မဖြူဖြူအောင်နှင့် (၅) မိနစ်တာ အမေးအဖြေ

blank

မင်္ဂလာပါ အစ်မ။ အစ်မ မဖြူဖြူအောင်ရဲ့ လှုပ်ရှားမှုတွေကို Facebook ကနေ တစ်ဆင့် အမြဲ ဂရုတစိုက် လေ့လာမိပါတယ်။ အခုဆို အောင်သမာဓိရွှေဆိုင်က အများနဲ့မတူတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။ အစ်မကလည်း စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာ လုပ်ဆောင်နေရုံတင် မကဘဲ အခြား activities တွေမှာလည်း မျှတစွာ ပျော်ရွှင်ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ ညီမတို့ ဂန္ထဝင် က ညီမငယ်လေးတွေ အားကျ အတုယူနိုင်ဖို့ အစ်မ အကြောင်းလေးတွေအနည်းငယ် မေးမြန်းပါရစေရှင်။

၁။ ပထမဆုံး အစ်မ မိသားစု နဲ့ မိတ်ဆက်ပေးပါအုံး။

အစ်မက အောင်သမာဓိ စိန်၊ရွှေ၊ရတနာဆိုင်က ဒုတိယသမီးပါ။ အစ်မရဲ့ အထက်မှာ အစ်မအကြီး တစ်ယောက်ရှိတယ်။ အောက်မှာတော့ ညီမလေးတစ်ယောက်၊ မောင်တစ်ယောက် ပေါ့နော်။ ပြီးရင် အစ်မရဲ့ အမျိုးသားရယ်၊ အစ်မတို့ သား၊သမီး နှစ်ယောက်ရယ်၊ အခုလက်ရှိကတော့ ကိုယ်ဝန်နဲ့ပေါ့။ အဲဒါက အခု မိသားစု ပေါ့နော်။ အစ်မ နာမည်ကတော့ မဖြူဖြူအောင်ပါ။

၂။ အစ်မတို့ မိသားစု လုပ်ငန်း(အောင်သမာဓိ ရွှေလုပ်ငန်း)နဲ့ ပတ်သက်ပြီး အစ်မ တာဝန်ယူနေတဲ့ အပိုင်းလေးတွေ သိပါရစေရှင်။

လက်ရှိမှာတော့ အစ်မက အောင်သမာဓိရဲ့ ရွှေသားထည် လက်ဝတ်ရတနာ ဒီဇိုင်းပိုင်းကို တာဝန်ယူပါတယ်။ ပြီးရင် စိန်ထည်၊ ရွှေဖြူအပိုင်း၊ ပန်းထိမ် ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီဇိုင်းထုတ်တာ၊ ရွှေထည်တွေ စစ်ဆေးတာတွေကို တာဝန်ယူထားပါတယ်။

၃။ ပိုးထည်တိုက်လည်း ဖွင့်ထားတယ်လို့ သိရပါတယ်။ ဘယ်လို စိတ်ကူးလေးနဲ့ စတင် ဖြစ်သွားတာလဲ။ နည်းနည်း မိတ်ဆက်ပေးပါအုံး။

