စီးပွားရေးလုပ်ငန်းမှာသာမက မိသားစုဘဝမှာပါ အောင်မြင်နေတဲ့ မြန်မာ့သြဘာလုပ်ငန်းစုမှ မစိုးမာလာ။

blank

“အောင်မြင်တဲ့ အမျိုးသားတိုင်းရဲ့နောက်ကွယ်မှာ အကောင်းဆုံးပါရမီဖြည့်ပေးနေတဲ့ ဇနီးကောင်းတစ်ယောက်ရှိပါတယ်။” ဒီစကားလေးက အရမ်းကို မှန်ကန်ပါတယ်။ ထက်မြက်တဲ့မိန်းမသားဆိုတာ ကိုယ့်ကိုယ်ကို အတွက်သာမက ခင်ပွန်းအတွက်၊ မိသားစုဝင်တွေအတွက်ပါ အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရပါတယ်။

ဒီတစ်ပတ်မှာတော့ မြန်မာ့သြဘာလုပ်ငန်းစုမှ မစိုးမာလာရဲ့ အကြောင်း၊ သူမရဲ့ ထက်မြက်မှု၊ မိသားစုအပေါ်အကောင်းဆုံးဖြည့်ဆည်းမှုတွေကို ဂန္ထဝင်ပရိသတ်ကြီးသိရှိစေဖို့ ငါးမိနစ်တာ အင်တာဗျူးအစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ မင်္ဂလာပါအစ်မ။ အစ်မရဲ့ အကြောင်းလေးနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါဦးနော်။

အစ်မ နာမည်က မစိုးမာလာပါ ။ အစ်မ အကြောင်းကတော့ သိပ်ပြီးထွေထွေထူးထူး မရှိပါဘူး။ သာမန်အိမ်ရှင်မပါပဲရှင့်။

၂။ အစ်မရဲ့ ပညာအရည်အချင်းနဲ့ မိသားစုအကြောင်းလေးကိုရော ပြောပေးပါဦး။

အစ်မ Botany Major နဲ့ ဘွဲ့ရထားတာပါ။ မောင်နှမ ၅ ယောက်မှာ အငယ်ဆုံးပါ ။ အစ်မ အမျိုးသားက ဦးသတိုးဟိန်းပါ။ အစ်မမှာ သား ၃ ယောက် ရှိပါတယ်။ သားကြီးက အသက် ၂ဝ၊ သားလတ်က ၁၇ နှစ်နဲ့  သားငယ်လေးက ၁၃ နှစ်ရှိပါပြီရှင် ။

၃။ အခုလက်ရှိမြန်မာ့သြဘာကုမ္ပဏီမှာ အစ်မက ဘယ်အပိုင်းကို အဓိကတာဝန်ယူပြီး ဆောင်ရွက်ပေးနေပါသလဲ။

အစ်မက မြန်မာ့သြဘာမှာ Director တာဝန်ယူထားပေမဲ့ အစ်မ ခုတကယ်လက်ရှိ တာဝန်ယူထားရတာက  အစ်မ တို့  office tower ရဲ့  property development နဲ့ property management ပိုင်းမှာ Managing Director အဖြစ် တာဝန်ယူထားရပါတယ် ။

၎။ “အောင်မြင်တဲ့အမျိုးသားတိုင်းရဲ့ နောက်ကွယ်မှာ အကောင်းဆုံးပါရမီဖြည့်ပေးနေတဲ့ ထက်မြက်တဲ့ဇနီးကောင်းတစ်ယောက်ရှိပါတယ်။” အစ်မ ဒီစကားလေးအပေါ် ဘယ်လိုမြင်သလဲ။

