“သူတစ်ပါးရဲ့ ဝေဖန်သံတွေကြားမှာ မလဲပြိုပါစေနဲ့” ဆိုတဲ့ မထက် (Pop Soul) နဲ့ ငါးမိနစ်တာ အမေးအဖြေ

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အောင်မြင်ထင်ရှားသူများနဲ့ အမေးအဖြေကဏ္ဍလေးကို ကျွန်မတို့ဂန္ထဝင်မဂ္ဂဇင်းမှာ အပတ်စဉ်တင်ဆက်လျက်ရှိပါတယ်။ ယခုတစ်ပတ်မှာတော့ မိတ်ကပ်လောကမှာ နာမည်သတင်းကြီးပြီး အားလုံးက သိပ်ချစ်ကြတဲ့ မထက်နဲ့ တွေ့ဆုံမေးမြန်းခန်းလေးကို စာဖတ်ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ မင်္ဂလာပါအစ်မ။ ပထမဆုံးအစ်မရဲ့ ကိုယ်ရေးအကျဉ်းလေးကို ပြောပြပေးပါဦးနော်။

အစ်မနာမည်ကတော့ မိတ်ကပ် မထက် (pop soul) ပေါ့နော်။ အစ်မအလုပ်အကိုင်ကတော့ မိတ်ကပ်လိမ်းတာရယ်၊ အစ်မအခုဆိုရင် TV Programs တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ်လည်းပါတယ်။ ပြီးတော့ သတို့သမီးဝတ်စုံတွေ ငှားရမ်းချုပ်လုပ်တာတွေလည်း လုပ်တယ်။

၂။ အစ်မရဲ့လတ်တလော လှုပ်ရှားလုပ်ကိုင်နေတဲ့ အလုပ်တွေအကြောင်းလည်း အနည်းငယ်သိပါရစေ။

အစ်မရဲ့ ဆိုင်အလုပ်ဖြစ်တဲ့ သတို့သမီးမိတ်ကပ်လိမ်းတာတွေလုပ်တယ်။ နောက်ပြီးတော့ TV programs တွေရိုက်တယ်။ နောက်ကြော်ငြာ အနည်းငယ်ရိုက်ဖြစ်တယ်ပေါ့နော်။

၃။ အစ်မ မိတ်ကပ်လောကထဲကို ဘယ်အချိန်က စတင်ရောက်ရှိခဲ့တာပါလဲ။

အစ်မ မိတ်ကပ်လောကထဲကို စတင်ဝင်ရောက်တာကတော့ ၂ဝဝ၄ မှာ အစ်မဆိုင်စဖွင့်တာ Beauty Saloon စလုပ်တာ။ အဲ့ဒါပြီးမှ ၇ နှစ် ၈ နှစ်လောက်မှ အစ်မ ဒီမိတ်ကပ်လောကထဲကိုရောက်တာပေါ့နော်။

၎။ မထက်ရဲ့ ဘဝမှာ အကြီးဆုံးစိန်ခေါ်မှုက ဘာလဲ။ အဲဒါကို ဘယ်လိုခံယူချက်တွေနဲ့ ကျော်လွှားနိုင်ခဲ့ပါသလဲ။

အစ်မအတွက်ကတော့ အရာရာ အလုပ်ကို ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာ အစ်မအတွက်တော့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါပဲ။ အဲ့ဒီ့အတွက်ကြောင့် အစ်မရဲ့ အားနည်းချက်တွေအားလုံးကို အားသာချက်ဖြစ်အောင် အမြဲတမ်းကျော်လွှားတယ်။ အစ်မအမြဲတမ်းသူများရဲ့ ဝေဖန်ထောက်ပြမှုတွေကို အကုန်လုံး ဘယ်တော့မှ စိတ်ဆိုးလေ့မရှိဘူး။ တတ်နိုင်သမျှ အဲ့ဒါတွေကို နားထောင်ပြီးတော့ အစ်မဘာလုပ်လဲဆိုတော့ အစ်မ အားနည်းချက်လို့ထင်တာမှန်သမျှကို အားသာချက်ဖြစ်အောင် ကျော်လွှားတယ်။ ကျော်လွှားရင်းနဲ့ပဲ အစ်မဒီနေရာကို ရောက်လာတာပေါ့နော်။

