G&G စိန်တိုက်မှ ဒေါ်ခင်ကြူကြူမြင့်နှင့် (၅) မိနစ်တာ အမေးအဖြေ

blank

စီးပွားရေးကိုရော မိသားစုအရေးကိုပါ မလစ်လပ်အောင် စီမံခန့်ခွဲနေရတာကြောင့် အောင်မြင်နေတဲ့ မိန်းမသားတစ်ယောက်ရဲ့ ဘဝက တကယ့်ကို အားကျအတုယူဖွယ်ကောင်းလှပါတယ်။ ဒီတော့ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ခွန်အား မြင့်တက်စေရေးအတွက် G&G စိန်တိုက်မှ အန်တီဒေါ်ခင်ကြူကြူမြင့်ရဲ့ အကြောင်းလေးကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

၁။ မင်္ဂလာပါ အန်တီ။ ပထမဆုံး အန်တီ့အကြောင်းလေးကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦး။

အန်တီကတော့ ကျောင်းဆရာမဘဝကနေ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတဲ့ G & G စိန်တိုက်ပိုင်ရှင် ဒေါ်ခင်ကြူကြူမြင့်ပါ။

၂။ အန်တီ့ မိသားစုအကြောင်းလေးရော ပြောပြပါဦး။

အန်တီ့ အမျိုးသားက G & G စိန်တိုက်လုပ်ငန်းကို အဓိက ဦးစီးဦးဆောင်လုပ်နေတဲ့ ဦးကျော်စွာထွန်းပါ။ တစ်ဦးတည်းသောသမီးလေးကတော့ MUFL မှာ B.A (English) နဲ့ကျောင်းပြီးထားပြီးခုတော့ စကာင်္ပူနိုင်ငံမှာ MBA တက်နေပါတယ်။ သမီးလေးနာမည်က မေပိုးအိကျော်စွာပါ။

၃။ စိန်လောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေးပြောပြပါဦး။ G&G ကိုရော ဘယ်နှခုနှစ်က စတင်တည်ထောင်ခဲ့တာလဲ။

အန်တီငယ်ငယ်ကတည်းကစိန်တွေ၊ ကျောက်တွေကို စိတ်ဝင်စားခဲ့တယ်။ မေမေ့ဆီမှာရှိတဲ့ ရတနာပစ္စည်းတွေကိုလည်း တစိမ့်စိမ့်ကြည့်တတ်တယ်၊ ဒါပေမဲ့ အန်တီတို့မျိုးရိုးက ဒီရတနာလုပ်ငန်းကိုလုပ်တဲ့သူတွေ မဟုတ်တော့ နည်းနည်းတော့ အလှမ်းဝေးနေတာပေါ့နော်။

အန်တီမဟာသိပ္ပံတက်နေတုန်း (၈၈) အရေးခင်းမှာ ကျောင်းတွေပိတ်သွားတော့ အအားမနေချင်တာနဲ့ ဆရာမ၀င်လုပ်ဖြစ်တယ်။ စာသင်ရတာကိုလဲ ဝါသနာ အရမ်းပါတယ်။ ကျောင်းတွေပြန်ဖွင့်တော့ အန်တီ M.Sc ဘွဲ့ရအောင်ယူခဲ့တယ်၊ အဲ့ဒီ့အတောအတွင်းမှာ အိမ်ထောင်ကျတယ်၊ အိမ်ထောင်ကျပြီးတော့ အန်တီဝါသနာပါတဲ့ ဒီရတနာလုပ်ငန်းကိုစပြီးလုပ်ခဲ့တယ်။ အန်တီတို့ ကတိတည်တာရယ် customer အပေါ် စေတနာမေတ္တာထားတာတွေရယ် အန်တီတို့လင်မယားနှစ်ယောက် ဒိုးတူဘောင်ဖက် စိတ်တူကိုယ်တူ တစိုက်မတ်မတ် ကြိုးစားအားထုတ်တာတွေရယ်ကြောင့် ဒီလမ်းကြောင်းပေါ်ရောက်ခဲ့တာပါ။

