Pacific AA Group ရဲ့ ပဲ့ကိုင်ရှင်ဒေါက်တာစောနေနွယ်နှင့် အမေးအဖြေ

blank

ဒီတစ်ပတ်မှာတော့  Pacific AA Group ရဲ့ Deputy Managing Director ဒေါက်တာစောနေနွယ် အကြောင်းလေးကို ဂန္ထဝင်ပရိသတ်ကြီး စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ မင်္ဂလာပါ အစ်မရေ။  အရင်ဆုံးအစ်မရဲ့ ကိုယ်ရေးအကျဉ်းလေးကို ဂန္ထဝင်ပရိသတ်ကြီး သိအောင်ပြောပြပေးပါဦး။

အစ်မက Dr.စောနေနွယ်ပါ။  Pacific AA Group ရဲ့ Deputy Managing Director ဖြစ်ပါတယ်။  အမတို့ Group က လုပ်ငန်း (၃) မျိုးလုပ်ပါတယ်။  ဆေးဝါးလုပ်ငန်းရယ်၊ ကားလုပ်ငန်းရယ်၊ အင်ဂျင်ဝိုင်လုပ်ငန်းရယ် လုပ်ပါတယ်။  AA Medical Products Ltd. ဆိုပြီး ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ အမျိုးပေါင်း တစ်ထောင်ကျော်ကို တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချလျှက်ရှိပါတယ်။  မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ပထမဆုံး အနောက်တိုင်း ဆေးဝါးစက်ရုံ Pacific Medical Industries Ltd. ကို ထူထောင်ပြီး ကမ္ဘာ့အဆင့်မှီ ဆေးဝါးများထုတ်လုပ်ရန်ဆောင်ရွက်နေပါတယ်။

အမေရိကန်နိုင်ငံက General Motor Car Company ကနေ Chevrolet ကားတွေကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တစ်နိုင်ငံလုံးကို ဖြန့်ချိနေပါတယ်။  ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီက Total Engine Oil ကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တစ်နိုင်ငံလုံးဖြန့်ချိလျှက်ရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုံမှာ အင်ဂျင်ဝိုင်စက်ရုံ တည်ဆောက်လျှက်ရှိပါတယ်။

၂။ အစ်မရဲ့ မိသားစုအကြောင်းကိုလည်းမိတ်ဆက်ပေးပါဦး။        

အစ်မ အမျိုးသားနာမည်က ကိုဇော်မိုးခိုင်ပါ။  အစ်မတို့ Group ရဲ့ Managing Director ဖြစ်ပါတယ်။  အစ်မမှာ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိပါတယ်။  သမီးက (၆)တန်း ဖြစ်ပြီး သားကတော့ မူကြိုတက်နေပါတယ်။

၃။ စီးပွားရေးနယ်ပယ်ထဲကို ဘယ်လိုစတင်ဝင်ရောက်ဖြစ်ခဲ့လဲ သိပါရစေအစ်မ။  

အစ်မ ၂ဝဝ၄ မှာ ဆရာဝန်ဖြစ်တော့  Physician လုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။  အဲ့ဒီ အချိန်မှာ အစ်မ အမျိုးသားက သူ့မိဘတွေနဲ့ စခဲ့တဲ့ ကုမ္ပဏီမှာ သူ့မိဘတွေရဲ့ အစုရှယ်ယာကို ၀ယ်လိုက်ပါတယ်။  အဲတော့ သူတစ်ယောက်တည်းဖြစ်သွားတဲ့ ကုမ္ပဏီမှာ အစ်မကို သူ့အလုပ်ထဲမှာ ဝင်ကူပေးဖို့ပြောတဲ့ အတွက် စီးပွားရေးလုပ်ငန်းထဲကို စတင်ရောက်လာခဲ့ပါတယ်။

၎။ အစ်မကို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင် ဘာတွေက တွန်းအား ဖြစ်စေခဲ့လဲ။

