မအိသက်နဲ့ (၅) မိနစ်တာ အမေးဖြေ

blank

ဂန္ထဝင်မဂ္ဂဇင်းမှ အပတ်စဉ် နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ထက်မြက်တဲ့ မိန်းကလေးတွေရဲ့ အားကျအတုဖွယ် အကြောင်းအရာလေးတွေကို (၅) မိနစ်စာ အင်တာဗျူးလုပ်ပြီး ပရိသတ်ကြီးကို မျှဝေလေ့ရှိပါတယ်။ အခုတစ်ပတ်မှာတော့ ချက်ပြုတ်မှုလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ မကြာသေးမီကမှ လန်ဒန်ကပြန်ရောက်လာတဲ့ မအိသက်ရဲ့ အကြောင်းလေးကို တင်ဆက်သွားမှာဖြစ်ပါတယ်။

၁။ မအိသက်ရဲ့အကြောင်း အနည်းငယ် သိပါရစေ။

အမအကြောင်းက အထွေအထူးမရှိပါဘူး။ ရိုးရိုးသာမန် အိမ်ရှင်မ တစ်ယောက် မိခင်တစ်ယောက်ပါပဲ။ အိမ်ထောင်ရှင်မ မဖြစ်ခင် မိဘက အမအသက် ၂၃နှစ်မှာ လန်ဒန်ကို ပညာသွားသင်ဖို့ လွှတ်လို့ ရောက်ရှိခဲ့ရတယ်။ အမျိုးသားကလည်း အဲဒီလိုပဲ နောက်မှ ရောက်လာတာပေါ့။ ၂၀၀၆မှာ အိမ်ထောင်ကျတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ကို လန်ဒန်မှာပဲ ရရှိခဲ့ပါတယ်။ အခုတော့ အဲဒီမှာနေတာ (၁၀) ကျော်သွားပြီမို့ မြန်မာပြည်ကို နှစ်ရှည်ပြန်လာနေတာပါ။

၂။ အမအိသက်ရဲ့ ပညာရေးအကြောင်းသိပါရစေ။ ဘာ major ကို အထူးပြုယူခဲ့တာလဲ အမ ။

အမက မြန်မာပြည်မှာ History နဲ့ဘွဲ့ရခဲ့တာပါ။ လန်ဒန်မှာနေတဲ့ တလျှောက်တော့(cooking) အချက်အပြုတ်၊ မုန့်လုပ်နည်းတွေ သင်တန်းတိုလေးတွေတော့ မကြာမကြာတက်ဖြစ်တယ်။ အစားအသောက်နဲ့ ပက်သက်ပြီး Health နဲ့ Safety ကတော့ Level 8 အထိ တက်ပြီးခဲ့တယ်။ ကိုယ်က အခြားအစားအစာ ကိုင်တွယ်ရောင်းချသူဆိုတော့ အဲဒီဟာတော့ မဖြစ်မနေ တက်ရတာပေါ့နော်။ လန်ဒန်က West London University မှာတော့ Culinary Arts and Management (Level-4) ကို First Year အထိ ပြီးခဲ့တယ်။ ဒီပြန်လာဖို့ စီစဉ်လိုက်တော့ ထပ်တော့ မတက်ဖြစ်တော့ဘူး ညီမရယ်။

၃။ မအိသက် အချက်အပြုတ် လောကထဲကို စတင်ဝင်ရောက်ခဲ့ပုံလေးကိုလဲ သိပါရစေ။ Htet Family စတင်လာပုံလေးလည်း သိပါရစေ။

အမကတော့ မွေးကတည်းက အချက်အပြုတ်လောကမှာပဲ မွေးခဲ့တယ် ဆိုပါတော့။ အမ မမွေးခင်ကတည်းက အမေရော၊ အဖေရော အဖွားရဲ့ ၂၉လမ်း ဓနုဖြူဒေါ်စောရီမှာ အလုပ်သင် ဝင်လုပ်နေပြီလေ။ အမေက အချက်အပြုတ်ကို တဖက်ကမ်းခတ် ကျွမ်းကျင်သူပေါ့။ အမကတော့ အိမ်ထောင်ကျပြီးမှ ဒီဝါသနာက မြုပ်နေရာက ပေါ်လာတယ်ထင်ပါတယ် ညီမရယ်။ Htet Family ဆိုတာကတော့ အမအမျိုးသားက ကိုထက်မြတ်ဦးလေ။ ဓနုဖြူဒေါ်စောရီ မိသားစုမှာ ကိုယ်က ဒေါ်စောရီ သမီးအလတ်က မွေးလို့ မြေးတော်ရပေမယ့် အမမိသားစုမှာတော့ ထက်ရဲ့ မိသားစုလေးဆိုပြီး ကိုယ်စားပြုထားတာပါ။ အမဒီလို ဖြစ်လာဖို့ကို အနီးကပ် ပံ့ပိုးပေးသူကလည်း အမအမျိုးသားပဲလေ။