ပိုးထည်တိုက်ကတော့ အစ်မတို့ မြန်မာနိုင်ငံမှာ နိုင်ငံခြားကနေ တင်သွင်းတဲ့ ဇာတို့၊ ပွဲတက်တို့ ဝတ်ဆင်တဲ့အခါ လိုက်ရှာရတာ အဆင်မပြေဘူး။ အဲဒီတော့ နိုင်ငံခြားကို ခဏတစ်ဖြုတ်သွားဖြစ်တဲ့ အခါမှာ ဒီလိုပစ္စည်းတွေကို ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေကို အဓိကပဲပေါ့နော် ယူပြီးရောင်းပေးဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ အဲလိုမျိုး ဝတ်ဆင်ရေးအတွက် ပစ္စည်းလည်းစုံလင်အောင်၊ နိုင်ငံခြားက ဆိုင်ပုံစံမျိုး ဆိုင်တစ်ဆိုင်ဖြစ်အောင်၊ နောက်ပြီး ပွဲတက်သူငယ်ချင်းတွေ ဒီလို အဝတ်တွေကို ရှာရခတ်တဲ့အပြင် နိုင်ငံခြားကနေ ဝယ်လာတယ်ဆိုရင်တောင် အရောင်မစုံတာတွေ၊ အဆင်မပြေတာတွေ ရှိတာကြောင့် အစ်မတို့က ဆိုင်ဖွင့်ဖို့အတွက် စိတ်ကူးလိုက်တယ်။ နောက်တစ်ခုက ဇာရဲ့ခေတ်ကို ရောက်လာတဲ့အခါမှာ တော်တော်များများကဇာကို ဝတ်ရတာသဘောကျတယ်ပေါ့။ အဲဒီရဲ့ စိတ်ကူးနဲ့။ ပြီးတော့ ကိုယ့်ရဲ့သူငယ်ချင်း မိတ်ဆွေတွေ ရှာရလည်းလွယ်ကူတယ်။ ဒါ့အပြင် နိုင်ငံခြားမှာ သွားဝယ်နေစရာ မလိုဘဲ မြန်မာပြည်မှာဘဲ up-to-date ဒီဇိုင်းတွေကို ဝယ်ယူလို့ရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အစ်မတို့ ဖွင့်ဖြစ်သွားတာပေါ့နော်။

၎။ အစ်မတို့ (အောင်သမာဓိ)က ဝယ်ယူသုံးစွဲသူတွေအတွက် အမြဲ အသစ်အသစ်တွေ ရှာဖွေပေးနေတာ တွေ့ရပါတယ်။ အဲဒီအပေါ် အစ်မတို့ ခံယူချက်လေးနဲ့ လေ့လာဆောင်ရွက်မှု အပိုင်းလေးတွေ မျှဝေပေးပါအုံး။