အစ်မ ၂ဝဝ၄ ဆေးပညာဘွဲ့ရပြီးတဲ့အချိန်မှာ စီးပွားရေးအကြောင်း ဘာမှနားမလည်ပါဘူး၊ ကိုယ်ဖြစ်ချင်တာ Physician ပါ။ ဒါပေမဲ့ ကိုယ့်ကို ကူလုပ်ပေးပါလို့ ခင်ပွန်းသည်က ပြောပြီး ကုမ္ပဏီမှာ Director ဆိုပြီး အစ်မကိုနေရာပေးပါတယ်။ ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတာလဲမသိပါဘူး။  ဒါနဲ့ အစ်မ အောက်ခြေကနေစပြီး လေ့လာမယ်ဆိုပြီး အစ်မ အရောင်းပိုင်းကနေစပြီး အရောင်းဝန်ထမ်းတစ်လောက်လုပ်တဲ့ အလုပ်တွေ ကိုယ်ကိုယ်တိုင်စလုပ်ခဲ့ပါတယ်။  ဈေးကွက်ကိုယ်တိုင်ဆင်း ကိုယ်တိုင်ဈေးရောင်း ခဲ့ပါတယ်။ ကိုယ်လုပ်ပြီဆိုရင် ယခင်ထက်အများကြီးတိုးတက်မှုရှိရမယ်၊ အရင်ထက် များစွာကွာခြားအောင်မြင်ရမယ်လို့ သံဒိဌာန်ချလိုက်ပါတယ်။  ကုမ္ပဏီ အသေးလေး ဘဝကနေ ကြီးပွားတိုးတက်ဖို့ဆိုတာ နောက်ဆုံးချုပ်လိုက်ရင် အရောင်းအဝယ် ကောင်းဖို့နဲ့ ဝင်ငွေကောင်းဖို့နဲ့ အမြတ်အစွန်းများဖို့ပါပဲ။  ဒါ့ကြောင့် အစ်မ အရောင်း တက်ဖို့၊ ဝင်ငွေတက်ဖို့နဲ့ ယခင်ထက် အမြတ်တိုးတက်ဖို့ အစ်မ ရည်မှန်းချက်တွေ ချပြီး တောက်လျောက်ကြိုးစားခဲ့ပါတယ်၊ ကြိုးစားတဲ့အတိုင်းလည်း အစ်မ စလုပ်လုပ်ချင်းကနေပြီး အခုဆိုရင် Over 900% တိုးတက်လာတဲ့အတွက် ဒါတွေဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်အောင် တွန်းအားတွေဖြစ်ခဲ့ပါတယ်။

၅။      Pacific AA Group ရဲ့ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကိုလည်း သိရပါစေ။ ပြီးတော့ AA Medical Group အပြင် တခြားလုပ်ငန်းတွေနဲ့ဝန်ဆောင်မူတွေအကြောင်း ကိုလည်းအတိုချုပ်ပြောပြပေးပါဦးနော်။

Pacific AA Group ရဲ့ ဦးတည်ချက်ကတော့ Local (မြန်မာပြည်)အတွင်းသာမက Regional နဲ့ Global အထိ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ Multinational Company တစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။  AA Medical ကနေပြီး အရည်အသွေး ပြည့်ဝယုံကြည်စိတ်ချရတဲ့ ဆေးနဲ့ ဆေးပစ္စည်းကိရိယာတွေကို တနိုင်ငံလုံး ဖြန့်ချိနေတာဆိုရင် အစ်မတို့ AA Medical ဟာ အနောက်တိုင်းဆေးဝါး တင်သွင်းဖြန့်ချိတဲ့ ကုမ္ပဏီတွေထဲမှာ အကြီးဆုံး ဆေးကုမ္ပဏီ တစ်ခုဖြစ်လာခဲ့ပါတယ်။  အစ်မတို့ရဲ့ Pacific Medical Industries Ltd. ဆေးဝါးစက်ရုံဟာ US FDA ရဲ့ Drug Establishment License ကို ရရှိထားပြီး နိုင်ငံတကာ အဆင့်မီဆေးတွေထုတ်လုပ်ပြီး မြန်မာနိုင်ငံ သာမက ပြည်ပကိုတင်ပို့ဖို့ စီစဉ်လျှက်ရှိပါတယ်။

