Groupbuyy မှ မဝတ်ရည်ချမ်းနှင့် (၅) မိနစ်တာ အမေးအဖြေ

blank

မင်္ဂလာပါ ဂန္ထဝင်ပရိသတ်ကြီးရေ…။ အားနွဲ့တဲ့ မိန်းမသားလို့ပြောကြပေမယ့် ကမ္ဘာကို ကိုင်လှုပ်နိုင်တာကလည်း ကျွန်မတို့မိန်းမသားတွေပါပဲ။ ဒါတွေကို သက်သေပြဖို့ ဒီတစ်ပတ်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီကြီးတစ်ခုကို ကြိုးစားပြီး တည်ထောင်နေသူ၊ မြန်မာနိုင်ငံမှာတစ်ခါမှမရှိခဲ့ဖူးသေးတဲ့ လုပ်ငန်းအသစ်တစ်ခုကို ချဲ့ထွင်အောင်မြင်ဖို့ ကြိုးစားနေသူ Groupbuyy မှ မဝတ်ရည်ချမ်းနဲ့ ငါးမိနစ်တာ အမေးအဖြေကဏ္ဍလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မင်္ဂလာပါ အစ်မ။ အရင်ဆုံး အစ်မရဲ့အကြောင်းလေးတွေ မိတ်ဆက်ပေးပါဦး။

ဟုတ်ကဲ့။ ကျွန်မ နာမည်ကတော့ ဝတ်ရည်လို့ ခေါ်ပါတယ်။ ယခု groupbuyy.com.mm (AIT Co.,ltd) မှာ မန်းနေးဂျင်း ဒါရိုက်တာ (Managing Director) ရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်။

၂။ ပညာအရည်အချင်းနဲ့ မိသားစုဝင်တွေကရော သိပါရစေအစ်မ။

ဟုတ်ကဲ့။ ပညာအရည်အချင်းကတော့ BA English, MPA (Master of Public Administration) နဲ့ ယခုလောလောဆယ်တော့ MBA ဆက်လက်သင်ကြားနေပါတယ်။ ဝတ်ရည်ကမိသားစုထဲမှာ အကြီးဆုံးသမီးပါ။

၃။ အစ်မရဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေအကြောင်းလည်း ပရိသတ်ကို မိတ်ဆက်ပေးပါဦး။

လက်ရှိအလုပ် IT, E-commerce field ထဲကမှ Deal of the day website သို့မဟုတ် groupbuying website company ပါ။

၎။ Groupbuyy ဆိုတာ ဘယ်လိုကုမ္ပဏီမျိုးလဲဆိုတာ အသေးစိတ် ရှင်းပြပေးပါဦးနော်။ လုပ်ငန်းသဘောလေးတွေ၊ ဘာကိုအဓိကထားပြီး ဝန်ဆောင်ပေးမယ် ဆိုတာလေးတွေပေါ့။

ယခုလောလောဆယ် groupbuyy.com.mm ရဲ့  Business Model ကတော့ ဝယ်ယူစားသုံးသူတွေအတွတ် ဝန်ဆောင်မှုလုပ်ငန်းတွေ၊ product တွေကို အသက်သာဆုံး ဈေးတွေနဲ့ ရရှိဝယ်ယူနိုင်အောင်စုစည်းပေးထားတဲ့ လျှော့ဈေးကူပွန်လေးတွေထုတ်ပေးတဲ့ company ပါ။ စားသုံးသူတွေဈေးသက်သာချွေတာနိုင်မည့် Online Marketplace လေးတစ်ခုပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ စတင် တည်ထောင်ဖြစ်ပုံလေးကိုရော ပြောပြပေးပါနော်။

လုပ်ငန်းစတင်တာကတော့ တစ်နှစ်ကျော်ပြီပေါ့နော်။ ဒီ business idea ကတော့ ဒီလိုပဲ နိုင်ငံခြားသွားရင်း ဒီလုပ်ငန်းလေးရဲ့ သဘောသဘာဝကို လေ့လာခွင့်သိခွင့်ရတာရယ်၊ နိုင်ငံခြားကအစ်ကိုတစ်ယောက်ရဲ့ အားပေးမှုကြောင့်လုပ်ဖြစ်ခဲ့တာပါ။