အစ်မအနေနဲ့ကတော့ အောင်မြင်တယ်ဆိုတာ အောင်မြင်သူကိုယ်တိုင်ရဲ့  ကံ၊ဉာဏ်၊ဝီရိယ က ၉ဝ% ပါတာပါ။ ဘေးကပံ့ပိုးမှုရဲ့ သက်ရောက်မှုက ၁ဝ% လောက်ပဲပါဝင်ပါတယ်။ ဇနီးကောင်း တယောက်အနေနဲ့ ပါရမီ ဘယ်လောက်ဖြည့်ဖြည့် ခင်ပွန်းရဲ့ကြိုးစားမှုနဲ့  သူ့ရဲ့ကံ၊ဉာဏ်၊ဝိရိယကသာ အဓိကလို့  အစ်မထင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ပါရမီဖြည့်ဘက်ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်ခင်ပွန်း အခက်အခဲတွေကြုံပြီး စိတ်ညစ်နေတဲ့အချိန်တွေမှာ အားပေးနှစ်သိမ့်ပြီး စိတ်ခွန်အားတွေ ပေးရတယ်ပေါ့နော်။ အစ်မရော အစ်မအမျိုးသားကို ဘယ်လိုနည်းလမ်း၊ ဘယ်လိုနှစ်သိမ့်စကားတွေနဲ့ အားပေးခဲ့လဲ။

အစ်မက နောက်တန်းမှာနေပြီး အိမ်ရဲ့တာဝန်တွေအားလုံးကို ကိုသတိုး ပြန်လှည့်ကြည့်စရာမလိုအောင် တာဝန်ယူပေးတာရယ်၊ မိသားစုကျန်းမာရေး လူမူရေးတွေ တော်တော်များများကိုလဲ သူစိတ်ပူစရာမလိုအောင် ဆောင်ရွက်ပေး ထားတဲ့အတွက် အိမ်ကိစ္စ နဲ့ ပတ်သက်ရင် သူစိတ်အေးရပါတယ်။ နောက်ပြီး ကိုသတိုးက သူ့အခက်အခဲတွေ စိတ်ညစ်ရမဲ့ကိစ္စမျိုးတွေကို အိမ်မှာပြောခဲပါတယ်။ သူ့ဘာသာဖြေရှင်းတာများပါတယ်။ အမကအိမ် အခက်အခဲတွေကို ကိုယ်နိုင်သလောက် ဖြေရှင်းသလို သူကလဲ သူ့ အခက်အခဲတွေ သူ့ဘာသာရှင်းပါတယ်။ မိသားစုအရေးဆိုရင်တော့ မိသားစုဆုံပြီး မျက်နှာစုံညီဆွေးနွေးပြီး တစ်ယောက်ဆီက တစ်ယောက်အကြံဉာဏ်တွေ ဖလှယ်ပြီး ဖြေရှင်း ကြပါတယ်။ မိသားစုဖြေရှင်းခြင်းအားဖြင့် အားတက်စေပါတယ်။

၆။ အစ်မတို့မိသားစုလေးက အရမ်းကိုနွေးထွေးပျော်ရွှင်ပြီး ချစ်ခင်စည်းလုံးကြတဲ့ အားကျစရာမိသားစုလေးတစ်ခုဆိုတာ အရမ်းကို သိသာပါတယ်။ မိသားစုဘဝပျော်ရွှင်ဖို့ဆိုတာ အိမ်ရှင်မအပေါ်မှာ လုံးဝမူတည်တာကြောင့် အစ်မအနေနဲ့ ဘယ်လိုများကြိုးစားအားထုတ်ခဲ့ပါသလဲ။

မိသားစု ပျော်ရွှင်ဖို့ဆိုတာ မိသားစု တစ်ခုမှာပါဝင်တဲ့သူတိုင်းမှာ တာဝန်အပြည့်ရှိပါတယ်။ အစ်မ တစ်ယောက်ထဲ ကြိုးစားလို့မရပါဘူး။ မိသားစုတစ်စုမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ စာနာမှုချစ်ခင်ကြင်နာမှုတွေအပြင် အခက်အခဲတွေ တတူတူဖြေရှင်းကြရင် စည်းစည်းလုံးလုံး နဲ့ ပျော်စရာကောင်းတဲ့ နွေးထွေးတဲ့မိသားစုလေး ဖြစ်လာတာပါပဲ။