အရည်အသွေးမြင့် ပြင်သစ် Total အင်ဂျင်ဝိုင်ကို ဖြန့်ချိခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုံ က အရည်အသွေးမြင့်ပြီး ဈေးနှုန်းမှန်ကန်တဲ့ အင်ဂျင်ဝိုင်တွေကို မြန်မာပြည်သာမက ပြည်ပတင်ပို့ဖို့အတွက် ထုတ်လုပ်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်။

အမေရိကန်ကား Chevrolet ကို မြန်မာပြည်မှာ ကောင်းစွာဈေးကွက်ထိုးဖောက် ရောင်းချနိုင်ခဲ့လို့ South East Asia မှာ Best Distributor Award ကို ၂ဝ၁၆ မှာ ရရှိခဲ့ပါတယ်။   Chevrolet Brand New Car 15 မျိုးကို ရောင်းချပြီး After Sales Service နဲ့ Spare Parts တွေကို Work shop တွေ ထူထောင်ပြီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

၆။ ကုမ္မဏီနဲ့ ဝန်ထမ်းပေါင်းတစ်ထောင်ကျော် နှစ်ခုလုံးကို တပြိုင်နက် ဖွံဖြိုးတိုးတက် အောင်မြင်အောင် ဘယ်လိုစီမံအုပ်ချုပ်ပါသလဲ။ ဘယ်လိုတွေကြိုးစားအားထုတ် ခဲ့ရလဲဆိုတာ  သိပါရစေ။

အစ်မတို့ Group မှာ ဝန်ထမ်းပေါင်း 1200 ရှိပါတယ်။  ဝန်ထမ်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကုမ္ပဏီနဲ့ ဝန်ထမ်းကြားမှာ အတူတကွ သဘောတူတဲ့ Quality Goals/ Objectives  (ကုမ္ပဏီက သွားချင်တဲ့ရည်မှန်းချက်) ကို ချမှတ်ပါတယ်။  ဒီရည်မှန်းချက်ကို ဒီ Quality Objectives တွေကို ရအောင်လုပ်မယ်၊ ဒီလိုလုပ်တဲ့အတွက် ဝန်ထမ်းတွေမှာလည်း Incentives တွေ၊ Bonus တွေ ခံစားခွင့်ရအောင်လုပ်ရင်းနဲ့ ပညာ၊ အတွေ့အကြုံတွေ ရမယ်။ တစ်ဦးချင်းအတွက် ရာထူး၊ လစာ တိုးတက်လာမဲ့အခွင့်အလမ်းတွေရှိမယ် ဆိုတာကို ချပြပါတယ်။  ပြီးရင် မကြာခဏ Meeting ခေါ်ပြီး ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နေတာ OK သလား တိုးတက်မှုရှိလားဆိုတာတွေ အပြန်အလှန် ဆွေးနွေးရင်း လိုတာတွေဖြည့်စွက်လုပ်ရင်း ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေပြည့်အောင် လုပ်ပါတယ်။  ကုမ္ပဏီရဲ့ ရည်မှန်းချက်ပြည့်တဲ့အခါ ကုမ္ပဏီရော ဝန်ထမ်းရော နှစ်ဦးနှစ်ဖက် Win-Win ဖြစ်ပါတယ်။  ကုမ္ပဏီလည်းဝင်ငွေတက်လာရင် သူတို့လည်း Bonus နဲ့ အခြားခံစားခွင့်တွေ တိုးတက်လာပါတယ်။

ကုမ္ပဏီဖွံ့ဖြိုးတိုးတက်ဖို့အတွက် Next Year Plan, 3 Year Plan, 5 Year Plan တွေ ချမှတ်ပါတယ်။  အစ်မ အစကပြောခဲ့သလိုပဲ အရောင်းတက်ဖို့ အမြတ်တိုးတက်ဖို့ဆိုရင် ကိုယ့်ရဲ့ ဖေါက်သည် Customer   ကိုချဲ့ပါတယ်။  ဒီလို ချဲ့ဖို့   ရောင်းကောင်းဖို့ လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Data တွေကို သေချာ Analyse လုပ်ပြီး plan လုပ်ပါတယ်။