၆။ မြန်မာနိုင်ငံဈေးကွက်စီးပွားရေးနဲ့ ပြည်သူတွေအတွက်ရော ဘယ်လိုအကျိုးသက်ရောက်မှုမျိုးတွေ ရှိနိုင်မလဲ အစ်မ။

မြန်မာနိုင်ငံဈေးကွက်စီးပွားနဲ့ ပြည်သူကို ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတော့ ပထမအချက်က ဝတ်ရည်တို့ ဒီလို လုပ်ငန်းလေးတွေ တည်ထောင်လာတဲ့အတွက်ကြောင့် လူငယ်တွေ အလုပ်အကိုင်ရကြမယ်။ ဒုတိယအချက်ကတော့ SME လုပ်ငန်းလေးတွေအနေနဲ့ groupbuyy ပေါ်မှာ Marketing Budget အမြောက်အမြားကုန်ကျမှုမရှိဘဲ အရှိန်ရတဲ့အထိ run လာနိုင်မယ့် သူတို့လုပ်ငန်းတွေ ကြီးပွားလာရင် အလုပ်အကိုင်အခွင့်လည်းတွေပိုများလာမယ်။ အသက်သာဆုံးရောင်းနိုင်တဲ့ဈေးကို တင်ပြီးရောင်းချတဲ့အတွတ် ဝယ်ယူသူတွေဘက်ကလည်း demand တွေများလာမယ်။ နှစ်ဦးနှစ်ဖက် အကောင်းဆုံးပေးနိုင်ဈေးနဲ့ရောင်းဈေးကို ချိန်မျှပေးထားတဲ့နေရာဖြစ်တဲ့အတွတ် သွယ်ဝိုက်သော နည်းနဲ့ဖြစ်စေ တိုက်ရိုက်ဖြစ်စေ economy တစ်ခုလုံးရဲ့ အရှိန်မြန်လာမယ်လို့ထင်ပါတယ်။

၇။ မြန်မာနိုင်ငံအတွက် ဒီလုပ်ငန်းက လုံးဝအသစ်၊ ပထမဆုံးဆိုတော့ ဒီကုမ္ပဏီကို အစပျိုးနေတဲ့ အခုအချိန်မှာ ဘာအခက်အခဲတွေတွေ့နေရသလဲ။

လုပ်ငန်းကအသစ်မို့ ပိုခက်ခဲတယ်ရယ်လို့တော့ မရှိပါဘူး။ အဟောင်းအတိုင်းဆက်သွားလိုက်ရင် ပိုခက်ခဲမယ်ဆိုတဲ့ ဥပမာတွေလည်းရှိခဲ့တာကိုး။ အတိုင်းတာတစ်ခုထိတော့ စိတ်ရောလူရောပင်ပန်းရတာပေါ့နော်။ ဇွဲမလျှော့မိဖို့တော့ အရမ်းရေးကြီးတာပေါ့နော်။ ကိုယ့်မိဘရဲ့ အထောက်အကူမယူဘဲ ဒီလုပ်ငန်းကို စခဲ့ရတော့ ငွေရေးကြေးရေးပြဿနာတွေ ကြုံခဲ့ရဖူးတယ်။ လူမှုရေးပိုင်းတွေမှာလည်း လစ်ဟင်းတယ်ပေါ့နော်။ ပညာရေးပိုင်းလည်း သိပ်ပြီး focus မထားဖြစ်တော့ဘူးပေါ့။ တစ်ခါတလေ အဲ့ဒီလိုတွေအဆင်မပြေမှုပေါင်းစုံကို ဝတ်ရည် ကိုယ့်ဘဝတလျှောက်ကြုံခဲ့ရတဲ့ ကောင်းတဲ့သူတွေကော ကိုယ့်ပေါ်မကောင်းတဲ့သူတွေကိုရော ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ ဘယ်အခြေအနေမဆို survival ဖြစ်အောင်၊ ဘဝအတွေ့ အကြုံတွေကို စိတ်လှုပ်ရှားပြီး ပျော်ရွင်မှု အဆင်မပြေမှုတွေနဲ့ ရောပြီးဖြတ်သန်းခွင့်ရတဲ့အတွက်ပါ။ ပိုရင့်ကျက်လာအောင် အတွေ့အကြုံတွေပေးတဲ့အတွက်ပါ။