၎။ G&G စိန်တိုက်လုပ်ငန်းမှာ အန်တီက ဘယ်အပိုင်းကို တာဝန်ယူ ဆောင်ရွက်ပါသလဲ။

အန်တီတို့လုပ်ငန်းမှာ အန်တီနဲ့ အန်တီ့အမျိုးသား၊ အန်တီ့သမီးပါ စိတ်တူကိုယ်တူ ရည်မှန်းချက်ပါတူတဲ့အတွက် အရာရာကို အမြဲတိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ကြပါတယ်။

၅။ G&G စိန်တိုက်က အချိန်တိုအတွင်း အရမ်းကို အောင်မြင်လာတာကို တွေ့ရပါတယ်။ အန်တီဘယ်လိုများ ကြိုးစားခဲ့ပါသလဲ။

လူတော်တော်များများကတော့ အချိန်တိုအတွင်းအောင်မြင်လာတဲ့အပေါ် စိတ်ဝင်တစားရှိကြတယ် သမီး

ဘယ်အရာမဆို အောင်မြင်ချင်ရင်-

– လုံ့လ ၊ ဝီရိယရှိရမယ်၊

– မှန်ကန်တဲ့ သဘောထားရှိရမယ်၊

– customer အပေါ် စေတနာမေတ္တာထားတတ်ရမယ်၊

– ကိုယ်ချင်းစာတရားရှိရမယ်၊

– စိတ်ရှည် သည်းခံတတ်ရမယ်၊

– မဟုတ်မမှန်တဲ့ စကား၊ လိမ်ညာတဲ့ စကားမပြောမိအောင် စောင့်ထိန်းရမယ်၊

– အန်တီတို့ ခံယူထားတာက မေတ္တာတရားကို ရှေ့တန်းတင်ပြီး စီးပွားရေးရှာရင် အောင်မြင်နိုင်လိမ့်မယ် ဆိုတာပါပဲ။

နောက်တစ်ခုက လူတိုင်းအပေါ် Positive thinking နဲ့ အကောင်းမြင်တဲ့ဘက်က တွေးပေးနိုင်ရတယ် သမီး။

၆။ ဟုတ်ကဲ့ပါ အန်တီ။ အရမ်းကောင်းတဲ့ သဘောထားလေးပါ။ G&G ရဲ့ စိန်ထည်လက်ရာတွေက အရမ်းကို လှပဆန်းသစ်ပြီး လူကြီးလူငယ်မရွေး ဝတ်လို့ရတဲ့ ဒီဇိုင်းလေးတွေပါ။ အဲ့ဒီလိုလှပတဲ့ ဒီဇိုင်းတွေကိုရော အန်တီကိုယ်တိုင် ဖန်တီးတာလား။

အန်တီ့ ဆိုင်ရဲ့ Design ပိုင်းကိုလည်းအန်တီ၊ အန်တီ့ အမျိုးသား၊ အန်တီ့ သမီးရွေးချယ်ထားတဲ့ Design တွေကို ပန်းထိမ်ဆရာတွေနဲ့ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ပြီးအကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ် သမီး။ လက်ဝတ်ရတနာ ဝတ်ဆင်ကြတယ်ဆိုတာ ကိုယ့်ရဲ့ဂုဏ်ကျက်သရေအတွက်ရယ်၊ ပိုမိုလှချင်လို့ရယ် ဝတ်ကြတာဖြစ်တဲ့အတွက် အန်တီတို့ ပစ္စည်းတစ်ခုကို ဖန်တီးတော့မယ်ဆိုရင် ကိုယ်ကိုယ်တိုင် customer နေရာကနေ ဝင်ကြည့်ပြီးဆုံးဖြတ်ပါတယ်။ အန်တီ့ဆိုင်ကပစ္စည်းတွေကို Customer မြင်တာနဲ့နှစ်သက်နိုင်အောင်၊ အပြစ်တစုံတရာမရှိအောင် စိန်ကိုရွေးချယ်တဲ့ အဆင့်ကနေ Design ထုတ်၊ ပစ္စည်းထွက်လာတဲ့အချိန်ထိတစ်နေရာမှာမှ လစ်ဟာမှုမရှိအောင် ကြိုးစားပါတယ်။

