော့ ကူညီပေးပါတယ်။ အစက အဖေကပွဲတွေဆိုလည်း သူ့ကိုအရှေ့မှာထွက်မဆိုခိုင်းနဲ့။ အနောက်မှာပဲ ဆိုခိုင်း။ အဲ့လိုစိုးရိမ်တာပေါ့နော်။ အဆိုတော်တွေမဖြစ်ခင် အရှေ့ကနေမိုက်စမ်းလေးတွေ တက်ပြီး ဆိုခိုင်းတာမျိုးတွေလည်း ကြုံရတာပေါ့နော်။ သင်ဆရာတွေထက် မြင်ဆရာကြားဆရာတွေတော့ပိုများတာပေါ့နော်။ Rap ဆိုနည်းတွေသင်ပြပေးတဲ့သူတွေလည်း ရှိတာပေါ့နော်။ တတိယနှစ်ပြီးတဲ့အချိန်မှာ ပျော်စရာကြီးဆိုတဲ့ အခွေကို ကိုစိုင်းနဲ့ကိုဘိုဆန်းကနေပြီးတော့ လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့အတွက်ဆိုပြီးတော့ လုပ်တယ်ပေါ့နော်။ လူငယ်တွေဆီကနေ သီချင်းတောင်းတယ်။ အဲ့ဒီထဲကနေ ရွေးထုတ်ပြီးတော့ သီချင်းထုတ်ပေးတယ်။ အဲဒီကမှကံကောင်းစွာနဲ့ အစ်မရဲ့  သီချင်းနှစ်ပုဒ် အရွေးခံရတယ်။ လုပ်မယ်ဆိုပြီးလုပ်ခဲ့တာတွေကြီးပဲ။

၅။ သီချင်းတွေရော ဘယ်နှပုဒ်ဆိုခဲ့ပြီးပြီလဲ။ အစ်မဖန်တီးခဲ့တဲ့ album တွေထဲမှာ ဘယ် album ကို အားအရဆုံးလဲ။ အစ်မကိုယ်တိုင်ဖန်တီးဖြစ်ထားတဲ့ သီချင်းလေးတွေအကြောင်းကိုလည်း မျှဝေပေးပါဦး။ သီချင်းတွေထဲမှာ အကြိုက်ဆုံးသီချင်းက ဘယ်သီချင်းလဲ။ ဘယ်သီချင်းက အမှတ်အရဆုံးလဲ။ အဲ့သီချင်းဖန်တီးရတဲ့အကြောင်းအရင်းကိုလည်း မျှဝေပေးပါ။

၂ဝဝ၉ ခုနှစ်မှာ စတင်လုပ်ခဲ့တာပါ။ မိုနိုပိုလီ ၊ ပစ်တိုင်းထောင်၊ နောက်ဆုံးအခွေကတော့ ပစ်တိုင်းထောင်။ ပထမအခွေမှာ ၄၊၅ ပုဒ်ကတော့ ကိုယ့်ဘာသာကိုယ်ရေးတယ်။ ဒုတိယမှာတော့ ၉ပုဒ်၊ တတိယ ကတစ်ခုမှာ တော့ ၁ဝပုဒ်။ မိစန္ဒီ နဲ့ ပရိသတ်တွေအကြိုက်ချင်းထပ်တူကျတာကတော့ ပစ်တိုင်းထောင်ဖြစ်မယ်ထင်ပါတယ်။ မိုနိုပိုလီကတော့ ရေခဲရိုက်အပြုံးနဲ့ စပြီးသိခဲ့ကြတာပေါ့နော်။ အခုလာမယ့်အခွေကိုလည်း အစ်မစိတ်အား ထက်သန်တယ်။ မိစန္ဒီ ရဲ့ဘဝမှာဖြစ်ခဲ့တဲ့ depression တဲ့ပတ်သက်ပြီးတော့ ဖြစ်ခဲ့တဲ့ အတွေ့အကြုံ ပိုပါမယ်။ အချစ်ထက်ပိုတဲ့အကြောင်းအရာတွေပါမယ်။ အဲ့ဒီအခွေတွေကို ကိုယ်ကိုကိုယ်တိုင်ရင်ခုန်တယ်။

၆။ အစ်မလျှောက်လှမ်းနေတဲ့  ဂီတနဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်ခဲ့ရဆုံးဖြစ်ရပ်တစ်ခုကို ပြောပြပါဦးနော်။