အစ်မတို့ကတော့လေ ရွှေဆိုင်ဖွင့်ထားတဲ့ သက်တမ်းတစ်လျှောက်မှာတော့ အစ်မတို့ အောင်သမာဓိက အရင်တုန်းကတော့ ရွှေသန့်စင်လုပ်ငန်းကို အရင်ဖွင့်ဖြစ်တယ်။ ပြီးတော့မှ လက်ဝတ်ရတနာဆိုင်တွေကို စဖွင့်တာ။ ဖွင့်တဲ့အခါမှာလည်း အစ်မတို့က တစ်ခြားဆိုင်တွေနဲ့ မတူဘဲ အောင်သမာဓိဆိုတဲ့ နာမည်တစ်ခုနဲ့ အောင်သမာဓိ customer ဆိုတဲ့ ပုံစံမျိုး တစ်ခုဖြစ်အောင် အများနဲ့ မတူတဲ့ နည်းစနစ်ကို ကျင့်သုံးတယ်။ နောက်တစ်ခုက လက်ဝတ်ရတနာတွေကို ပြုလုပ်တဲ့အခါမှာ အစ်မတို့ ကိုယ်တိုင်လည်း customer တစ်ယောက် နေရာကနေ ဝင်ခံစားပြီး သဘောကျ နှစ်သက်လောက်တဲ့ အတိုင်းအတာမျိုး ဖန်တီးလေ့ရှိပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နောက် customer တွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲ မျက်ခြေမပြတ် လေ့လာနေတယ်။ အဲဒီ အပေါ်အခြေခံပြီး အသစ်အဆန်းလေးတွေ အစ်မတို့ ဖန်တီးဖြစ်တယ်။ ပထမဆုံး အစ်မတို့ လုပ်ဖြစ်တာက ရွှေခြုံလွှာ၊ အဲတုန်းက ၂ဝ၁ဝ။ အဲတုန်းကဆို မြန်မာနိုင်ငံမှာ ဘယ်သူမှတောင် မလုပ်ကြသေးဘူး။ အစ်မတို့ကတော့ ရွှေအရင်းအနှီးလည်း များတယ်၊ အခြား customer တွေ ဝယ်နိုင်ပါ့မလား။ ဘာညာ သိပ်ပြီး တွေးပူမနေပါဘူး။ ရွှေကို ဒီလိုမျိုး လေးတွေလည်း ဆင်မြန်းလို့ ရပါလားဆိုတာ လူတွေအသိစိတ်ထဲမှာ ဝင်သွားဖို့နဲ့၊ ဒါကို အောင်သမာဓိရွှေဆိုင်က တီထွင်တယ် ဆိုတာမျိုး customer တွေရဲ့ စိတ်ထဲရောက်သွားရင် ရပြီ။ ရွှေခြုံလွှာကို customer တွေက လက်ခံအားပေးလာတဲ့အခါ မှာ နောက်ထပ် ဒီဆိုင်း အဆန်းလေးတွေနဲ့ ထပ်ပြီးတော့ အခု (၂ဝ၁၅) အတွက် ရွှေခြုံလွှာလေး အစ်မတို့ လုပ်နေပါပြီ။ နောက်တစ်ခုက ရွှေဖုန်း ကာဗာ (phone cover) ပါ။ ဒါကလည်း customer ရဲ့ အဓိက လိုအပ်ချက်အပေါ်မှာ အခြေခံပြီး လုပ်ပေးခဲ့တာပါ။ အစ်မတို့ လက်ဝတ်ရတနာ ဆိုင်ကနေ ဒီလိုမျိုးလုပ်ပေးနိုင်တယ်ဆိုတာ customer တွေရဲ့ စိတ်ထဲ ဝင်သွားရင် ရပါပြီ။ နောက်တစ်ခုက ရွှေအင်္ကျီ။ ဒါဆိုလည်း customer ရဲ့ လိုအပ်ချက်ကို အခြေခံပြီး ရွှေနဲ့ ဒီဇိုင်းဖန်တီးလို့ ရတာမျိုးဆို အစ်မကတော့ အရှုံးအမြတ်ကို အဓိက မထားပဲ လုပ်ပေးလေ့ ရှိတယ်။ နောက်ပြီးတော့ အသစ်အဆန်းတွေလုပ်နိုင်တယ် ဆိုတာကလည်း customer တွေအတွက် လိုအပ်လာနိုင်တာတွေကို အခြေခံပြီး အစ်မတို့ လေ့လာမှုတွေ ပြုလုပ်တယ်။ ခေတ်ရေစီးကြောင်းအလိုက် ပြည်တွင်းရော၊ ပြည်ပပါ၊ အခြား catalogue တွေမှာလည်း up to date ဒီဇိုင်းတွေကို အမြဲလေ့လာဖြစ်ပါတယ်။ ဘာတွေ ခေတ်စားနေလဲ၊ သူတို့ ဘာတွေဝတ်ချင်နေပြီလဲ ဆိုတာသုံးသပ်ကြည့်ပြီး လေ့လာဖြစ်တဲ့အတွက် ဒီလိုမျိုးတွေ ထွင်နိုင်တာပါ။ နောက်တစ်ချက်ကကျတော့ အစ်မတို့ရဲ့ အားကိုးရတဲ့ ပန်းထိမ်ဆရာတွေကြောင့်လည်းပါပါတယ်။ သူတို့ကလည်း နှစ်ကြာပြီဖြစ်တဲ့ သက်တမ်းရင့် ပန်းထိမ်ဆရာတွေဖြစ်တယ်။ သူတို့လက်ရာတွေကလည်း ၁ဝဝ% စိတ်ချရတာကြောင့်လည်း ဒီလိုတွေ လုပ်နိုင်နေခြင်း ဖြစ်ပါတယ်။

၅။ အစ်မတို့ရဲ့ အခမဲ့ ရွှေသင်တန်းကလည်း ရွှေစိတ်ဝင်စားသူတို့ နှုတ်ဖျားမှာ အတော် လေး ရေပန်းစားနေတာကို တွေ့ရပါတယ်။ ဘယ်လို ရည်ရွယ်ချက်လေးတွေနဲ့ စဖွင့်ဖြစ်သွားတာလဲ။