၇။ G&G စတင်တည်ထောင်ကတည်းက အခုထိကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုများ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသလဲ။

အန်တီတို့ စိန်ရတနာလုပ်ငန်းစလုပ်တဲ့ အချိန်တုန်းကတော့ အဖက်ဖက်ကအခက်အခဲတွေရှိပါတယ်။ ကြုံလာတဲ့ အခက်အခဲတိုင်းကို လင်မယားနှစ်ယောက်စလုံး ခေါင်းအေးအေးထားပြီး ဘယ်လိုကိစ္စမျိုးကိုမဆို ဖြေရှင်းနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကြိုးစားခဲ့ပါတယ်။ လူတိုင်းမှာ အဓိကလိုအပ်တာ စိတ်ဓာတ်ခွန်အားပါ သမီး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ အပြိုင်အဆိုင်တွေအကြားမှာ G&G ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ဖို့ သူများနဲ့မတူ ပိုထူးခြားအောင် ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ ကြိုးစားခဲ့ပါသလဲရှင်။

အန်တီက လုပ်ငန်းတူမိတ်ဆွေတွေကို ဘယ်တော့မှ အပြိုင်အဆိုင်လို့ သဘောမထားဘူးသမီး။ သူများဆိုင်တွေ အန်တီတို့ထက် ပိုအောင်မြင်ကြတယ်ဆိုရင်လည်း ရှေးရှေးဘဝပြုခဲ့တဲ့ ကံတွေ ခုဘဝမှာ အကျိုးပေးကောင်းလိုက်တာလို့ပဲ အန်တီတွေးတယ်။ ကိုယ့်ထက်ပိုတော်ကြတယ်၊ ကိုယ်လည်းသူတို့လိုတော်အောင်ကြိုးစားရမယ်လို့ အားကျစိတ်နဲ့ အတုယူမိတယ်။ မုဒိတာပွားပါတယ် သမီး။ မျက်လုံးချင်းဆုံမိတဲ့လူတိုင်းကို ပြုံးပြနိုင်ပါတယ် သမီး။ အန်တီလည်းသူများကပြုံးပြရင် နှစ်သက်တယ်ဆိုတော့ အန်တီ ပြုံးပြရင်လည်း ပြုးံပြခံရတဲ့သူတွေ နှစ်သက်ကြမှာပါလို့ပဲတွေးမိပါတယ် သမီး။

၉။ စိန်တိုက်တစ်ခုလုံးရဲ့ ပိုင်ရှင်အနေနဲ့ ဝန်ထမ်းတွေအပေါ် ဘယ်လိုများ စီမံခန့်ခွဲခဲ့ပါသလဲ။

အန်တီ့ဆိုင်က ဝန်ထမ်းတွေအပေါ်မှာလည်း ကိုယ့်သမီး၊ ကိုယ့်တူမကဲ့သို့ပဲ သဘောထားပါတယ်။

၁ဝ။ customer တွေရဲ့ ပါးစပ်ဖျားမှာ G&G က service ကောင်းလိုက်တာဆိုပြီး ချီးမွမ်းသံတွေ ရေပန်းစားနေပါတယ်။ အန်တီ့ဘက်က customer တွေအပေါ် ဘယ်လိုအလေးထား ဆက်ဆံတယ်ဆိုတာ သိပါရစေရှင်။

ဘယ်လုပ်ငန်းပဲလုပ်လုပ် customer အဓိကပါ သမီး၊ customer ကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါတယ်။ အန်တီ့ဆိုင်ကိုဘယ်လို customer မျိုးပဲဝင်လာလာ ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ စိတ်ချမ်းချမ်းသာသာနဲ့ ပြန်ထွက်သွားစေရပါမယ်။

