သုညဘဝကနေ ကမ္ဘာအချမ်းသာဆုံးအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်လာခဲ့သူတစ်ဦး

blank
Photo Source: Harry Potter Universe Blogspot

ငယ်ငယ်တုန်းက လူတိုင်းအသည်းကျော်ဖြစ်ခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေကို မှတ်မိကြသေးရဲ့လား ပရိသတ်ကြီးရေ….

ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ ဖန်တီးရှင် ဂျေ ကေ ရိုးလင်း (J K Rowling) ရဲ့ အောင်မြင်မှုကို ကျွန်မတို့အားလုံးသိကြပေမဲ့ သူမရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ပုန်းလျှိုးနေတဲ့ ကြိုးစားရုန်းကန်မှုတွေကိုတော့ သိသူနည်းကြပါတယ်။

ဘဝမှာအောင်မြင်ချင်သူတိုင်းက အခက်အခဲအတားအဆီးတွေကြုံရမှာ ဓမ္မတာဖြစ်ပေမဲ့ ပရိသတ်များစွာတို့ရဲ့အချစ်တော် ဟယ်ရီပေါ်တာဆိုတဲ့ ဇာတ်ကောင်လေးကို မွေးဖွားပေးနိုင်ခဲ့တဲ့ ဂျေ ကေ ရိုးလင်း (J.K.Rowling) ကတော့ ပိုပြင်းတဲ့ ဘဝရိုက်ချက်တွေကို ခံခဲ့ရတယ်။ သူမရဲ့ဘဝအစပိုင်းမှာတုန်းက ဟယ်ရီပေါ်တာရဲ့ ပထမဆုံးစာအုပ်  “ဟယ်ရီပေါ်တာနှင့် အတွေးအခေါ်ပညာရှင်ကြီးရဲ့ မှော်ကျောက်တုံး” လို့ အမည်ရတဲ့ မှော်စာအုပ်လေးကို ပုံနှိပ်ထုတ်ဝေခွင့်ရလိမ့်မယ်လို့ သူမ စိတ်တောင်မကူးဝံ့ခဲ့ဘူး။

၁၉၉၁ ခုနှစ်ကာလ အသက် ၂၅နှစ်အရွယ် ရိုးလင်းဟာ မိခင်ဖြစ်သူနဲ့အတူ မန်ချက်စတာ မြို့တော်မှာ နေထိုင်းရင်း စာတွေကိုစရေးခဲ့တယ်။ ထူးခြားတဲ့ ဇာတ်ကောင်တွေကို အသက်သွင်းရင်း စာပေလောကကို အခြေချဖို့ ကြိုးစားနေခိုက်မှာပဲ သေမင်းစေတမန်က သူမရဲ့မိခင်ကို ရုတ်တရက် ဆွဲခေါ်သွားခဲ့ပါတယ်။ ပြင်းထန်ခတ်ထန်တဲ့ မုန်တိုင်းကြောင့် အစိတ်စိတ်အမွှာမွှာပြိုလဲခဲ့ရတဲ့ သူမဘဝကိုထောင်မတ်ဖို့ ကြိုးစားရင်း စာတွေကို ကြိုးစားရေးခဲ့တယ်။ သူမရဲ့အဓိက ဇာတ်ကောင်ဟယ်ရီပေါ်တာရဲ့ မိဘတွေကိုဆုံးရှုံးလိုက်ရတဲ့အပိုင်းဟာ သူမရဲ့ လက်တွေ့ဘဝကို အခြေခံပြီးဖြစ်ပေါ်လာခဲ့တာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။

သူမရဲ့မိခင်သေဆုံးပြီးတဲ့နောက်မှာ သူမဟာ ပေါ်တူဂီကို ပြောင်းလာခဲ့ပြီး အင်္ဂလိပ်စာဆရာမအဖြစ်အလုပ်ဝင်ခဲ့တယ်။ ၁၉၉၂ ခုမှာတော့ သူမဟာပေါ်တူဂီသား ဂျာနယ်လစ်တစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးကံ မကောင်းခဲ့ရှာပါဘူး။ သူမရဲ့သမီး ဂျက်ဆီကာ (Jessica) ကိုမွေးဖွားပြီးချိန်၊ သူမရဲ့အိမ်ထောင်သက် ၁၃ လမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီး အေဒင်ဗက်ခ်ျ (Edinburgh) ကိုပြောင်းလာခဲ့ပြန်ပါတယ်။

၁၉၉၃ ခု နှောင်းပိုင်းမှာတော့ သူမဘဝရဲ့ အခြေအနေတွေက ဆိုးသထက်ဆိုးလာခဲ့ပါတယ်။ လသားအရွယ်သမီးလေးနဲ့အတူ တိုက်ခန်းကျဉ်းလေးထဲမှာနေထိုင်ရင်း ဝင်ငွေတပြားမှမရှိဘဲ ရုန်းကန်နေရတဲ့ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခဟာ စာဖွဲ့လို့တောင် မရနိုင်ခဲ့ပါဘူး။ စိတ်ဓာတ်ကျမှုတွေကြောင့် ကိုယ့်ကိုယ်ကိုသတ်သေဖို့တောင် စိတ်ကူးမိခဲ့ပေမယ့် လသားအရွယ်သမီးငယ်နဲ့ ရေးလက်စ ဟယ်ရီပေါ်တာ သုံးခန်းဟာ သူမအသက်ရှင်ဖို့အတွက် အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပါတယ်။