၇။ သားတွေအပေါ်မှာရော ဘယ်လိုစီမံအုပ်ချုပ်သလဲ။ သားလိမ္မာလေးတွေဖြစ်လာဖို့ ဘယ်လိုပြုစုပျိုးထောင်ခဲ့ပါသလဲ။

သားတို့ ငယ်ငယ်တုန်းကတော့ အစ်မကသားတို့  ကျန်းမာသန်စွမ်းရေး၊ အာဟာရပြည့်ဝရေးကို အဓိကထားပြုစုတယ်။ ပညာရေးပိုင်းက ကိုသတိုးက ရှေ့ဆောင်လမ်းပြပါ။ အရွယ်ရောက်လာကြတဲ့ အချိန်မှာတော့ သားတွေကို အစ်မရော ကိုသတိုးက လမ်းလွဲမလိုက်မိအောင် တည့်မတ်ပေးပါတယ်။ လုပ်သင့်တာ၊ မလုပ်သင့်တာတွေ ကိုယ်ပိုင် အတွေးအခေါ်နဲ့ စဉ်းစားဆုံးဖြတ်စေပါတယ်။

၈။ မိသားစုတာဝန်တွေနဲ့ မအားလပ်တဲ့ကြားက အစ်မအမျိုးသားနဲ့အတူ လုပ်ငန်းကိစ္စတွေ၊ events မှာ အစ်မကိုယ်တိုင် မပင်မပန်း ပါဝင်လှုပ်ရှားတာ တွေ့ရပါတယ်။  အဲ့ဒီအပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း ပြောပြပေးပါဦးရှင်။

ကုမ္မဏီက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုယ့်မိသားစုဝင်တွေပါပဲ။ မိသားစုပွဲမှာမိသားစုဝင် တစ်ယောက်အနေနဲ့  ပျော်ပျော်ပါးပါး ပါဝင်တာပါ။

၉။ 7Day TV ရဲ့ The Kitchen အစီအစဉ်မှာလည်း စားဖိုမှူးအဖြစ်ပါဝင်တာကို တွေ့ရပါတယ်။ ပါဝင်ဖြစ်ပုံလေးကို ပြောပြပေးပါဦး။

7Days က ညီမလေး စု ကကမ်းလှမ်းလာတာပါ။ ကိုယ့်ဝါသနာနဲ့လဲ ကိုက်ညီတာရယ်၊ အဲလို အစီအစဉ်လေးတွေ မျိုးလေးတွေလဲ အများကြီး ပေါ်ထွက်လာသင့်တယ်လို့ယူဆလို့ပါ။ ဒီလို အစီအစဉ်လေးတွေကြောင့် ချက်ပြုတ်ပြီး အိမ်မှာနေရတဲ့ အိမ်ရှင်မတွေအတွက် ချက်ပြုတ်ကြော်လှော်တတ်တာကို ဂုဏ်ယူစရာ တစ်ခုလို့  မြင်လာအောင်ပါ။

၁ဝ။ ဒီလို အနောက်တိုင်းမုန့်တွေရော၊ ရိုးရာမုန့်တွေကိုပါ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်အောင် ဘယ်လိုလေ့လာဖြစ်ခဲ့တာလဲ။

ငယ်တုန်းကတည်းက ဝါသနာပါခဲ့ပေမဲ့  အာရုံတစိုက် မလုပ်နိုင်ခဲ့ဘူး။  သားတို့  အရွယ်လေးတွေရောက်လာတော့ စားချင်တာတွေ ပူဆာတတ်လာကြတော့ သူတို့လေးတွေ ကြိုက်တတ်တာကို နည်းလမ်းတွေ ရှာပြီး ချက်ပြုတ်ပေးရင်းက ကိုယ့်ဝါသနာပြန်အစပျိုးလာတယ်။ အဲဒီအချိန်က ခုလိုတက်ရမဲ့ သင်တန်းတွေ အများကြီးမရှိသေးတာကြောင့် website တွေ YouTube တွေကပဲ ရှာကြံလေကျင့်ပြီး သင်ယူခဲ့ရတာပါ ။