၅။ ကိုယ်ရဲ့ professional မှာ passionate ဖြစ်ဖို့ ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။

အစ်မ ဒီအလုပ်လုပ်တယ်ဆိုတာ အစ်မလှချင်လို့လုပ်တာပေါ့နော်။ အစ်မလှချင်လို့ထဲမှာမှ သူများတွေကို လှအောင် ဖန်တီးပေးမယ်ဆိုတဲ့စိတ်နဲ့ ဒီလောကထဲကို ရောက်လာတယ်။ ရောက်လာရင်းနဲ့ပဲ အစ်မအမြဲတမ်း စေတနာ အကျိုးပေးဆိုတာယုံတယ်။ အဲ့အတွက်ကြောင့် အစ်မအမြဲတမ်းစေတနာထားပြီး အဓိကလုပ်တယ်။ အစ်မက လူမူရေးဘက်လည်း အားနည်းတယ်။ ပေါင်းသင်းဆက်ဆံရေးဘက်လည်း အားနည်းတယ်။ ဒါပေမဲ့ အစ်မ စေတနာတစ်ခုကို အရင်းပြုရင်း လုပ်ရင်း လုပ်ရင်းနဲ့ပဲ အစ်မဒီလုပ်ငန်းကို အောင်မြင်လာတယ်ပေါ့နော်။ အဓိကကတော့ ဘာလုပ်လုပ်စေတနာထားရမယ်ဆိုတာကတော့ အစ်မအတွက်လက်ကိုင်တစ်ခုပဲပေါ့နော်။

၆။ အခက်အခဲတွေကြုံလာတဲ့အခါ ကြံ့ကြံ့ခံနိုင်အောင် ကိုယ့်ကိုယ်ကိုဘယ်လိုစိတ်ဓာတ်တွေ မွေးမြူထားပါသလဲ။

အခက်အခဲတွေကြုံလာတဲ့အခါ ကြံ့ကြံ့ခံနိုင်အောင်ဆိုလို့ရှိရင်တော့ ကြံ့ကြံ့ခိုင်နိုင်လား၊ မခံနိုင်လား အစ်မလည်း ကိုယ့်ကိုယ်ကိုတော့ သေချာမသိဘူး။ ဒါပေမဲ့ အစ်မကြိုးစားပြီးတော့ အမြဲတမ်းရပ်တည်တယ်။ အစ်မ စိတ်ညစ်တဲ့အခါတိုင်း အမြဲတမ်းတွေးမိတာက ဒါတွေကအမြဲမဟုတ်ဘူးဆိုတာ အမြဲတမ်းတွေးတယ်။ နာကျင်မှုတွေဖြစ်လာတဲ့အခါတိုင်း ဒါတွေဟာအမြဲမဟုတ်ဘူး။ ဒါတွေဟာ တစ်နေ့ပြီးသွားမှာ ပြီးသွားတဲ့အခါကျလို့ရှိရင် ပျော်စရာကောင်းတဲ့အချိန်ကို ရောက်လာမှာ လက်ရှိဖြစ်နေတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့ဟာတွေ အကုန်လုံးဟာ တစ်ချိန်ကျရင် ပြီးသွားမှာ ဖြစ်တယ်။ ပုံမှန်နဲ့ အေးအေးဆေးဆေး လမ်းမှန်အတိုင်း ဆက်လျှောက်သွားမယ်ဆိုလို့ရှိရင် တစ်နေ့ကိုယ်ဖြစ်ချင်တဲ့အရာတွေ အားလုံးဖြစ်လာလိုက်မယ်လို့ အစ်မအမြဲတမ်းတွေးတယ်။ အဲ့လိုစိတ်နဲ့ပဲ အစ်မသွားခဲ့တယ်ပေါ့နော်။