သူမရဲ့စိတ်ဓာတ်ကျမှုတွေကပဲ ဇာတ်ကောင်ဆိုးတွေကို အသက်သွင်းဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ သမီးလေးကိုလည်းစောင့်ရှောက်ရတာကြောင့် သူမရဲ့သမီးအိပ်နေချိန်တွေမှာ ကဖီးဆိုင်မှာထိုင်ပြီး စာရေးခဲ့ပါတယ်။ သူမရဲ့တိုက်ခန်းအငှားရခဲ့ပေမဲ့ တိုက်ခန်းငှားခနဲ့ အစိုးရထောက်ပံ့ကြေးအနည်းငယ်ကို သူမသမီးလေးအတွက်ပဲ အသုံးပြုခဲ့ပါတယ်။ ဘဝရဲ့အခက်အခဲတွေက သူမကိုပြိုလဲသွားအောင် ရိုက်ခတ်ပေမဲ့ စာရေးခြင်းက သူမကိုထူမတ်ပေးနိုင်ခဲ့တယ်။ ကြမ်းတမ်းခက်ခဲတဲ့အချိန်တွေမှာ လောကဓံကိုအံတုရင်း သူမရဲ့စိတ်ဓာတ်တွေ ပိုမိုပြင်းထန်လာခဲ့တယ်။ သူမရဲ့စိတ်ရှည်သည်းခံမှုနဲ့ ဇွဲကြီးမှုတွေကြောင့် ငါးနှစ်အကြာမှာ ဟယ်ရီပေါ်တာ ပထမစာအုပ်ကပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့စာအုပ်ကို ပုံနှိပ်ထုတ်ဝေချိန်ရောက်လာတဲ့အခါမှာတော့ အခက်အခဲတွေကို ကြုံရပြန်ရော။ ဖြန့်ချိရေးကုမ္ပဏီ ၁၂ ခုက သူမရဲ့စာအုပ်ကို “အဓိပ္ပါယ်မရှိဘူး” လို့ ခေါင်းစဉ်တပ်ပြီး ထုတ်ဝေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လန်ဒန်မှာရှိတဲ့ ဘလွန်းဘူရီ (Bloomsbury) ထုတ်ဝေရေးက ဒေါ်လာ ၄ဝဝဝ နဲ့ သူမရဲ့ စာအုပ်ကို ဝယ်ခဲ့ပါတယ်။ မျှော်လင့်မထားခဲ့ပေမဲ့ သူမရဲ့စာအုပ်ဟာ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်လာခဲ့ပြီး ဗြိတိသျှ (British) ကပေးတဲ့ Children’s Book of the Year ဆုကိုရရှိခဲ့ပါတယ်။

ဟယ်ရီပေါ်တာ စာအုပ်လေးအုပ်မြောက်ကိုရေးပြီးချိန်မှာတော့ သူမဟာစံချိန်အားလုံးကို ချိုးပစ်နိုင်ခဲ့ပါတယ်။ သူမရဲ့စာအုပ်တွေဟာ သန်းပေါင်း ၄၅ဝကျော်ရောင်းခဲ့ရပြီး သူမ ဘဝကို လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ သူမဟာ ကမ္ဘာ့အချမ်းသာဆုံးစာရေးဆရာမတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သုညဘဝကနေ သန်းကြွယ်သူဠေးဘဝကိုရောက်လာခဲ့တဲ့ သူမရဲ့ဘဝဟာ ကျွန်မတို့ဘဝအတွက် စံနမူနာကောင်းတွေဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်ကြီးရေ…

ကျွန်မတို့ဘဝမှာ အောင်မြင်မှုကိုလိုချင်ရင် ကျရှုံးမှုတွေကြုံရမှာမလွဲပါဘူး။ ဒါပေမဲ့ ကျရှုံးမှုတွေက အောင်မြင်မှုအတွက် အဟန့်အတားတွေမဖြစ်ပါစေနဲ့။

အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အောင်မြင်မှုကိုတည်ဆောက်ဖို့ အုတ်မြစ်အဖြစ်အသုံးချပါ။ အောင်မြင်မှုဆိုတာ ခဏလေးနဲ့ ရလာတဲ့အရာမဟုတ်ပါဘူး။

ဂျေကေရိုးလင်းရဲ့ ဘဝကို အားကျအတုယူပြီး ဂန္ထဝင်ညီမငယ်များအနေနဲ့လည်း ပန်းတိုင်ဆီကို စိတ်ရှည်သည်းခံဇွဲသန်စွာနဲ့ တရွေ့ရွေ့လျှောက်လှမ်းပြီး အောင်မြင်မှုဆိုတဲ့ အလှဆုံးပန်းလေးကိုပန်ဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဂန္တဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်လိုက်ရပါတယ်ရှင်။