၁၁။ နောက်ကျရင် ချက်ပြုတ်ရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် blog တွေ၊ စာအုပ်တွေရော ထုတ်သွားဖို့ အစီအစဉ်ရှိလား အစ်မ။

အရင်ကတော့ baking အတွက်ရော cooking အတွက်ရော blog တစ်ခုလုပ်ပြီး ဓါတ်ပုံတွေနဲ့ သေချာ အဆင့်ဆင့်လုပ်နည်းတွေရေးပါတယ်။ ဓါတ်ပုံရိုက်ရတာကိုလည်း ဝါသနာပါတော့ မုန့်လေးတွေ၊ ချက်ထားတဲ့ ဟင်းတွေကို သေချာဓါတ်ပုံရိုက်ပြီးရေးတာပါ။ အခုနောက်ပိုင်း အဲလောက် အသေးစိတ်လုပ်ဖို့ အချိန်မပေးနိုင်လို့  blog ရေးတာကို ခဏရပ်ထားတာပါ ။ ဒီထက်အချိန်ပို ထွက်လာရင်တော့ စာအုပ်ထုတ်ဖို့ ရော၊ blog ပြန်လုပ်ဖို့ရော ရှိပါတယ်။

၁၂။ သိုးမွေးချည်လေးတွေနဲ့ အရုပ်ကလေးတွေထိုးတဲ့ပညာရပ်လေးကိုရော အလုပ်တွေရှုပ်နေတဲ့ကြားက ဘယ်လိုလေ့လာဆည်းပူးခဲ့တာလဲ။

ဟိုး ၁ဝနှစ်သမီး လောက်ကတည်းက မေမေ့ဆီက တစ်ချောင်းထိုး ၂ ချောင်း ပညာအမွေတွေရထားတာပါ။ ဒီ အရုပ်လေးတွေ ခေတ်စားလာတော့ ထိုးကြည့်ချင်တဲ့စိတ်ပေါ်လာပြီး အစ်မတစ်ယောက်ရဲ့ guideline ယူပြီး အပျော်လုပ်ကြည့်တာပါ။ pattern ဖတ်နည်းကို အစ်မတစ်ယောက်က သင်ပေးတာပါ။

၁၃။ အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေကြား ကိုယ့်ကိုယ်ကိုအတွက်ရော အချိန်ပေးဖြစ်လား။ တစ်ယောက်တည်းကုန်ဆုံးတဲ့အချိန်တွေမှာ အစ်မလုပ်လေ့ရှိတဲ့ ဝါသနာက ဘာလဲ။

သားတို့ ငယ်တုန်းကတော့ အိပ်ချိန်ကလွဲရင် ကျန်တာသူတို့ အတွက် အချိန်ပေးထားတာပါ။ ကလေးတွေ အရွယ်ရောက်လာတော့ ဦးသတိုးက လုပ်ငန်းထဲခေါ်ပါတယ်။ အိမ်မှာကလည်း ကိုယ်ပဲဦးဆောင်ရပြန်တော့ ဟိုဘက် ဒီဘက်မျှအောင်အချိန်ပေးရပါတယ်။ အစ်မအတွက်ကတော့ အိမ်မှာနေရင်း အိမ်မှုကိစ္စလုပ်ရတဲ့အချိန်တွေက ကိုယ်ပိုင်အချိန်တွေပါ။ မိသားစုစားသောက်ဖို့  ပြင်ဆင်ချက်ပြုတ်ရတာကအစ်မရဲ့ဝါသနာပါ။

၁၄။ “အိမ်ထောင်တစ်ခုကို နိုင်တဲ့ မိန်းကလေး၊ အိမ်ထောင်တစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲတတ်တဲ့ မိန်းကလေးတစ်ယောက်က ကမ္ဘာကိုတောင် ကောင်းစွာစီမံတတ်တယ်။” ဆိုပြီး ပညာရှိတွေပြောတဲ့ စကားလေးရှိတယ်။ ဒါလေးအပေါ် အစ်မရဲ့ အမြင်လေးပြောပြပေးပါအုံး။