မိုနိုပိုလီကစထွက်တဲ့အချိန်ပေါ့နော်။ ကိုယ်တိုင်လည်း အခွေလည်းစထွက်တော့ လူက ကြောင်တောင်တောင် ကြီးဖြစ်နေတယ်။ နောက်ဆုံးမှာတော့ထွက်ခဲ့ပြီပေါ့နော်။ ဒီအခွေအတွက်ပေါ့ မုန့်ဖိုးတွေစု၊ သီချင်းတွေလိုက်စု ပြီးတော့ အဖေကနင့်ကိုဘယ်သူထုတ်ပေးမှာလဲမေးတော့ ပါးပါးထုတ်ပေးမှာပေါ့။ တီးလုံးလေးတွေဝယ်တယ်။ ကိုယ့်ဘာသာကိုယ်ရေးဖြစ်တာတွေလည်းရှိတယ်။ အဲ့ချိန်တုန်းကလည်း သီချင်းဝယ်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်တာပေါ့။ မိဘတွေက ပံ့ပိုးပေးတဲ့အပိုင်းလည်းပါတယ်။ ကိုယ့်ရဲ့သက်တန့်လေး သီချင်းမှာ လူတွေပိုပြီးတော့ စပြီးတော့သိတယ်။ အယ်လ်ဘမ်ထွက်ဖို့အတွက် သီချင်းတွေစပြီးစုပြီးတော့ အချိန်ကလည်း၂နှစ်လောက်ကြာခဲ့တယ်။

၇။ ကိုယ်ပိုင် brand ဖြစ်တဲ့ My Boo ဆိုတဲ့ fashion brand လေး လုပ်ဖြစ်ခဲ့တဲ့အကြောင်းလေးကို လည်း ပြောပြပေးပါဦး။

အစ်မက ကိုယ်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုလည်းလုပ်ချင်တယ်။ စီးပွားရေးကျောင်းလည်းတက်ထားတာဆိုတော့ ကိုယ်ကလည်း စဉ်းစားတယ်။ အရင်းလည်းနည်းမယ်။ passion ရှိမယ်။ ကိုယ်ကလည်းအဆိုတော်ဖြစ်တဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ အရာဆိုတော့ ဖက်ရှင်ဆိုရင်အဆင်ပြေမယ်ပေါ့။ နောက်  မိစန္ဒီ တို့ငယ်ငယ်တုန်းကဆို fancy staffs တွေကြိုက်တယ်။ ဥပမာ-ပန်းရောင်လိုဟာမျိုးပေါ့။ အရုပ်ကလေးတွေ အများကြီးနဲ့ဟာမျိုး ကြိုက်တယ်။ ချစ်စရာကောင်းတဲ့ဟာမျိုးကြိုက်တယ်။ ဒါပေမဲ့ အဲ့ဒါမျိုးတွေက ရှာရခက်တယ်။ ကိုယ့်လိုမျိုးပဲရှာရခက်တဲ့သူတွေအတွက်လည်း လုပ်ကြည့်မယ်ပေါ့ ဆိုပြီးတော့စလုပ်ခဲ့တာပေါ့နော်။            My boo ဆိုပြီးတော့ အဓိကတော့ ဝက်ကလေးပုံတွေပေါ့။ စစချင်းကတော့ လူတွေက ဝက်ပုံတွေကို ဘယ်သူက ဝယ်မှာလည်းပေါ့နော်။ ဝတ်မလဲပေါ့နော်။ ဒီဝက်ကလေးနဲ့ပတ်သက်ပြီး ချစ်စရာကောင်း အောင် ဘယ်လိုလုပ်ကြမလဲ လူတွေဝယ်ရအောင်လုပ်ရမယ်။ အင်္ကျီပေါ်မှာ ဝက်ကလေးက don’t touch my boo ကို င့ါရည်စားကိုမထိနဲ့FA၊ SINGLE ဝက်ကလေးတွေကို အမျိုးမျိုးချစ်စရာကောင်းအောင် လုပ်တယ်။ တချို့လတွေမှာရူံးတယ်။ တချို့လတွေမှာမြတ်တယ်။ အတွေ့အကြုံအရဆို သင်ယူတဲ့ဟာမျိုး လည်းပါတယ်။ ကိုယ့်လိုမျိုး ဖက်ရှင်ကြိုက်တဲ့လူငယ်တွေကို ဈေးသက်သက်သာသာနဲ့ ပေးချင်တာနဲ့လုပ်ဖြစ်သွားတဲ့ သဘောပါ။