ပြီးရင် ဈေးကွက်အခြေအနေပေါ်မူတည်ပြီး ရှေ့မှာဖြစ်လာနိုင်တဲ့ Trend ပေါ်မူတည်ပြီး လိုသလိုပြောင်းလဲနိုင်တဲ့ အရည်အချင်းရှိအောင် ပြင်ဆင်ပါတယ်။ ကုမ္ပဏီသေးရင် ပြောင်းဖို့ Flexible ဖြစ်ဖို့ လွယ်ပေမဲ့ ကုမ္ပဏီ တဖြည်းဖြည်းကြီးလာရင် သက်တမ်း ကြာတဲ့ ကုမ္ပဏီဖြစ်ရင် Flexible ဖြစ်ဖို့ ပိုခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကုမ္ပဏီ Growth ဖြစ်ဖို့ Flexible ဖြစ်ဖို့ လိုရင် ဖြစ်အောင်လုပ်ပါတယ်။

ဒါတွေကတော့ ကုမ္ပဏီဝန်ထမ်းတွေပါ Growth ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တာကို အတိုချုပ်ပြောပြတာပါ။

၇။ အစ်မအနေနဲ့Pacific AA Group ကို နောက်ထပ်ဘယ်လိုတွေ တိုးချဲ့သွားဖို့ မျှော်မှန်းထားလဲဆိုတာကိုပြောပြပေးပါဦး။

Pacific AA Group ကနေ အမေရိကန်နိုင်ငံ California ပြည်နယ် Los Angeles နားမှာ Vitamin စက်ရုံတည်ဆောက်ပြီး Made in USA  Vitamin တွေကို မြန်မာပြည် Export လုပ်ရုံမက အခြားနိုင်ငံတွေတင်ပို့ဖို့ စတင်ဈေးကွက်ရှာနေပါပြီ။

မြန်မာနိုင်ငံစက်ရုံကထွက်တဲ့ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေတင်ပို့ပြီး Multinational Company ဖြစ်အောင်လုပ်ပြီး နောင် 5-10 Year အတွင်းမှာ Public Listed Multinational Company ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။  အစ်မတို့မပါဘဲ Professional CEO က Run တဲ့ ကုမ္ပဏီဖြစ်အောင် တိုးချဲ့သွားဖို့ မျှော်မှန်းထား ပါတယ်။

၈။ အစ်မအနေနဲ့ အနိမ့်အမြင့်အတက်အကျတွေ ကြုံတွေ့ပြီဆို ဘယ်လိုမျိုးစိတ်ဓာတ် ခွန်အားမျိုးနဲ့ကျော်ဖြတ်လဲ။ ကြုံတွေ့လာတဲ့ အခက်အခဲတိုင်းကိုရော ဘယ်လို နည်းလမ်းတွေနဲ့ဖြေရှင်းဖြစ်လဲဆိုတာ သိပါရစေ။

အနိမ့်အမြင့်အတက်အကျတွေကြုံပြီဆိုရင် အဆိုးဆုံးဘာဖြစ်နိုင်မလဲဆိုတာကို ကြိုတင်စဉ်းစားထားတယ်။  အဆိုးဆုံးအခြေအနေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ဆိုတဲ့ အဖြေ (Solution 1, Solution 2, Solution 3) ဆိုပြီး Solution Options တွေ ရှာထားတယ်။ လိုအပ်ရင် ကိုယ့်လိုပဲ ဖြတ်သန်းခဲ့တဲ့အခြားပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတဲ့အခါ သူတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ကိုယ့်ကို Share လုပ်တဲ့အခါ ကိုယ်လည်း ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ ပိုမြင်လာတယ်၊ ခေါင်းအေးအေးထားပြီး ဖြေရှင်းပါတယ်။