၈။ အခုမှ စီးပွားရေးလောကထဲကို စတင်ဝင်ရောက်တာဆိုတော့ စိန်ခေါ်မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရမှာပဲနော်။ အဲ့ဒီအပိုင်းလေးနဲ့ ပတ်သတ်ပြီးတော့လည်း ပြောပြပေးပါဦး။

စိန်ခေါ်မှုတွေက အမြဲကြုံတွေ့ရတယ်။ ကိုယ့်လုပ်ငန်းက ဒီက culture နဲ့ သိပ်ပြီးရင်းနှီးကျွမ်းဝင်မှုမရှိသေးတော့ နည်းပညာပိုင်း၊ Human Resource ပိုင်း၊ အစစ အရာရာပေါ့။ ဒီ business idea က မြန်မာပြည်မှာလည်း မစသေးတော့ လုပ်ငန်းလုပ်ရကိုင်ရတာလက်ဝင်တာပေါ့နော်။ Degree of Challenge = Level of Success လို့ ဝတ်ရည်ကတော့ ကိုယ့်ကိုယ်ဖြေသိမ့်တာပေါ့နော်။ စိန်ခေါ်မှုမရှိဘဲ အရမ်းလွယ်ကူနေတဲ့လုပ်ငန်းကို ကိုယ်ကလုပ်နေရင်တော့ ကိုယ့်ပြိုင်ဖက်တွေလည်း နေ့ချင်းညချင်း ကိုယ်ထက်သာအောင်လုပ်သွားနိုင်ပဲလေ။

၉။ အခက်အခဲတွေကို ကျော်ဖြတ်ရာမှာ အစ်မရဲ့ စိတ်ဓာတ်ကိုခိုင်မာအောင် ဘယ်လိုအားတင်းပြီး ကျော်ဖြတ်နေလဲ။

အခက်အခဲတွေကျော်ဖြတ်ရာမှာ စိတ်ဘယ်လိုခိုင်အောင်ထားလဲဆိုရင် ဝတ်ရည်ရဲ့နည်းပေါ့နော်။ ငိုစရာရှိရင် ငိုလိုက်၊ ဝမ်းနည်းစရာရှိရင်ခံစားလိုက်၊ အချိန်အတိုင်းတာတစ်ခုထိပေါ့နော်။ ပြီးရင်အလှပြင်၊ လုပ်စရာရှိတာတွေ တန်းစီပြီးအောင်လုပ်လိုက်။ အဓိကကတော့ ကိုယ်စိတ်ကို သိအောင်လုပ်ရတာမှာပေါ့နော်။ ငါ ဝမ်းနည်းနေလား? ပျော်နေလား? ပြီးအချိန်အတိုင်းတာလေးတစ်ခုလောက် စိတ်ကိုကျေနပ်အောင်လွတ်ပေးလိုက်။ ပြီးရင် လုပ်စရာရှိတာ လုပ်သင့်တာတွေကိုပြီးအောင်လုပ်။ အရာရာ အားလုံးကိုထာဝရအစွဲနဲ့ မခံစားမိအောင်ကြိုးစားရတာပေါ့နော်။ ကိုယ့်စိတ်ကိုလည်း စည်းနဲ့ကမ်းနဲ့ ထားတတ်ရင် အလိုလိုစိတ်ခိုင်လာတတ်မယ်လို့ ဝတ်ရည်ထင်တယ်။

၁ဝ။ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဘဝကို ရရှိဖို့ ဘယ်လိုစိတ်ဓာတ်ခံယူချက်မျိုးနဲ့ ကြိုးစားနေလဲ အစ်မ။