၇။ အစ်မဘဝမှာ လက်ကိုင်ထားတဲ့ လက်စွဲဆောင်ပုဒ်ကဘာလဲ။

အဓိကက စေတနာကောင်းလျှင် ကံကောင်းမည်ပေါ့။ ကြိုးစားနေသ၍ ပန်းတိုင်ကိုရောက်မယ်။

၈။ လူငယ်တွေရဲ့ အောင်မြင်မှုအပေါ် မီဒီယာရဲ့ အကျိုးသက်ရောက်ပုံလေးကိုလည်း အစ်မအမြင်လေးကို ပြောပြပေးပါဦး။

အခုခေတ်ကကျတော့လေ လူငယ်တွေအောင်မြင်ဖို့ အရမ်းကိုလွယ်ကူတဲ့ခေတ်ကြီး ဖြစ်သွားတယ်ပေါ့နော်။ အစ်မလည်း မီဒီယာကြောင့်ပဲ အောင်မြင်လာသလို အခုခေတ်ကလေးတွေဆို မီဒီယာနဲ့ ပိုပြီးတော့တောင် ထိတွေ့ ဆက်ဆံနိုင်လာတယ်။ မီဒီယာတွေပေါ်မှာ ကိုယ့်ကိုယ်ပိုင်မီဒီယာအနေနဲ့ ဥပမာ Facebook တို့၊ Instagram တို့ ဒါမျိုးတွေသုံးရင်းနဲ့ပဲ ကိုယ်ဟာတိုင်းသိပြည်သိလူတစ်ယောက်ဖြစ်သွားဖို့၊ ကိုယ်ဟာပိုပြီးဖန်တီးနိုင်တဲ့ အနေအထားကို ရောက်တဲ့အတွက် ကောင်းတဲ့အချက်တွေ အများကြီးရှိပါတယ်။ အစ်မကိုယ်တိုင်လည်း Facebook ကနေ ပတ်သက်ပြီးတော့ လုပ်ငန်းက ပိုပြီးတွင်ကျယ်လာတယ်။ ပိုပြီးလူသိများလာတယ်။ အဲ့အတွက်ကြောင့် မီဒီယာရဲ့ အကောင်းကျိုးတွေကို ကိုယ်ကရှာဖွေပြီး ဖန်တီးနိုင်လို့ရှိရင် နေရာတစ်နေရာရောက်ဖို့ အခုခေတ်ကအရမ်းလွယ်သွားပြီပေါ့နော်။

၉။ အစ်မရဲ့ မိတ်ကပ်အိုင်ဒီယာတွေဟာ အမြဲထူးခြားဆန်းသစ်နေတာတွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာတွေလေ့လာဆည်းပူးဖြစ်ပါသလဲ။

အစ်မရဲ့ မိတ်ကပ်ပိုင်းအိုင်ဒီယာဆိုလို့ရှိရင် ပတ်ဝန်းကျင်က နာမည်ကျော်ထိပ်တန်းမိတ်ကပ် artist တွေကို အမြဲလေ့လာတယ်။ ပြီးလို့ရှိရင် နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ ထိပ်တန်းမိတ်ကပ် artist တွေ၊ blogger တွေကို အမြဲတမ်းလေ့လာတယ်။ ဒီဟာတွေ အကုန်လုံးကို လိုက်လေ့လာတယ်။ ပစ္စည်းတွေရော အကုန်လေ့လာတယ်။ လေ့လာပြီး ဒါတွေကို ကိုယ့်ရဲ့ စိတ်ခံစားမှုပိုင်းနဲ့ ပေါင်းဆက်ပြီးတော့ ဖော်ပြီးတော့ပဲ အစ်မတို့ တီထွင်သွားရတာပေါ့နော်။

၁ဝ။  အလုပ်တွေနဲ့ အမြဲတမ်း မအားမလပ်ဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်အတွက် ဘယ်လိုအချိန်ပေးဖြစ်လဲ။