၉။ အစ်မရဲ့ အချိန်စီမံခန့်ခွဲပုံ၊ time management tips လေးတွေ မျှဝေပေးပါအုံး။

အချိန်ကိုတော့ အလုပ်မှာရော မိသားစုအတွက်ရော အစ်မက Important & Urgent တွေကို အရင်ဦးစားပေးလုပ်ပါတယ်။ ပြီးရင် Important but not Urgent တွေကို လုပ်ပါတယ်။ ဘာလို့လဲဆို Important တွေကို ကြိုလုပ်မှ Result ကောင်းထွက်မှာပါ၊ ဥပမာ- စာမေးပွဲလိုပေါ့ စာမေးပွဲနီးလားဆိုတော့ မနီးသေးဘူး ဒါပေမဲ့ အရေးကြီးတယ် ကြိုတင်ပြင်ဆင်ထားမှ စာမေးပွဲအောင်ပြီးနောက် တစ်တန်းတက်နိုင်မှာ မို့လို့ပါပဲ။

Important but not Urgent လုပ်ချိန်မှာ Urgent but not important တွေရှိရင် ကိုယ့် Manager တွေကို လုပ်ခိုင်းလို့ရရင် သူတို့ကို တာဝန်လွှဲပေးပါတယ်။  Not Important Not Urgent တွေကိုတော့ နောက်ဆုံးမှလုပ်ပါတယ်။

အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေကတော့ Prioritize လုပ်လိုက်တာပေါ့နော်။

ပြီးရင် မလိုအပ်တာတွေဆိုရင် NO လို့ ရဲရဲဝင့်ဝင့် ပြောပါတယ်။ အားနာပြီး မလိုအပ်တာ အရေးမကြီးတာတွေကို YES ဆိုပြီး သွားနေလုပ်နေရင် ဘယ်တော့မှ အချိန်လောက်မှာမဟုတ်ပါဘူး။

ပြီးရင်ကြိုပြင်ဆင်ပါတယ်။  ဒါမှ နောက်ဆုံးအချိန်မှာ အကုန်ပြုံစုံပြီး အချိန်မရှိတာ မဖြစ်အောင်ပါ။

ကိုယ့်ကိုအချိန်ကုန်စေမဲ့ အနှောက်အယှက်တွေ ဝင်မလာအောင် လုပ်ပါတယ်။ ဥပမာ အလုပ်ချိန်မှာ FB ကို Log Out လုပ်ထားတာမျိုးပေါ့၊  မိသားစုထမင်းဝိုင်းမှာ ဖုန်းမကြည့်ဘဲ မိသားစု နွေးနွေးထွေးထွေး ထမင်းစားသလိုမျိုးပေါ့။ ပြီးရင် လွှဲလို့ရတဲ့ တာဝန်တွေကို လုပ်နိုင်တဲ့သူတွေကို လုပ်စေပါတယ်။

၁ဝ။ တစ်ခါတစ်လေမှာ ကျွန်မတို့အမျိုးသမီးတွေက မိသားစုအတွက် အလုပ်အတွက်နဲ့ ကိုယ်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။ အစ်မအနေနဲ့ရောကိုယ့်ကိုကိုယ် အချိန်တွေ ဘယ်လိုပေးဖြစ်လဲ။

ကိုယ့်ကိုယ်ကိုအတွက် အချိန်မရှိသလောက်နည်းပါတယ်၊ ကလေးတွေအိပ်သွားပြီဆိုရင် ဒါကိုယ့်ကိုယ်ပိုင်အချိန်ပါပဲ၊ အဲ့ဒီအခါ စာအုပ်ဖတ်တယ်၊ သတင်းနားထောင်ပါတယ်။

ရုံးပိတ်ရက်တွေမှာ ကလေးတွေနဲ့ အပြင်ထွက်ပြီး သူတို့ကစားကွင်းသွားချိန် ကိုယ်က လက်သည်းခြေသည်းဆိုင်၊ ဆံပင်ဆိုင်တို့သွားပြီး relax လုပ်ပါတယ်။ တခါတလေ အရမ်းညောင်းခဲ့ရင် ပိတ်ရက်မှာ Treadmill မှာ လမ်းလျှောက်ပါတယ်။ စာအေးအေးဆေးဆေးဖတ်ရတာတော့ အကြိုက်ဆုံးပါပဲ။