အိမ်ဆိုတဲ့ စကားလုံးက တစ်လုံးထဲပေမယ့် အင်မတန် စီမံခန့်ခွဲရခက်ပါတယ်။ ဗာဟီရကိစ္စတွေ များပါတယ်။ ကိုယ်ရဲ့ စီမံခန့်ခွဲမှုအောက်က ရက်ပိုင်းလေးလွတ်သွားရင်တောင် အိမ်မှာ လစ်ဟင်းတာတွေ ပျက်စီးတာတွေနဲ့ ပရမ်းပတာတွေဖြစ်ရပါတယ်။ ဒါတွေကို တစ်နေ့တစ်နေ့  စီမံအုပ်ချူပ်ရတာ လွယ်တော့မလွယ်လှပါဘူး။ ကမ္ဘာနဲ့သာချီပြီး အုပ်ချုပ်ရရင် ရူးများသွားမလားပဲ။ ကမ္ဘာကိုတောင် ကောင်းစွာစီမံတတ်တယ်ဆိုတာ အိမ်ထောင်စုတစ်ခုကို စီမံအုပ်ချုပ်ရတာ မလွယ်လှတာကို တင်စားပြောတာဖြစ်ပါလိမ့်မယ်။

၁၅။ အစ်မက ပရဟိတလုပ်ငန်းတွေမှာ ဝါသနာပါတာကိုလည်းတွေ့ရပါတယ်။ ဘယ်လိုပရဟိတမျိုးတွေ လုပ်လေ့ရှိသလဲအစ်မ။

အစ်မရော ကိုသတိုးရောက ပရဟိတလုပ်ရတာကို နှစ်သက်ကြပါတယ်။ တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုအပ်နေတဲ့ အနေအထားကို လေ့လာပြီး လှူဒါန်းမှုတွေလုပ်ပါတယ်။ လူနေထူထပ်တဲ့ ရပ်ကွက် တချို့မှာလဲ အခမဲ့ဆေးပေးခန်းလေးတွေ ဖွင့်ပြီး ဆေးဖိုးရော၊ကုသစရိတ်ပါ စရိတ်ငြိမ်းကုသပေးပါတယ်။ လမ်းဘေးကအန္တရာယ်ဖြစ်စေတဲ့  ဆေးမြီးတိုနဲ့ ဖြေရှင်းမဲ့အစား အစ်မဆေးခန်းက စနစ်တကျပေးတဲ့ ဆေးနဲ့ပျောက်ကင်းစေလိုတဲ့ ဆန္ဒနဲ့  ဖွင့်ပေးထားတာပါ။ နောက်ပြီး ရေရှားပါးတဲ့ နေရာမှာ ရေတွင်း၊ရေကန်တွေလှူပါတယ်။ တချို့ကျေးရွာတွေမှာ စာသင်ကျောင်းတွေ လိုအပ်ရင် စာသင်ကျောင်းတွေလှူပါတယ်။ လျပ်စစ်မီးလိုတဲ့နေရာမှာ လျှပ်စစ်မီးပေါ့။ အဲလို ကာလံ ဒေသံ အလိုက် လှူဒါန်းပါတယ်။

၁၆။ ဟိုတလောက ရေဘေးကြုံရတုန်းကလည်း ပြည်သူတွေအတွက် အစ်မတို့ မြန်မာ့သြဘာက ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီ့အကြောင်းလေးနဲ့ ကူညီလိုက်ရတဲ့ စိတ်ခံစားမှုလေးကိုရော ပြောပြပေးပါဦး။

ရေဘေးကြုံ ရတဲ့နေရာတွေက လူကြီး၊လူငယ်၊ကလေးတွေနဲ့  တိရစ္တာန်လေးတွေကအစ ဘယ်လောက် ဒုက္ခရောက်ကြရလဲဆိုတာ မြင်ရရုံနဲ့ စာနာလို့ရပါတယ်။ အခက်အခဲတွေဖြစ်ပြီး ဒုက္ခရောက်နေကြတဲ့သူတွေအတွက် ကုမ္ပဏီအနေနဲ့ရော မိသားစုအလှူအနေနဲ့ လှူဒါန်းပါတယ်။ အဲဒီအတွက်ခံစားချက်ကတော့ အတိုင်းမသိပီတိ ဖြစ်ရပါတယ်။