Customer စိတ်ချမ်းသာမှုက အန်တီတို့ဆိုင်ရဲ့ ပထမဦးစားပေးပါ။ အန်တီ့ဆိုင်ထဲ ဝင်လာသမျှ customer တိုင်းကို စိတ်ရှည်လက်ရှည်ရှင်းပြပြီး စိတ်ကျေနပ်မှုရမှ ဝယ်စေပါတယ်။ အန်တီ့ဆိုင်က ရတနာပစ္စည်းဝယ်ပြီး စိတ်ချမ်းသာနေရင် အန်တီလည်း ကုသိုလ်ရပါတယ်။ အန်တီ့ဆိုင်က ရတနာပစ္စည်းကို မကြိုက်ဘဲနဲ့ အားနာလို့ ဝယ်သွားရတယ်ဆိုတဲ့အဖြစ် ဘယ်တော့မှ အဖြစ်မခံပါဘူးသမီး။ တစ်ဘဝစာအရေးကို သံသရာမှာ အကုသိုလ်အပါမခံပါဘူး။ တချို့ customer တွေ အန်တီ့ဆိုင်မှာ ကြိုက်တဲ့ပုံကို order အပ်ချင်တယ်၊ ဒါပေမဲ့ ပစ္စည်းထွက်လာတဲ့အချိန်မှာ မကြိုက်ရင်ဆိုတဲ့ ဒွိဟစိတ်လေးဖြစ်နေရင်လည်း ပစ္စည်းထွက်လာမှ မကြိုက်ရင်မယူပါနဲ့ရှင်လို့ အန်တီက ရဲရဲကြီးအာမခံတတ်လို့ အန်တီနဲ့ဆက်ဆံသမျှ customer တိုင်းကိုစိတ်ချမ်းသာကြရပါတယ်။

 ၁၁။ စီးပွားရေးမှာ အောင်မြင်နေတဲ့ မိန်းမသားတစ်ယောက်အနေနဲ့ မိသားစုအရေးကိုရော ဘယ်လို balance ဖြစ်အောင်ထိန်းညှိပြီး ပျော်ရွှင်တဲ့ မိသားစုလေး ဖန်တီးခဲ့ပါသလဲ။

အန်တီတို့မိသားစုက Family Life ကိုအရမ်းအလေးထားတဲ့သူမို့ စီးပွားရေး၊ မိသားစုအရေးနဲ့ လူမှုရေးကိုအမြဲမျှမျှတတဖြစ်အောင် စီမံပါတယ်။

၁၂။ တစ်ဦးတည်းသော သမီးလေး အတွက်ရော ဘာတွေမျှော်မှန်းထားလဲ။

မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံးဆိုတာတွေကို ပေးချင်ကြတာပါသမီ်း။ အန်တီတို့လည်း အန်တီတို့သမီးလေးကို ဘဝမှာ အကောင်းဆုံးဆိုတာတွေကို ရရှိစေချင်၊ ခံစားစေချင်ပါတယ်။ သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေ၊ ဆိုးမွေ မှန်သမျှကို လက်ခံရမယ့်သူမို့ အန်တီတို့မိဘတွေအနေနဲ့ သမီးလေးအတွက် ကောင်းမွန်တဲ့ အမွေတွေကိုပဲ ထားခဲ့နိုင်အောင်ပဲ ကြိုးစားပါတယ်။ အန်တီတို့ လုပ်ငန်းကိုဆက်ခံဖို့လည်း သမီးလေးတစ်ယောက်ပဲရှိတာမို့ သမီးကိုပညာလည်းပြည့်ဝအောင်၊ စိတ်ထားလေးလည်းထားတတ်အောင် ငယ်ငယ်ကတည်းက အနီးကပ်သွန်သင်ပါတယ်။ ဂုဏ်သိက္ခာဟာ ဘဝမှာ အရမ်းအရေးကြီးတယ်ဆိုတဲ့ အကြောင်းကတော့ သမီးရင်ထဲမှာသံမှိုလိုစွဲအောင် ပြောထားပါတယ်။