၁၁။ အစ်မခံယူထားတဲ့  “အောင်မြင်မှု” ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုက ဘာဖြစ်မလဲ။

အရင်ကတော့ အစ်မက ကိုယ့်ရဲ့အောင်မြင်မှုကို Number တွေနဲ့ တိုင်းတာခဲ့ပါတယ်။ အရောင်းဘယ်လောက် ရာခိုင်နှုန်းတက်တယ်။ အစ်မ ဖောက်လာတဲ့ Brand တွေ ဘယ်လောက် ရာခိုင်နှုန်း Growth ဖြစ်တယ်။ ဒီနှစ်မှာ ရုံးခွဲပေါင်း ဘယ်နှစ်ခုဖွင့်နိုင်ခဲ့သလဲစသည်ဖြင့် number တွေက အစ်မအတွက် ရင်ခုန်စရာ အောင်မြင်မှုတွေပါ။  အခုတော့ ဒီ number တွေ ရင်မခုန်ဘူးလားဆိုတော့ ခုန်ပါတယ်။ ဒါပေမဲ့ အခုကျတော့ ကိုယ် Train လိုက်တဲ့ ကိုယ့်ဝန်ထမ်းတွေမှာ ဘယ်နှစ်ယောက်က သမ္မာအာဇီဝဖြင့် ကိုယ်ပိုင်စီးပွားထောင်နိုင်တဲ့ အထိ ကြီးပွားတိုးတက်လာကြသလဲ။ တခြား Organization မှာ CEO (သို့) GM (သို့) Director အဖြစ် ရပ်တည်နိုင်သလဲ၊ ကိုယ့်ကုမ္ပဏီရဲ့ ကောင်းမွန်တဲ့ System တွေ Strategy တွေ အောင်မြင်ခဲ့တဲ့ Plan တွေ  Knowledge တွေကို Share လုပ်ပေးလို့ တစ်စုံတစ်ယောက် ဖြစ်စေ၊ ကုမ္ပဏီ တစ်ခုခု ဖြစ်စေ တိုးတက်အောင်မြင်သွားတာမျိုး ဘယ်လောက်ရှိသလဲ။ နောက်ပြီး ကိုယ်က စီးပွားရေးမှာတင်မကဘူး မိသားစုဘဝမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေနိုင်တာ၊ ကိုယ့် Partner က အပြင်သွားတာထက် ကိုယ်နဲ့ပဲနေချင်တာမျိုး  ကိုယ့် partner က ကိုယ့်အပေါ် သစ္စာရှိတာမျိုးစသည်ဖြင့် အဲ့လိုမျိုးတွေကလည်း ကိုယ့်ရဲ့အောင်မြင်မှုတွေထဲမှာပါတယ်လို့ ပိုခံစားမိလာပါတယ်။

၁၂။ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ကိုယ့်ကိုကိုယ် အမြဲတိုးတက်နေအောင် ဘယ်လို ကျင့်ကြံနေထိုင်သင့်လဲ။
  • အမြဲတမ်းလေ့လာဆည်းပူးပါ။
  • ကိုယ့်ထက်တော်တဲ့လူတွေနဲ့ ယှဉ်ပြိုင်ပါ။
  • Goals တွေချမှတ်ပါ။
  • Networking လုပ်ပါ။ လိုရင် အကြံဥာဏ်တောင်းခံပါ။
  • အချိန်းမဖြုန်းပါနဲ့။
  • ဖြစ်လာမလားဆိုပြီး မစောင့်ပါနဲ့၊ ကိုယ်ကဖန်တီးပါ။
၁၃။    ဘဝမှာ တိုးတက်လိုသူတစ်ယောက်ဟာ ဘယ်လိုအကျင့်တွေ၊  ကိုယ်ရည်ကိုယ်သွေး တွေရှိထားသင့်လဲ။
  • စာဖတ်ပါ။
  • အမှားတွေက သင်ခန်းစာယူပြီး နောက်တခါထပ်မမှားရအောင်ပြင်ဆင်ပါ။
  • စောစောထပါ။
  • အချိန်မဆွဲပါနဲ့။
  • မိမိရဲ့ အကျင့်ဆိုးတွေဖျောက်ပါ။
  • လိုအပ်ရင် Calculated risk ယူပါ။
၁၄။    စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အတွက် ပေါင်းသင်းဆက်ဆံရေးက ဘယ်လောက်ထိ အရေးပါ အရာရောက်လဲ။ အစ်မရဲ့ ခံယူချက်ကို မျှဝေပေးပါ။