၁၇။ အစ်မဘဝမှာ အခက်အခဲတွေကြုံလာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းသလဲ။ အဲဒီ့လိုဖြေရှင်းနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေကိုရော ဘယ်လိုမွေးမြူခဲ့ပါသလဲ။

အစ်မဘဝမှာ အစ်မ တစ်ကိုယ်စာအတွက် အခက်အခဲဆိုတာ သိပ်မတွေခဲ့ပါဘူး။ ဒါကလည်း ရှေးဘဝက ကောင်းတာတွေ လုပ်ခဲ့တဲ့ ကုသိုလ်ကံကြောင့်ဖြစ်သလို၊ အစ်မ မှီခိုအားထားခဲ့ရတဲ့ အစ်မမိဘတွေ၊ အခု အစ်မမှီခို အားထားရတဲ့ အစ်မ ခင်ပွန်းရဲ့ပံ့ပိုးစောင့်ရှောက်ပေးမှုတွေကြောင့်ပါ။

မိသားစုနဲ့ ပတ်သက်ရင်လည်း အခက်အခဲဆိုတာမရှိအောင် အစကတည်းက နည်းစနစ်မှန်ကန်အောင် စီမံခဲ့ကြတော့ ပြောပလောက်အောင် မခက်ခဲခဲ့ဘူးလို့ပြောလို့ရပါတယ်။ မိသားစု တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းကြပါတယ်။ လုပ်ငန်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ ဦးသတိုးက သူကိုယ်တိုင်ဖြေရှင်းပါတယ်။ ခွန်အားအနေနဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ညှိနှိုင်းရင်း ရလာတဲ့အကြံဉာဏ်တွေ၊ အားပေးမှုတွေဟာ ခွန်အားတွေပါပဲ။

၁၈။ အစ်မရဲ့ ဘဝအောင်မြင်ဖို့အတွက် စွဲမြဲတဲ့ခံယူချက်က ဘာဖြစ်မလဲ။ အဲ့ဒါလေးကိုရော ပြောပြပေးပါဦး။

ရိုးသားစွာနေခြင်း၊ အရှင်းဆုံးစိတ်ထားခြင်းနဲ့  ဖြူစင်စွာနေခြင်းက အစ်မကို လူမှုနယ်ပယ်မှာ အောင်မြင်စေတဲ့ အကြောင်းတွေပါ။ လူမှုဆက်ဆံရေးမှာ အချင်းချင်း ရိုးသားစွာဆက်ဆံပါတယ်။ အရှင်းဆုံးစိတ်ကို ထားပါတယ်။ ဖြူစင်စွာတုန့်ပြန်ပါတယ်။ ကိုယ်က ရိုးသားစွာနေတဲ့အတွက် မရိုးသားတာတွေကို ချက်ချင်းမြင်နိုင်ပါတယ်။ စိတ်ကိုရှင်းထားတဲ့အတွက် ကိုယ့်မှာအန္တရာယ် ရှိလာတဲ့အခါ ထင်းခနဲ မြင်သာပါတယ်။ ဖြူစင်စွာ တုံ့ပြန်ခြင်းအားဖြင့် စိတ်သက်သာရရစေပါတယ်။

၁၉။ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေ လိုအပ်တယ်လို့ ထင်ပါသလဲ။