၎။ မအိသက် ချက်ပြုတ်နည်းတွေနဲ့ ပတ်သက်ပြီး စာအုပ်တွေ ရေးထားတာရှိလား။ ဘယ်လို ပုံစံမျိုးရေးလေ့ရှိလဲအမ။

အမစာအုပ်လေး တစ်အုပ် ၂၀၁၄ အောက်တိုဘာမှာ ထွက်ထားပါတယ်။ “စွဲမက်စရာ မြန်မာ့အစားအစာ” ဆိုပြီးလေ မြန်မာ့အစားအစာ သက်သက်ပေါ့။ အမရဲ့ Htet Family.com မှာတော့ နိုင်ငံရပ်ခြား အစားအစာတွေပါ ရေးထားပေမယ့် အမှန်အတိုင်းပြောရရင် အမက ဗမာစာကြိုက်တဲ့သူဆိုတော့ အဲဒါကို ပိုအားသန်တယ် ဆိုပါဆို့။

၅။ မအိသက်က ဘာအစားအစာတွေ ချက်ပြုတ်ရတာ ပိုပြီး အားသန်လဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စမ်းသပ်ပြီး ချက်ပြုတ်တာမျိုးတွေရော လုပ်ဖြစ်လားအမ။

စောစောကပြောသလို ဗမာအစားအစာကို ပိုအားသန်တယ်။ ကိုယ်ပိုင်တီထွင် ဖန်တီးတာဆိုရင်တော့ ညီမရယ် အိမ်ထောင်ရှင်မတွေရဲ့ ထုံးစံအရ ကိုယ်ချက်တဲ့ဟင်းကို ကိုယ့်အိမ်သားတွေ အကြိုက်ကို လိုက်ချက်ရတာပါပဲ။ ဟင်းကျန်ရင် ကျန်တဲ့ဟင်းတွေကို အဆင်ပြေသလို ပေါင်းစပ်ပြီး နောက်တနေ့ ဟင်းအတွက် အသစ်တစ်ခု အဖြစ် လုပ်ရတာပဲ။ အမသားရော၊ အမျိုးသားရော ဟင်းဆိုနောက်တနေ့ မစားချင်တော့ ပုံစံပြောင်းရတာပေါ့။ အသစ်ဆိုပြီး စားကြရော။ ဒါဟာ အိမ်ရှင်မတွေရဲ့ ကိုယ်ပိုင်တီထွင်မှုပေါ့ ညီမလေး။ ဘဝကပေးတဲ့ သဘာဝ အနုပညာပေါ့နော်။

၆။ မိခင်တစ်ယောက်အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဆိုသလို အစားစားရင်း ကျန်းမာအောင် မိသားစုအတွက် ဘယ်လို စီမံချက်ပြုတ်ဖြစ်သလဲ။

ညီမရေ.. အမကတော့ သားရော သမီးရောကို အစားစားတတ်ကတည်းက လူကြီးစားသလိုပဲကျွေးတယ်။ အစပ်တော့ အရမ်း မကျွေးရဲဘူးပေါ့နော်။ ကလေးတွေ အတွက်တော့ ဝမ်းမချုပ်အောင် ချဉ်ရည်တစ်ခွက်၊ အသားတစ်ခွက်၊ အရွက်တစ်ခွက် အနည်းဆုံးပါတယ်။ သားကြီးက အရွက်သိပ်မစားချင်ဘူး။ ဒီတော့ ချဉ်ရည်နဲ့ ထိန်းရတယ်။ သမီးငယ်က အသားမစားတော့ ပဲတို့ အသီးအနှံတို့နဲ့ ထိန်းရတယ်လေ။ ထွေထွေထူးထူး သိပ်လုပ် မနေအားပါဘူးကွယ်။ လန်ဒန်မိခင်တွေရဲ့ ဘဝက သိပ်တော့ဇိမ်မကျခဲ့ပါဘူး။ ကိုယ်ထူကိုယ်ထပဲလေ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ အချက်အပြုတ် စိတ်ဝင်စားသူတွေအတွက် ကျန်းမာစွားချက်ပြုတ်နိုင်မယ့် နည်းလမ်းလေးတွေ ဝေမျှပါအုံး။