ရွှေသင်တန်းကတော့ အဓိကက အစ်မတို့အဖေ ဦးစီးတာပါ။ ဖေဖေကလည်း ရွှေလုပ်ငန်းမှာ ကျင်လည်လာတာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်တာကတစ်ကြောင်း customer တွေအတွက် အဓိကက သူတို့ရွှေအကြောင်း နားမလည်တော့ အခက်အခဲတွေ့တာလေးတွေ တွေ့ရတတ်တယ်။ အားလုံးက ရွှေကို လက်ဝတ်ရတနာ တစ်ခုအနေနဲ့ တန်ဖိုးထားကြတယ်။ ဒါပေမယ့် ရွှေအကြောင်းကိုကျတော့ ကောင်းကောင်း နားမလည်တတ်တာကြောင့် အစ်မတို့က ပရဟိတအနေနဲ့ လုပ်ဖြစ်သွားတာပါ။ ကိုယ့် customer တင်မက ပါဘူး။ အခြားဆိုင်က customer တွေရော၊ အခြားရွှေဆိုင်တွေကပါ သင်တန်း လာတတ်ကြတာတွေ့ရပါတယ်။ အဓိကကတော့ ပညာဒါနတစ်ခုအနေနဲ့ ဖွင့်ဖြစ်သွားတာပါ။ ရွှေသင်တန်းကို လာတက်ကြတဲ့သူတွေကလည်း သဘောကျသလို ထပ်ပြီးတော့လည်း တက်ချင်ကြတော့ အောင်မြင်တယ်လို့တော့ ပြောရမှာပေါ့။ တစ်ခုပြောစရာရှိတာက အစ်မတို့က သူတို့ဆီက အကျိုးအမြတ်ကို မမျှော်လင့်ဘူး။ လူတွေကို အသိညဏ်လေးတွေ ပေးချင်တယ်။ အစ်မတို့ မိသားစုက စေတနာ အရင်းခံတယ်။ အစ်မတို့ ဆိုင်အနေနဲ့လည်း customer တွေကို ဒီလိုသင်တန်းတွေ ပေးနေတာဖြစ်တဲ့အတွက် ဘာမှ လျို့ဝှက်ချက်မရှိဘူး ဆိုတာလည်း သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။

၆။ Oversea မှာရှိတဲ့ Jewellery Fair တွေ သွားလေ့လာတာလဲ တွေ့ရပါတယ်။ ဒီပွဲတွေကရလာတဲ့ အတွေ့အကြုံလေးတွေ နည်းနည်းမျှဝေပေးပါအုံး အစ်မ။

Jewellery Fair တွေ ကတော့ အစ်မ၂ဝဝ၉ ခုနှစ်လောက်က စသွားဖြစ်တယ်။ အဲဒါကကျတော့ သူက စိန်ထည်အဓိကပဲ။ စိန်က ဟိုမှာ ဖြစ်နေတဲ့ ဈေးကွက်အနေအထားရယ် နိုင်ငံတကာမှာ ပေါ်နေတဲ့ လက်ဝတ်ရတနာ ဒီဇိုင်းလေးတွေကို သွားပြီးတော့ လေ့လာတယ်။ ပြီးတော့ သူတို့လိုမျိုး ကိုယ်က ဘာတွေလိုက်ဆန်းသစ်ရမလဲ ဆိုတာမျိုးလေးတွေ လေ့လာဖြစ်ပါတယ်။ တစ်နှစ်မှာ ဒီလို fair လေးတွေ (၃)ခေါက် ကျင်းပပါတယ်။ နောက်တစ်ခုက ရွှေဖြူ။ အီတလီကလုပ်တဲ့ 18 kg ရွှေထည်တွေက ဗမာပြည်မှာ (၂ဝဝ၈-၂ဝဝ၉) လောက်မှာ အရမ်းခေတ်စားလာတော့ အစ်မတို့ အဲဒါတွေကိုလည်း နိုင်ငံတစ်ကာ fair တွေမှာ လေ့လာဖြစ်တယ်။ Thaiwan တို့ China တို့ အဓိကသွားဖြစ်ပါတယ်။ အဲဒီက ဒီဇိုင်းတွေကို လေ့လာပြီး ဒီမှာ အသစ်အဆန်းတွေဖန်တီး၊ နောက်ပြီး ဟိုကပင်ရင်းတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အဦးဆုံးနဲ့။ ဈေးသက်သက်သာသာ ရောင်းချနိုင်တာ ဖြစ်ပါတယ်။