အရေးပါပါတယ်။  စီးပွားရေးလုပ်ငန်းမှာ ကိုယ့်ရဲ့ Customer တွေရှိတယ်၊ ကိုယ့်ရဲ့ Employee တွေရှိတယ်၊ ကိုယ်ရဲ့ Shareholder တွေရှိမယ်၊ ကိုယ် ဆက်သွယ်ဆောင် ရွက်ရမဲ့ government  dept တွေရှိမယ်။ ကုမ္ပဏီနဲ့ ဆက်ဆံနေတဲ့ Fanancial Institution တွေရှိမယ်၊ Vendors,  Suppliers တွေရှိမယ်၊ ဒါတွေနဲ့က နေ့စဉ်အမျှ ဆက်ဆံနေရတာမို့ ပေါင်းသင်းဆက်ဆံရေးက အရမ်းအရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမှ သူတို့ကိုယ် influence လုပ်နိုင်မှာပါ။ ကိုယ့်အပေါ် ယုံကြည်လာအောင် trust တည်ဆောက်လို့ရမှာပါ။ positive relationship ဖြစ်အောင် လုပ်နိုင်မှာပါ။ ဒါမှပဲ စီးပွားရေးအောင်မြင်မှာပါ။

ဒါအရေးကြီးလွန်းလို့ Interpersonal Skills, Communication Skills, How to influence other people တို့လို သင်တန်းတွေမှာ လူတွေစည်နေအောင် တက်နေကြတာဖြစ်ပါတယ်။

၁၅။ လူတစ်ယောက်အနေနဲ့ ဘဝမှာ guidance ပေးနိုင်တဲ့သူ၊ mentorship ဘယ်လောက်အရေးပါတယ်လို့ထင်လဲ။ မှန်ကန်တဲ့ mentor တွေရအောင် ဘယ်လို ဆည်းကပ်သင့်လဲ။

Mentorship က အရမ်းပဲ အရေးကြီးပါတယ်။

Mentor ကနေ ကိုယ့်အတွက် ကောင်းမွန်တဲ့ အကြံဉာဏ်တွေရနိုင်သလို တစ်ခါတလေ mentor က ကိုယ်မမြင်တဲ့ ကိုယ့်ရဲ့ အားနည်းချက်ကို ထောက်ပြတဲ့အခါ ကိုယ်ပြုပြင်ဖို့ အခွင့်အလမ်းရတဲ့အတွက် အလွန်အကျိုးရှိပါတယ်။  ဒါပေမဲ့ အဲ့ဒီ mentor က ကိုယ့်အကျိုးတကယ်လိုလားပြီး ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်ကို ထောက်ပြ နိုင်တဲ့ လူဖြစ်ရပါမယ်။  လိုအပ်ရင် နားခါးတဲ့စကားလည်း ကိုယ့်အကျိုးအတွက် ထောက်ပြပြောရဲတဲ့ mentor ဖြစ်ဖို့တော့လိုပါတယ်။

မှန်တဲ့ mentor ရဖို့ဆိုတာ မလွယ်ပါဘူး၊ ကိုယ် တန်ဖိုးထားတဲ့ value အတိုင်း သူတန်ဖိုးထားတဲ့ value က မတူရင်၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေက သူ့ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ရင်တော့ မှန်ကန်တဲ့ mentor ဖြစ်ဖို့ မလွယ်ပါဘူး။

အထက်ကပြောခဲ့တာတွေမဖြစ်အောင် သေချာရွေးဖို့လိုပါမယ်။ အရွေးမှားလို့ Right Mentor မဟုတ်ခဲ့ရင်လည်း သူနဲ့ကိုယ် မိတ်ဆွေအဖြစ် အေးအေးဆေးဆေး ဆက်ရှိပြီး  Mentor အဖြစ်က လမ်းခွဲလို့ရပါတယ်။  Mentor ဆက်ရှာလို့ရပါတယ်။