အမကတော့ အဓိက မိုးဖိုချောင် သန့်ရှင်းရမယ်။ ပိုးဟပ်၊ ကြွက်မလာနိုင်အောင် ချက်ပြီး ချက်ချင်းဆေးကြော သန့်စင်ရတယ်။ နောက်ပြီး အသား၊ ငါး စတာတွေကို သေချာကိုင်တွယ် သိမ်းဆည်းတတ်ရမယ်ပေါ့။ အချိုမှုန့်အစား ပဲငံပြာရည်တို့ သဘာဝအရသာပါတဲ့ အသားမှုန့်တို့ သုံးပါတယ်။ တို့ဗမာ လူမျိုးတွေက အချိုမှုန့်လေးပါမှ အရသာရှိသလို ထင်တတ်တယ်။ တတ်နိုင်သမျှ ရှောင်သင့်တယ်လို့ ထင်ပါတယ်။

၈။ Htet Family အနေနဲ့ ready-made package တွေ ထုတ်ရောင်းတာတွေ တွေ့ရတယ်။ နောင်ရော ဒီလုပ်ငန်းကို ဘယ်လိုချဲ့သွားဖို့ အစီအစဉ်ရှိလဲ။

Htet Family အနေနဲ့တော့ အစားအသောက် လုပ်ငန်းကို လုပ်ကိုင်မှာပါ။ ရောက်ခါစဆိုတော့ ကိုယ်တိုင် အထိုင်ကျအောင် ကျင့်နေရတယ် ညီမလေးရေ။ ၁၀နှစ်လောက် အဝေးရောက်နေတော့ တို့မိသားစုမှာ တောသားမြို့တက်သလို အူလည်လည်နဲ့လေ။

၉။ ချက်ပြုတ်မှုလောကထဲမှာ အခုလိုရပ်တည်နိုင်အောင် ဘယ်လိုကြိုးစားခဲ့ပြီး၊ အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့တယ်ဆိုတဲ့ အတွေ့အကြုံလေးတွေ share ပါအုံး။

ညီမလေးရယ် အချက်အပြုတ်လောကမှာတော့ လန်ဒန်မှာ လုပ်ခဲ့ရတာ ဆိုတော့လေ ပင်ပန်းတာပေါ့နော်။ ကလေးတစ်ဖက်နဲ့ ဆိုတော့လေ။ အစစအရာရာ ပင်ပန်းတယ်။ လူငှားလဲ မလွယ်ဘူးလေ။ အမသားတွေ၊ သမီးတွေရော ကိုထက်ရော စိတ်ဓာတ်အင်အား၊ လူအင်အား ဖြည့်ဆည်းပေးပါတယ်။ အမဆို တစ်ချို့ပွဲတွေအတွက် ချက်ပေးရင် အမြတ်မကျန် တာများတယ်။ ကိုယ့်စေတနာ အကျိုးပေးမယ်ဆိုတဲ့ စိတ်လေးနဲ့ပဲ လုပ်ရတာပဲ။ များသောအားဖြင့် တစ်နေ့ ၄နာရီလောက်ပဲ အိပ်ခဲ့ရတယ်။ ဒီအလုပ်လုပ်ချင်လို့လေ။

၁ဝ။ မအိသက် အချက်အပြုတ်အပြင် အခြား ဘာဝါသနာတွေလိုက်စားဖြစ်လဲ။ အားလပ်ချိန်ကို ဘယ်လိုအကျိုးရှိရှိ အသုံးချလေ့ရှိလဲ။

အမကလေ စာဖတ်တယ်။ ဦးသာဓု၊ ဦးသုမောင်၊ မင်းလူ၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ မိုးမိုး (အင်းလျား)၊ ဦးသုခ၊ မစန္ဒာ စတာတွေ အရမ်းကြိုက်တာ။ လန်ဒန်သွားတော့ အမစာအုပ်စင်ထဲက စာအုပ်အကုန် ဟိုကိုသယ်တယ်။ အခု ဒီပြန်သယ်ပေါ့။ ရွှေ၊ ငွေထက်ပိုကြိုက်တယ်။ ဒါတွေက အနှစ်တွေလေ။ အဲဒါတွေ ဖတ်ထားတော့ စာရေးတဲ့ အခါ အထောက်အကူပြုတယ်။

ဒီအင်တာဗျူးလေးကိုဖတ်ပြီး မအိသက်ရဲ့ မိမိဝါသနာနဲ့ အလုပ်အတွက် အပင်ပန်းခံ ကြိုးစားအားထုတ်ခဲ့ပုံ၊ သားသမီး နဲ့ ခင်ပွန်းသည်ကို အသေးစိတ်လေးတွေကအစ ဂရုတစိုက်ရှိတတ်ပုံလေးတွေ၊ အလုပ်အပေါ် စေတနာထားဆောင်ရွက်တတ်ပုံလေးတွေ သင်ခန်းစာယူလို့ရမယ် လို့ထင်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။