 ၁၃။ ဘယ်လို စိတ်ဓာတ်ခံယူချက်မျိုးက ကိုယ့်ကို အောင်မြင်မှုဆီသို့ရောက်အောင် ပံ့ပိုးပေးတယ်ဆိုတာကို အတွေ့အကြုံအရ စာဖတ်ပရိသတ်လူငယ်များနှင့် မျှဝေပေးပါအုံး။

ကိုယ့်ကြောင့် သူတစ်ပါးစိတ်ချမ်းသာစေရမယ်ဆိုတဲ့ ခံယူချက်ထားပါတယ်။ သူတစ်ပါးစိတ်ချမ်းသာရင် ပီတိဖြစ်ပါတယ်။ အန်တီက ဆရာမဘဝမှာ (၁၉)နှစ်နေလာခဲ့သူမို့ ပီတိကိုစားရတာ အရမ်းသဘောကျပါတယ်။ ပီတိကိုစားလို့ ခန္ဓာကိုယ်မှာအာဟာရမဖြစ်ပေမယ့် စိတ်ဓာတ်အာဟာရတော့ အများကြီးရရှိပါတယ်။ အန်တီတို့ အချိန်တိုအတွင်း အောင်မြင်ခဲ့တာကလည်း အန်တီတို့ ပီတိကိုစားသုံးခဲ့ကြလို့ပါ။

 

၁၄။ အန်တီခံယူထားတဲ့ ဘဝအောင်မြင်မှုနည်းလမ်းလေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးပါဦးရှင်။

ဘဝမှာအောင်မြင်ချင်ရင်တော့ လူတိုင်းအပေါ်မှာစေတနာထားပါလို့၊ ကိုယ်ထားလိုက်တဲ့ စေတနာက ဘယ်ကိုမှရောက်မသွားဘဲ ကိုယ့်ဆီကိုပဲပြန်လာပါတယ်။ ကိုယ်မကြိုက်မနှစ်သက်တဲ့ အလုပ်ကို သူတစ်ပါးလည်း ကြိုက်မှာမဟုတ်လို့ ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်ရပါမယ်။

 

၁၅။ ဂန္ထဝင် စာဖတ်ပရိသတ်တို့ကိုလည်း စကားလက်ဆောင်လေးပါးပေးပါအုံး။

အနာဂါတ်ရှိတဲ့ လူငယ်တိုင်းအတွက် ရည်မှန်းချက် ပန်းတိုင်ဆိုတာရှိပါတယ်။ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ဆီကို မှန်ကန်သောနည်းလမ်းများနဲ့ အချိန်တိုအတွင်း အရောက်လှမ်းနိုင်ပါစေ။ အိပ်မက်များကိုလက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ပါစေ။ ဂန္ထဝင်စာဖတ်ပရိသတ်ကြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ G &G စိန်တိုက်ကိုလည်း လာရောက်လေ့လာပါလို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

 

ကယ်… ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… အန်တီဒေါ်ခင်ကြူကြူမြင့်နဲ့ အမေးအဖြေကဏ္ဍလေးကို ဖတ်လိုက်ရပြီး ဘဝအောင်မြင်ဖို့ ဘယ်လိုခံယူချက်ထားရတယ်၊ ဘယ်လိုကျင့်ကြံရတယ်ဆိုတာ သိရှိသွားပြီလို့ ထင်ပါတယ်။ လူတွေမှာ အောင်မြင်ဖို့ အရေးကြီးဆုံးက စိတ်ဓာတ်ခွန်အားလို့ ပြောတဲ့ အန်တီဒေါ်ခင်ကြူကြူမြင့်ရဲ့ စကားလေးဟာလည်း မှတ်သားဖို့ကောင်းလှပါတယ်ရှင်။