အစ်မ အလုပ်တွေနဲ့ အမြဲတမ်း မအားမလပ်ဖြစ်တတ်တယ်။ အဲဒီ့မအားမလပ်ဖြစ်နေတဲ့အတွက်လည်း အစ်မကိုယ်အစ်မကျေနပ်တယ်။ အစ်မအလုပ်အားသွားတာဟာ ဒါဟာအစ်မရဲ့ နည်းနည်းဆုံးရှုံးမှုတွေ ရှိတယ်လို့ အမြဲတမ်းတွေးတယ်။ အစ်မ အလုပ်နဲ့ ဒွန်တွဲနေရတာကို ကြိုက်တယ်။ အလုပ်ကြောင့် ပင်ပန်းနေရတာကိုလည်း စိတ်ညစ်သလို၊ အလုပ်ကြောင့် ပင်ပန်းနေရတာကိုလည်း ပျော်တယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်တဲ့လူတစ်ယောက်သာလျှင် အလုပ်များတာ၊ မအောင်မြင်ရင် အစ်မ ဒီအလုပ်တွေရှိမှာ မဟုတ်ဘူးဆိုတော့ အစ်မအမြဲကိုယ့်ကိုယ်ကိုလည်း အားပေးလေ့ရှိတယ်။ အဲဒီ့လို အလုပ်တွေများဖို့လည်း အစ်မနေ့စဉ်နဲ့အမျှ ကြိုးစားတယ်။ ဘယ်တော့မှ မရပ်တန့်ဘူး။ ဘာလို့လဲဆိုတော့ အစ်မတို့ အသက်ကြီးလာတဲ့အထိ အလုပ်တွေလုပ်ရဦးမယ်။ အဲဒီ့အလုပ်တွေလုပ်ပြီး အသက်ကြီးတဲ့အထိ ရေရှည်ရပ်တည်ဖို့ဆိုတာ ပုံမှန် ဖြည်းဖြည်းနဲ့ မှန်မှန် quality ကောင်းကောင်းရပ်တည်နေမှ အစ်မတို့ရပ်တည်လို့ရမှာ ဖြစ်တဲ့အတွက် ဒါပိုပြီးကြိုးစားဖြစ်တယ်ပေါ့နော်။

၁၁။ ဘဝမှာ ဘယ်လိုအလဲထိုးမှုတွေနဲ့ပဲ ကြုံရပါစေ အစ်မကို တစ်ဖန်ပြန်လည်ထူမတ်နေအောင် ပဲ့ကိုင်ထားတဲ့အရာက ဘာလဲ။

ကိုယ့်ကိုယ်ကို အမြဲတမ်းထူမတ်နိုင်အောင် ပဲ့ကိုင်ထားတဲ့အရာက ကိုယ့်ရဲ့စိတ်ပဲ။ လဲကျအောင်လုပ်တာလည်း ကိုယ့်စိတ်ပဲ။ ထူမတ်တာလည်း ကိုယ့်စိတ်ပဲ။ အဲ့ဒီ့အတွက် အစ်မက ကိုယ့်ရဲ့စိတ်ကို ဘယ်သူတစ်ဦးတစ်ယောက်က ကူညီသည်ဖြစ်စေ၊ ဖြောင်းဖျသည်ဖြစ်စေ ကိုယ်စိတ်ပါမှ ဒီနေရာတွေကနေ ထူမနိုင်မှာ။ အဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို အမြဲတမ်းအားပေးတယ်၊ နှစ်သိမ့်တယ်၊ ဖေးမတယ်၊ ဆွဲခေါ်တယ်။ အဓိကကတော့ စိတ်အရမ်းကျတယ်၊ စိတ်အရမ်းညစ်လာတဲ့အခါကျရင် အစ်မစာဖတ်တယ်။ ပြီးလို့ရှိရင် အစ်မ မိဘ၊ ဒါမှမဟုတ် အစ်မကို အားပေးနိုင်တဲ့လူကြီးသူမ၊ စီနီယာတွေရဲ့ ဆုံးမစကားကိုနားထောင်တယ်။ အဲဒီ့ကနေပြီးတော့ပဲ အစ်မကိုယ်အစ်မ ဆွဲထူတာပေါ့နော်။