၇။ အလုပ်တာဝန်တွေများတဲ့ ကြားထဲက အခြား activities တွေမှာလည်း ပျော်ရွှင်တက်ကြွစွာ ပါဝင်နေတာကို တွေ့ရပါတယ်။ အစ်မ အချိန်တွေကို ဘယ်လို စီမံလေံရှိလဲဆိုတာကိုရော တစ်ချက်လောက် မျှဝေပေးပါအုံး။

အစ်မကကျတော့ အချိန်ကို အဲလိုမျိုးကြီးတော့ တသမတ်ထဲ မထားပါဘူး။ ဒါပေမယ့် ကိုယ်လုပ်ရမယ့် အလုပ်တာဝန်လေးတွေကိုတော့ တစ်ရက်ချင်း ပြတ်အောင် လုပ်ဆောင်တတ်တယ်။ အကယ်၍ မပြီးပြတ်ဘူးဆိုရင် နောက်တစ်ရက်မှာ အချိန်သီးသန့်ထားပြီး လုပ်ဆောင်တယ်။ အလုပ်တာဝန်တွေ ပြီးသွားရင်တော့ အစ်မ မိသားစုအတွက် အချိန်ပေးလေ့ရှိပါတယ်။ အလုပ်ခွင်မှာ အရမ်းစိတ်ရှုပ်ထွေးစရာတွေ ကြုံလာခဲ့ရင်လည်း မိသားစု တိုင်တိုင်ပင်ပင်နဲ့ ပေါ့ပေါ့ပါးပါးလေး ဖြေရှင်းလေ့ရှိတယ်။ နောက်ပြီးတော့ လုပ်နေကျ အလုပ်တာဝန်တွေ ဖြစ်တဲ့အတွက် အစ်မ သူ့အချိန်နဲ့သူ ကန့်သတ်ထားပေးတယ်။ နောက် အချိန် manage လုပ်တဲ့အခါမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာမှာ လုပ်သင့်တာလေးတွေကို ဦးစားပေးပြီး လုပ်ဖြစ်ပါတယ်။ နောက် အစ်မတို့အနေနဲ့ကျတော့ လူမှုရေးကိစ္စလေးတွေလည်း ပါဝင်ရတဲ့ အတိုင်းအတာလေးတွေလည်း ရှိတယ်။ ကိုယ့်အပေါင်းအသင်း မိတ်ဆွေတွေ၊ customer တွေရဲ့ပွဲတွေ တက်ရတာမျိုး လေးတွေလည်း ထိုက်သင့်သလို အချိန်ပေး လုပ်ဆောင်ရတာလေးတွေ ရှိပါတယ်။ နောက် အစ်မက ဝန်ထမ်းတွေကိုလည်း သေချာ လေ့ကျင့်သင်ကြားပေးထားတော့ တစ်ခုခုဆို ကိုယ်တိုင်လုပ်နေရတာထက် သူတို့လေးတွေက စိတ်ချရတော့ အခြားနေရာတွေမှာ အချိန်ပေး လုပ်ဆောင်နိုင်လာတာပေါ့ ။

၈။ နောက်တစ်ချက်က အစ်မ fashion နဲ့ ပတ်သက်ပြီး စမတ်ကျကျ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ fashion နဲ့ ပတ်သက်ပြီး ဘာတွေလေ့လာဖြစ်လဲ။ ညီမငယ်လေးတွေအတွက်လည်း fashion နဲ့ ပတ်သက်ပြီး ပြောပေးပါအုံး။