အောင်မြင်မှုဆိုတာကို လူတွေက အမျိုးမျိုးတော့ definition ဖွင့်ကျတယ်ပေါ့နော်။ ဝတ်ရည်ရဲ့အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် definition ကတော့ ကိုယ့်အကျိုးကို မကြည့်ဘဲ တစ်ပါးသူကောင်းကျိုးကိုကြည့်ပြီး သယ်ပိုးဆောင်ရွက်လာနိုင်တဲ့ တစ်နေ့။ ကိုယ်တစ်နေ့ အရမ်းချမ်းသာလာခဲ့ရင်လည်း ပိုင်ဆိုင်မှု ၉ဝရာခိုင်နှုန်းလောက်အထိ စွန့်လွတ်ပြီး အများသူငှာ ကောင်းကျိုးလုပ်နိုင်တဲ့ တစ်နေ့ ဝတ်ရည်အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယူဆပါ့မယ်။ အဲ့ဒီလိုအောင်မြင်မှုကို လိုလည်းလိုချင်ပါတယ်။ ဖြစ်အောင်ကြိုးလည်းကြိုးစားပါ့မယ်။

၁၁။ အစ်မ ဒီလိုအောင်မြင်အောင်ကြိုးစားနေတဲ့အချိန် အစ်မကို အဓိက ပံ့ပိုးအားပေးပြီး စိတ်ဓာတ်အင်အားပေးနေတဲ့ သူတွေက။

အခုလိုအောင်မြင်အောင် အဓိကပံ့ပိုးအားပေးပြီး စိတ်ဓာတ်အင်အားပေးနေသူတွေကတော့ ဝတ်ရည်ကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံထားတဲ့သူတွေ၊ ယုံကြည်ချက်တွေ၊ groupbuyy ဝန်ထမ်းတွေနဲ့သူတို့တွေရဲ့ မိသားစုတွေပါပဲ။ groupbuyy ရှိနေသရွေ့ ဝန်ထမ်းတွေ ဝင်ငွေရှိနေရမယ်။ ဝင်ငွေရှိရင် သူတိုနဲ့ ဆက်စပ်နေတဲ့ မိသားစု (သို့ မဟုတ်) သူတို့ သင်ယူချင်တဲ့ အဆင့်မြင့် ပညာတွေတတ်ခွင့်ရမယ်ပေါ့နော်။ တာဝန်ရှိတယ်ဆိုတဲ့စိတ်က အများကြီး motivation ဖြစ်စေပါတယ်။

၁၂။ အားလပ်ချိန်တွေမှာ စာဖတ်ဖြစ်လား။ ဘယ်လို စာအုပ်မျိုးတွေ ဖတ်ဖြစ်လဲ။

အားလပ်ရက်တွေမှာ စာဖတ်ဖြစ်တယ်။ ပန်းချီဆွဲဖြစ်ပါတယ်။ လောလောဆယ် Financial Management နဲ့ ပတ်သတ်တဲ့စာအုပ်တွေဖတ်ဖြစ်နေပါတယ်။

၁၃။ အခုခေတ်လူငယ်တွေ စာဖတ်တာ တော်တော့်ကို ရှားပါးလာပါပြီ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစ်မရဲ့အမြင်လေးကို ပြောပြပေးပါဦး။

စာဖတ်တာနည်းရင် သိပ်တော့မကောင်းဘူးလို့ထင်ပါတယ်။ ဗဟုသုတပဲဖြစ်ဖြစ်၊ ရသပဲဖြစ်ဖြစ် စာဖတ်နေရင် ကိုယ့်ဦးနှောက်ကို အလုပ်ပေးရာလည်းရောက်တယ်လေ။ ဥပမာဆိုပါတော့ product အသစ်တစ်ခုဘယ်လိုအသုံးပြုရမလဲဆိုတာကို Manual Guide Book ဖတ်တဲ့သူရဲ့ productivity နဲ့ မဖတ်ထားဘဲ ဘာလုပ်လို့ လုပ်ရမလဲ မသိတဲ့ လူရဲ့ productivity နဲ့တောင် ကွာခြားတာပဲလေ။ စာများများဖတ်ပါ။ ကျွန်မတို့အတွက် တကယ်အကျိုးရှိပါတယ်။