အမှန်အတိုင်းပြောရရင် အစ်မကိုယ်တိုင်က ထက်မြက်တဲ့သူ မဟုတ်ပါဘူး။

“မိန်းမတစ်ယောက်ဟာ

ထက်မြက်ဖို့ထက်

မြင့်မြတ်ဖို့ အရေးပိုကြီးပါတယ်။ “

စိတ်ဓါတ်ရိုးသားရမယ်၊ ဘယ်နေရာနေနေ ဘယ်သူ့အပေါ်ဖြစ်ဖြစ် သစ္စာ ရှိရှိ ဆက်ဆံ ရမယ်၊ လေးစားမှူ ရှိရမယ်၊ သတ္တိရှိရမယ်၊ ဖြေရှင်းနိုင်စွမ်းရှိရမယ်၊ ရင်ဆိုင်နိုင်စွမ်းရှိရမယ်။ အမျိုးသမီးတိုင်းမှာ နောက်တစ်ခု အရေးကြီးဆုံးက စည်းဆိုတဲ့အရာတစ်ခု သေချာထိမ်းသိမ်းရပါမယ်။ ကိုယ့်စည်းကို အကျော်မခံသင့်သလို ကိုယ့်စည်းအပြင်ဘက်ကိုလည်း ဘယ်တော့မှမထွက်သင့်ပါဘူး။

၂ဝ။ အိမ်ထောင်သက် ၂၂နှစ်အထိ ချစ်ခြင်းမေတ္တာတွေမပျက်ပြယ်ဘဲ ပိုမိုခိုင်မာလာအောင် တည်ဆောက်နိုင်ခဲ့တဲ့ အစ်မရဲ့ လျှို့ဝှက်ချက်ကိုလည်း ဝေမျှပေးပါဦး။

နံပါတ်၁ က တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပေးပါတယ်။ နွေးထွေးမှုပေးပါတယ်။ အပြန်အလှန် လေးစားမှုပေးပါတယ်။ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးပါတယ်။

နံပါတ် ၂ က အစ်မ စောစောက ပြောခဲ့သလို အစ်မတို့  အိမ်ထောင်ရေးစည်းထဲကို ဘယ်သူ့မှ အဝင်မခံသလို အစ်မတို့ ကလည်း စည်းအပြင်မထွက်အောင် ထိမ်းသိမ်းပါတယ်။

၂၁။ နယ်ပယ်အသီးသီးမှာ အောင်မြင်အောင်ကြိုးစားနေတဲ့ ညီမငယ်လေးတွေ၊ အောင်မြင်တဲ့မိသားစုဘဝကို ကြိုးစားတည်ထောင်နေတဲ့ ညီမငယ်လေးတွေအတွက် စကားလက်ဆောင်လေးနဲ့ အားပေးခဲ့ပါဦး အစ်မ။

ခုခေတ်မှာ အမျိုးသမီးလေးတွေ အရမ်းတော်ကြပါတယ်။ ကြိုးလည်းအရမ်းကြိုးစားကြပါတယ်။ အစ်မအနေနဲ့ အကြံပေးချင်တာက လုပ်ငန်းမှာအောင်မြင်ဖို့ စကားလက်ဆောင်ထက် ဘဝတစ်လျောက်လုံးမှာ နေပျော်အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့အတွက်ပါ။ စောစောကပြောခဲ့သလိုပဲ အားလုံးအပေါ်မှာ စိတ်ဓါတ်ရိုးသားစွာဆက်ဆံပါ။ စိတ်ကို အရှင်းဆုံးထားပါ။ ဖြူစင်စွာတုံ့ပြန်ပါ။ ဒါဆို ကိုယ်ကျင်လည်တဲ့ လူ့ပတ်ဝန်းကျင် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အားလုံးထက်သာမှာသေချာပါတယ်။

အောင်မြင်တဲ့ မိသားစုလေးဖြစ်ဖို့အတွက်လည်း မိသားစုအတွင်း သားနဲ့သမီး၊ လင်နဲ့မယား အချင်းချင်းနားလည်မှုပေးပါ။ အချင်းချင်းလေးစားပါ။ သားသမီးတွေရဲ့ ခံစားချက်ကိုနားထောင်ပေးပါ။ နွေးထွေးမှုပေးပါ။ သစ္စာရှိပါ။ မိသားစု စည်းအတွင်းတခြား မလိုလားအပ်တာတွေ အဝင်မခံသင့်သလို မိသားစုစည်းဝိုင်း အပြင်ဘက်ကိုလည်းယောင်လို့တောင် မထွက်ဖို့ဆိုတဲ့ စကားလက်ဆောင်တွေပေးပါရစေ။