fashion နဲ့ ပတ်သက်ပြီး သိပ်ထွေထွေထူးထူး လေ့လာဖြစ်တာမျိုး မရှိပါဘူး။ တစ်ခါတစ်လေ အပြင်က မိတ်ဆွေသူငယ်ချင်းတွေ ဝတ်တာလေးတွေ၊ နောက် အင်တာနက်မှာ ခေတ်စားနေတာလေးတွေတို့၊ နောက်တစ်ချက်က အစ်မတို့ ကိုယ်တိုင်လည်း ဇာဆိုင်လေး ဖွင့်ထားတာတာ တစ်ကြောင်းကြောင့်ပါ။ ငယ်ငယ်ကတည်းကလည်း အလှအပ စိတ်ဝင်စားတာကြောင့် catalogue လေးတွေကြည့်တယ်။ အဓိကကတော့ ကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံလေးတွေ ဝတ်ဖြစ်ပါတယ်။ သူများနဲ့ ကြည့်ကောင်းလို့ ကြိုက်ပေမယ့် ကိုယ်နဲ့ မလိုက်ဖက်တာမျိုးဆို မဝတ်ဘဲ နေလိုက်တာမျိုးတွေလည်း ရှိပါတယ်။ လုပ်ငန်းလုပ်နေတာဆိုတော့ ဗမာဝတ်စုံလေးတွေကို ရွေးချယ်ဝတ်ဖြစ်နေပါတယ်။ သွားရင်းလာရင်းနဲ့လည်း ဘယ်လိုပုံစံလေးတွေ ခေတ်စားနေလဲ ဆိုတာမျိုးတော့ လေ့လာဖြစ်ပါတယ်။ ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ်ပေါ့။

၉။ အပေါင်းအသင်းတွေနဲ့ အပေးအယူမျှမျှ ပေါင်းသင်းဆက်ဆံဖို့ လူမှုဆက်ဆံရေးမှာ အဓိက ထားသင့်တဲ့ ခံယူချက် သဘောထားလေးတွေကို အစ်မ အမြင်လေးနဲ့ မျှဝေပေးပါအုံး။

အပေါင်းအသင်းတွေနဲ့ ပတ်သက်ပြီးတော့က ကိုယ့်ဘက်ကနေ အရိုးဆုံး အရှင်းဆုံး ဆက်ဆံတယ်။ ဘယ်သူ့ကိုမှ အရောင်မပါဘူး။ အဖြူထည်သက်သက်ပဲ ပေါင်းသင်းတယ်။ သူတို့ဆီက ကိုယ်ကဘာမှမမျှော်လင့်ဘူး။ နောက်တစ်ချက်က ကိုယ်ပေါင်းနေတဲ့သူအပေါ် ကိုယ်က ယုံကြည်နေရင် အခြားသူတွေဘာပြောပြော ယုံယုံကြည်ကြည်နဲ့ ပေါင်းတတ်တယ်။ တစ်ဖက်လူကောင်းခြင်း မကောင်းခြင်းထက် ကိုယ့်ဘက်က အကောင်းဆုံးပြုမူ ဆက်ဆံလိုက်တယ်။ ဒီလောက်ပါပဲ။

၁၁။ အစ်မ အမျိုးသားက အမလုပ်ဆောင်မှုတွေမှာ စိတ်အားထက်သန်စွာနဲ့ ပါရမီ ဖြည့်နေတာ တွေ့ရပါတယ်။ များပြားလှတဲ့ အလုပ်တာဝန်တွေကြားက သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်လာအောင် ဘယ်လို ခံယူချက်၊ နားလည်မှုတွေနဲ့ လက်တွဲနေကြလဲဆိုတာ ပြောပြပေးပါအုံး။

အစ်မအမျိုးသားနဲ့ အစ်မကျတော့ အသက် (၂ဝ) လောက်မှာ မင်္ဂလာဆောင်ဖြစ်ခဲ့တာ။ သူငယ်ချင်းလိုရော မိသားစုတွေလိုပါဖြစ်တော့ အရမ်းကြီး အခက်အခဲတော့ မရှိကြပါဘူး။ ဆိုးတိုင်ပင်ကောင်းတိုင်ပင် အားလုံးရပါတယ်။ ခရီးတွေသွားလည်း အတူတူပဲ။ ဘယ်နေရာပဲသွားသွား အတူတူပါပဲ။ နောက် လုပ်ငန်းပိုင်းဆိုင်ရာလည်း အတူတူတွဲလုပ်တဲ့အခါ သူ့ဘက်ကလည်း အများကြီး ပံ့ပိုးပေးနိုင်တာ တွေ့ရတယ်။ နိုင်ငံတကာ ခရီးတွေ ဘာတွေသွားတဲ့ အခါမှာလည်း သူနဲ့တိုင်ပင်ပြီး လုပ်ဆောင်တဲ့အခါ အစစ အဆင်ပြေပါတယ်။ နောက်ပြီးတော့ အပေးအယူမျှဖို့လည်း သီးသန့်ကြီး ကြိုးစားရတာမျိုးမရှိပါဘူး။ အရမ်းရင်းနှီးပြီး တစ်ယောက်စိတ်တစ်ယောက် သိနေပြီးသားဆိုတော့လည်း တစ်ယောက်ကိုတစ်ယောက် နားလည်မှု အပြည့် ရှိကြပါတယ်။ သူ့အခက်အခဲ ကိုယ့်အခက်အခဲ နားလည်ပြီး အပြန်အလှန်လိုက်လျောပေးကြတာကြောင့် အိမ်ထောင်ရေးမှာလည်း အခက်အခဲတော့ သိပ်မရှိပါဘူး။