၁၆။ အစ်မ စံပြထားလေးစားအားကျတဲ့  ပုဂ္ဂိုလ်က ဘယ်သူဖြစ်မလဲ။ ဘာကြောင့်လဲ ဆိုတာကိုလည်း မျှဝေပေးပါ။

ဒေါ်အောင်ဆန်းစုကြည်ပါ။  သူ့မှာ အားလုံးမငြင်းနိုင်တဲ့ စံထားရတဲ့ ကိုယ်ကျင့်သိက္ခာ ရှိတယ်။ သူဟာ သူ့ရဲ့ လာဘ်ပေး လာဘ်ယူ ကင်းစင်းတဲ့ ရိုးသားဖြောင့်မတ်မှုကြောင့် အားလုံးက သူ့ကို လေးစားချစ်ကြောက်ရိုသေရတာ မငြင်းနိုင်ပါဘူး။

၁၇။ Parenting အပိုင်းနဲ့ပတ်သက်ပြီး ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်လဲဆိုတာကိုလည်း မျှဝေပေးပါဦး။

ကလေးတွေကိုတော့ လမ်းမှားမရောက်ရအောင် အမြဲတမ်း knowledge sharing လုပ်ပေးတယ်၊ စာဖတ်ခိုင်းတယ်၊ ပြည်သူ့ နီတိသင်ပေးတယ်၊ အမှားနဲ့အမှန်ခွဲခြား တတ်အောင်သင်ပေးတယ်၊ လွတ်လပ်စွာ တွေးခေါ်ခွင့် လုပ်ပိုင်ခွင့်ပေးတယ်၊ ကိုယ့်ကိုယ်ကိုတာဝန်ယူတတ် တာဝန်ခံတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးပါတယ်။

၁၈။    သာယာရေးတဲ့မိသားစုလေးတစ်ခုဖြစ်ဖို့အတွက် အဓိကကျတဲ့    အခြေခံသဘောတရား  ဘာတွေဖြစ်မလဲ။ 

တစ်ဦးနဲ့တစ်ဦး ချင်ခင်မေတ္တာရှိမှု၊ စာနာနားလည်မှု၊ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတွေကတော့ သာယာတဲ့ မိသားစုတစ်ခုဖြစ်ဖို့ အခြေခံအချက်ပါပဲ။

၁၉။    နယ်ပယ်အသီးသီးမှာ အောင်မြင်ဖို့ကြိုးစားနေကြတဲ့ လူငယ်တွေကို စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် စကားလေးပြောပေးပါဦး။
  • အချိန်ကိုအကျိုးရှိစွာအသုံးချပါ။
  • ကိုယ့်ရည်မှန်းချက် ကိုယ် passion ရှိတဲ့အလုပ်ကို သေသေချာချာ commitment ထားပြီး ကြိုးစားပါ။ ကောက်ရိုးမီးလို အခု ဟုန်းကထဲ ထတောက်ပေမဲ့ ခဏနေ မီးငြိမ်း သွားတာမျိုး ဇွဲမရှိတာမျိုး မလုပ်ပါနဲ့။
  • အမြဲတမ်းလေ့လာဆည်းပူးပါ။ Every day is learning ပါ။
  • ဖန်တီးပါ။ အခုပဲစပါ (နေ့ရွှေ့ ညရွှေ့ မလုပ်ပါနဲ့)
  • ကိုယ့်ဘဏ္ဍာရေးအခြေအနေကို ကိုယ်သိအောင်လုပ်ပါ။
  • လဲကျလည်းပြန်ထပါ လို့ ပြောချင်ပါတယ်။

ဒေါက်တာစောနေနွယ်ရဲ့ စကားလေးတွေက စာချစ်သူတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်စာချစ်သူတို့ရေ…။ ဂန္ထဝင်စာချစ်သူတွေအားလုံးလည်း ရည်မှန်းချက်တွေဆီကို တစိုက်မတ်မတ်လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။