၁၄။ ဒီ Groupbuyy ကုမ္ပဏီကြီးနဲ့ပတ်သတ်တဲ့ ရည်မှန်းချက်တွေ၊ အကောင်အထည်ဖော်ရမယ့် စိတ်ကူးအိပ်မက်တွေ အကြောင်းလည်း ပြောပြပေးပါနော်။

Groupbuyy ရဲ့ Main Vision ကတော့ မြန်မာပြည်သူများကို အသက်သာဆုံးဈေးနှုန်းနဲ့ လွယ်ကူစွာဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့ No 1 Group buying website ဖြစ်လာဖို့ပါပဲ။ ပိုအရေးကြီးတာကတော့ မြန်မာပြည်က လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း များများပေးနိုင်ဖို့နဲ့ သူတို့ရဲ့ creativity, talent တွေအကန့်အသက်မရှိအသုံးချလို့ရမယ့် နေရာတစ်ခုဖြစ်လာနိုင်ဖို့ပါပဲ။

၁၅။ ကဏ္ဍအသီးသီးမှာ အောင်မြင်အောင် ကြိုးစားနေကြတဲ့ ညီမငယ်လေးတွေအတွက် အောင်မြင်ဖို့ စကားလက်ဆောင်လေး ပါးပေးလိုက်ပါဦးနော်။

နယ်ပယ်အသီးသီးမှာ အောင်မြင်အောင် ကြိုးစားနေကြတဲ့ ညီမငယ်များအတွက် ပထမဆုံးအနေဖြင့် ကိုယ်ယုံကြည်ရာကို အကောင်ထည်ဖော်တဲ့အခါ ခေါင်းမာသင့်ရင် ခေါင်းမာပါ။ တာဝန်ယူစိတ်ထားပါ။ စိတ်ရှည် ဇွဲရှိပါ။ ကျရှုံးမှုတွေရင်ဆိုင်ရင်လည်း စိတ်ခံစားမှုအများကြီးမထည့်ပါနဲ့။ အရှုံးတွေထဲက ပြန်သင်ယူပြီး အကောင်းဆုံးပြင်ဆင်ပြီး ပြန်လည်ရပ်တည်ပါ။ ရှုံးမှာမကြောက်ပါနဲ့။ မအောင်မြင်မှာမစိုးရိမ်ပါနဲ့။ ဝေဖန်မှုတွေကို စိတ်ခံစားမှုအပြည့်နဲ့ မခံစားနဲ့။ ကိုယ်လုပ်စရာရှိတာ ပြီးအောင်လုပ်၊ တစ်နေ့တာမှာ ငါ အလုပ်ဘယ်နှစ်ခု ပြီးမြောက်လဲ ကိုယ့်ကိုယ်ကိုပြန်စစ်ပေးပါ။ ကိုယ့်ရဲ့စိတ်ကိုရှင်းအောင်ထားပါလို့မှာချင်ပါတယ်။

ကဲပရိသတ်ကြီးရေ… လမ်းဟောင်းကိုမလိုက်ဘဲ ရေဆန်ကိုတက်ပြီး အောင်မြင်မှုကို ရအောင်ဇွဲရှိရှိနဲ့ ရအောင်ကြိုးစားနေတဲ့ မဝတ်ရည်ချမ်းအကြောင်းကို ဖတ်ပြီးစိတ်ဓာတ်ခွန်အားတွေ မြင့်တက်လာမယ်လို့မျှော်လင့်မိပါတယ်ရှင်။ မိမိရဲ့အောင်မြင်မှုကို အခြားလူတွေနဲ့ မျှဝေခံစားဖို့ ရည်ရွယ်ထားတဲ့ အတုယူစရာကောင်းတဲ့ မဝတ်ရည်ချမ်းတစ်ယောက် အောင်မြင်မှုတွေ ဆထက်ထမ်းပိုးရရှိပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ပရိသတ်ကြီးလည်း မိမိဘဝတွေအတွက် အကောင်းဆုံးပြင်ဆင်ရင်း ပျော်ရွှင်အောင်မြင်တဲ့ ဘဝတွေပိုင်ဆိုင်ကြပါစေရှင်။