၁၂။ အခု နောက်ထပ်ရင်သွေးလေး လွယ်ထားပြီနော်။ အစ်မ သားသမီးတွေနဲ့ ပတ်သက်ပြီး အမရင်ထဲက ခံယူချက်လေးတွေ ပြောပြပါအုံး။ သူတို့လေးတွေကိုရော ဘဝမှာ ဘယ်လိုပုံစံနဲ့ ရပ်တည်စေချင်လဲ အစ်မ။

အစ်မအနေနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် မိခင်ကောင်းတစ်ယောက်၊ အိမ်ထောင်ရှင်ကောင်း တစ်ယောက်ဖြစ်အောင်တော့ နေထိုင်ရမှာပါ။ ကလေးတွေကို ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲဆိုတော့ သူတို့ကို ဘာဖြစ်ရမလဲ ဆိုပြီးတော့ တင်းတင်းကျပ်ကျပ်ကြီး ထားထားတာမျိုး မရှိပါဘူး။ သူတို့ဖြစ်ချင်တာလေးတွေကို ကိုယ့်ဘက်ကလမ်းကြောင်းပေးရင်း ညှိညှိနှိုင်းနှိုင်း ပြုစုပျိုးထောင် သွားမှာပါ။ သူတို့ကို မလုပ်စေချင်တဲ့ အရာမျိုးကို ကိုယ် ကိုယ်တိုင်လည်း မလုပ်ဘူး။ ကိုယ့်ဘက်က ပေးလို့ရနိုင်တဲ့ ပညာအမွေကိုလည်းပေးပြီး အနီးကပ်စောင့်ရှောက်မယ်။ နောက် မိဘတွေအပေါ်ထားစေချင်တဲ့ သဘောထားလေးတွေ သင်ကြားပေးတယ်။ ဒီလိုပဲ လမ်းကြောင်းနေပါတယ်။ နောက် အစ်မတို့က မိသားစုတွေ စုပေါင်းနေထိုင်တာဖြစ်တဲ့အတွက် သားသမီးတွေဆုံးမတဲ့အခါ အစ်မတို့ မိဘနှစ်ပါးတင်မဟုတ်ဘဲ အဖိုး၊ အဖွားတွေ အဒေါ်တွေပါ ဝိုင်းပြီး ဆုံးမကြပါတယ်။

၁၃။ အစ်မ မိသားစုနဲ့ ဘဝတစ်လျှောက်လုံး ရပ်တည်သွားချင်တဲ့ ပုံစံလေး ပြောပြပေးပါအုံး။

အဓိက နံပါတ်တစ် အရေးကြီးတာ ကျန်းမာရေး၊ ဒုတိယအနေနဲ့က မိသားစု စည်းစည်းလုံးလုံးနဲ့ ဥမကွဲသိုက်မပျက်နေသွားချင်တယ်။ နောက်ထပ်ကတော့ စီးပွားရေး။ စီးပွားရေး အနေနဲ့ကတော့ အောင်သမာဓိကိုပဲ ဒီထက်မက အောင်မြင်အောင် ကိုယ်သွားချင်တဲ့ ပုံစံလေးတွေနဲ့ ဆက်လုပ်သွားချင်ပါတယ်။

ဗဟုသုတရခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။