၈။ ပရိသတ်တွေ သိပ်မသိကြသေးတဲ့ မိစန္ဒီအကြောင်းက ဘာဖြစ်မလဲ။

မိစန္ဒီ က စားတာနဲ့ ခရီးထွက်ရတာကြိုက်တယ်။ ပြီးတော့အရမ်းထူးထူးဆန်းဆန်း တွေတွေးတတ်တယ်။ ပြီးတော့ သူများကိုစိုးမိုးဖို့ကြိုးစားတယ်။ ဥပမာဆိုရင် ကမ္ဘာပေါ်မှာ တစ်နေ့တစ်နေ့ လူဘယ်လောက်တိုးလာတယ် ဆိုတာကို ကြည့်တယ်။ ဒီကနေပြီးတော့ ဘာလီကို လမ်းလျှောက်ပြီးသွားမယ် ဆိုရင် ဘယ်လောက်ကြာမလဲ။ google ကနေကြည့်တယ်။ သူငယ်ချင်းတွေကိုလည်း ကမ္ဘာပေါ်မှာ လူဦးရေတွေများနေတယ်။ မိဘမဲ့ကလေးတွေလည်း အများကြီးရှိနေတဲ့အတွက်ကြောင့် နောက်ထပ် ကလေးအပိုတွေမလိုတော့ဘူး။ နင့်တို့ကလေးတွေမွေးလာရင် အဲ့ကလေးတွေက ရုန်းကန်ရမယ်။ stress တွေများမယ်။ ကလေးတွေကြီးလာရင်အားကိုးချင်တာ အဲ့ဒါကလည်း ကိုယ်ရဲ့အတ္တပဲပေါ့။ အဲ့လိုပြောပြီးလွှမ်းမိုးဖို့ကြိုးစားတာပေါ့နော်။ အစ်မ့ညီမဆိုရင် နောက်၅နှစ် အတွက် အရူးထောင်ကို ဘိုကင်လုပ်ထားပေးမယ်လို့စလေ့ရှိတယ်။

၉။ ကဏ္ဍအသီးသီးမှာ အောင်မြင်အောင် ကြိုးစားနေတဲ့ ညီမငယ်လေးတွေအတွက် အားပေးစကား လေးတွေ၊ အကြံပေးစကားလေးတွေ ပြောပေးပါဦးနော်။

အဓိကကြုံရမှာတော့ အနုပညာလမ်းဆိုတာမနူးညံ့ဘူး။ အရမ်းကြမ်းတယ်။ ပြီးရင် ရူပ်ထွေးတယ်ပေါ့နော်။ အတွန့်တွေအတက်တွေများတယ်။ လူတွေကရူပ်ထွေးတာမဟုတ်ဘူး။ အဲ့ဒီလမ်းမှာ ကိုယ်ဘယ်လိုရပ်တည်ရ မလဲ လူတွေသိအောင်ဘယ်လိုထိုးဖောက်ရမလဲ။ ထိုးဖောက်ပြီးရင်ရော ဘယ်လိုရေရှည်ဆက်သွားမလဲ။ ဘယ်လိုနေထိုင်ပြုမူရမလဲ ဆိုတာအရမ်းကိုရူပ်ထွေးတဲ့ကျင်လည်ရတဲ့ နယ်ပယ်ဖြစ်ပါတယ်။ နယ်ပယ်မျိုးစုံကတော့ သူ့ဟာသူအခက်အခဲရှိပါတယ်။ ဒီလမ်းကကျတော့တခြားဟာတွေနဲ့ နည်းနည်းကွဲထွက်တယ်ပေါ့။ စိတ်ကိုအရမ်းမာအောင် ကြိုးစားပြီးလာရတယ်ပေါ့နော်။ ပြီးတော့ ကိုယ်တကယ်လုပ်မယ်လို့ဆုံးဖြတ်ပြီးသွားရင် ဘယ်သူကပဲဝေဖန်ပါစေ။ ဝေဖန်တာတွေက ကောင်းတာ ၊ မကောင်းတာတွေရှိမယ်။ မကောင်းတာတွေကို ခေါင်းထဲကနေထုတ်ပစ်ပြီးတော့ ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဆက်ပြီးလုပ်ဖို့က အဓိကကျပါတယ်။ စိတ်ကိုအရမ်းပြင်ဆင်ပြီး လာခဲ့ပါ။ ပြီးတော့ သူများတွေ အမြင်ကိုသိပ်ပြီးဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို လုပ်ပါ။ အဓိကကတော့ ဇွဲရှိရှိနဲ့ စိတ်ဓာတ်မာမာနဲ့လုပ်ရင် မဖြစ်ဘူးဆိုတာ မရှိဘူး။ မိစန္ဒီ ကတော့အဲ့လိုမျိုးယုံကြည်တယ်။ ရနိုင်သမျှအခွင့်အရေးတွေကို မျက်စိ၊နားတွေကို ဖွင့်ပြီးတော့ ရောက်အောင်သွားရင်ဖြစ်ပါတယ်။ အတုယူစရာရှိတွေကို အတုယူပါ။ အတုမယူသင့်တာတွေကို မယူပါနဲ့။ မိစန္ဒီ လည်း ကိုယ့်ကိုကိုယ်အမြဲတိုးတက်နေအောင် ဒီထက်ကောင်းတဲ့အနုပညာတွေကိုလည်း ဖန်တီးနိုင်အောင်ကြိုးစားနေပါတယ်။ အားလုံးလည်းကျန်းမာ၊ချမ်းသာကြပါစေလို့ ဆုတောင်းပါတယ်။

စာချစ်သူအနေနဲ့လည်း မိစန္ဒီရဲ့ အင်တာဗျူးလေးကို ဖတ်ပြီး နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။