၁၂။ အစ်မအနေနဲ့ ဘယ်လိုစာပေတွေကို ဖတ်ရှုလေ့လာဖြစ်လဲ အစ်မ။

အစ်မ စာကတော့ သုတ၊ ရသ အစုံဖတ်ပါတယ်။ အစ်မ စာဖတ်ရတာ ဝါသနာပါတဲ့ လူတစ်ယောက်တော့မဟုတ်ဘူး။ စာဖတ်လို့ရှိရင် အသိဥာဏ်ကောင်းတွေ၊ ဗဟုသုတတွေနဲ့ ကိုယ့်ကိုယ်ကိုဆွဲမတ်နိုင်တယ်လို့ ထင်တဲ့အတွက် အစ်မ ကိုယ့်ကိုယ်ကိုစိတ်ဓာတ်ခွန်အားပေးတဲ့စာတွေကို အစ်မကြိုးစားပြီးတော့ ဖတ်လေ့ရှိတယ်။

၁၃။ အနုပညာအပြင် အခြားဘာတွေဝါသနာပါလဲ အစ်မ။

အစ်မ ဒီအလုပ်ထက်စာလို့ရှိရင် အစ်မဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်။ သူများကို ရိုက်ပေးရတာ ဝါသနာပါတယ်။ ကိုယ့်ကိုယ်ကို ရိုက်ရတာလည်း ဝါသနာပါတယ်။ အစ်မ အကျီင်္ချုပ်တာ၊ ဒီဇိုင်းထွင်ရတာမျိုးတွေလည်း ဝါသနာပါတယ်။

၁၄။ မထက်ရဲ့ အနာဂတ်ဘဝကို ဘယ်လိုစိတ်ကူးပုံဖော်ထားပါသလဲ။

အစ်မက နိုင်ငံတကာကနာမည်ကျော်ကြားတဲ့ Fashion Designer တွေကို မိတ်ကပ်ဆရာတွေထက် ပိုသဘောကျတယ်။ သူတို့လိုမျိုး အသက်၇ဝကျော်၊ ၈ဝ ကျော်အထိ ဒီ industry ထဲမှာရှိနေချင်တယ်ပေါ့နော်။ အဲဒီလိုလူမျိုးတစ်ယောက်ဖြစ်ဖို့ အစ်မကြိုးစားကြည့်ချင်တယ်ပေါ့နော်။

၁၅။ သက်ဆိုင်ရာနယ်ပယ်မှာ အောင်မြင်မှုရအောင် ကြိုးစားနေတဲ့ ဂန္ထဝင်ညီမငယ်လေးတွေအတွက် အားဖြည့်စကားလေးပြောပေးပါဦးအစ်မ။

သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူတွေကို အားပေးပါဆိုရင်တော့ အစ်မက အလုပ်ကိုစေတနာထားပါ။ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်ဘာလုပ်နေလဲဆိုတာကို တစိုက်မတ်မတ်ကြည့်ပါ။ သူများရဲ့ ဝေဖန်သုံးသပ်မှုတွေကြားမှာ မလဲပြိုပါစေနဲ့။ ကိုယ့်အလုပ်ကိုယ်သာ စေတနာထားပြီးတော့ တစိုက်မတ်မတ် မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်ပြီး ရှေ့ကိုတည့်တည့်လျှောက်မယ်ဆိုလို့ရှိရင် ကိုယ်ဖြစ်ချင်တဲ့ဘဝတွေ၊ ကိုယ်လျှောက်ချင်တဲ့ပန်းတိုင်တွေကို ရောက်ကိုရောက်မှာ ကျိန်းသေပါတယ်။ အချိန်တစ်ခုတော့ ယူရပါတယ်။ အဲဒီအတွက်ကြောင့် အချိန်တစ်ခုပေးနေတဲ့ကြားမှာ မလဲပြိုပါစေနဲ့။ ဖြည်းဖြည်းနဲ့မှန်မှန်သွားပါ။ ပန်းတိုင်ဆိုတာ ရောက်ကိုရောက်ပါတယ်။

အခုလိုမျိုး ကိုယ့်ဘဝရဲ့ ကြိုးစားမှု၊ ခံယူချက်တွေအကြောင်းကို ဝေမျှပြီး ဂန္ထဝင်စာဖတ်ပရိသတ်ညီမငယ်လေးတွေကို စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ မထက် (Pop Soul) ကို ဂန္ထဝင်ပရိသတ်များနဲ့ ဂန္ထဝင်ဝိုင်းတော်သားများက အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်း အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။