တစ်နေ့ ကျွန်မမှာ သမီးတစ်ယောက်ရှိလာခဲ့ရင်

0
1869

ကျွန်မမှာ သမီးလေးတစ်ယောက်ရှိလာခဲ့ရင်

သမီးလေးကို ပထမဆုံးပွေ့ချီလိုက်တဲ့အခါမှာပဲ မွေးကင်းစသမီးရဲ့ ကလေးအနံ့လေးကို ရှူရှိုက်ရင်း ပြည့်စုံတဲ့ခံစားမှုအသစ်တစ်ခုကို ကျွန်မခံစားရလိမ့်မယ်။ သမီးလေးကို ကျွန်မလက်မောင်းမှာ အသာအယာလွှဲသိပ်နေချိန်မှာ ချစ်စရာကလေးပေါက်စနလေးကို  ကြည့်ရင်း အံ့သြမှုတွေနဲ့ ကိုယ့်ကိုယ်ကို ဆိတ်ကြည့်နေလိမ့်မယ်။ အိပ်ပျော်နေတဲ့ နီတာရဲသမီးလေးကိုကြည့်ရင်းကျွန်မရဲ့နှလုံးသားကအပြင်မှာ လှုပ်ခုန်နေတဲ့ ခံစားမှုမျိုးကို ကျွန်မခံစားရလိမ့်မယ်။ သမီးလေးရဲ့ ပထမဆုံးစူးစူးဝါးဝါးငိုသံလေးဟာ ကျွန်မကြားဖူးသမျှထဲမှာ အချိုသာဆုံးတေးသံသာလေးဖြစ်နေလိမ့်မယ်။  သမီးလေးကို ချော့ရင်း မေ့မေ့မျက်လုံးနဲ့ နှာခေါင်း၊ ဖေ့ဖေ့အပြုံးနဲ့ မျက်နှာကျ၊  ဖေဖေမေမေတို့ နှလုံးသားကိုပေါင်းစည်းထားတဲ့ သမီးလေးဟာ သိပ်ကိုချစ်စရာကောင်းလှပါတယ်လို့ တိုးတိုးလေးပြောမယ်။ သမီးရဲ့လက်ချောင်းသေးသေးလေးတွေဟာ ကျွန်မလက်ညှိုးကို ဆုပ်ကိုင်ထားတဲ့အခါ၊ ခြေအိတ်လက်အိတ်သေးသေးလေးတွေကို မြင်တဲ့အခါ၊ ရယ်သံစိုးစိုးစီစီလေးတွေကို ကြားရတဲ့အခါ သမီးလေးနဲ့ ပတ်သတ်တာအားလုံးဟာ ကျွန်မအတွက်စိတ်ချမ်းသာစရာဖြစ်နေလိမ့်မယ်။

“သမီးလေးကို လူ့လောကထဲခေါ်လာဖို့ သေလုမျောပါးနာကျင်ခံစားခဲ့ရပေမယ့်

သမီးလေးမျက်နှာမြင်လိုက်ရကတည်းက

မေမေ့နာကျင်မှုတွေက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားခဲ့တယ်” လို့ သမီးလေးနားကို တိုးတိုးလေးကပ်ပြောမယ်။ သမီးကတော့ ဘယ်နားလည်ပါ့မလဲနော်။

ကျွန်မသမီးလေးကို ချစ်ခြင်းမေတ္တာတွေ အများကြီးပေးမယ်။ ကျွန်မပင်ပင်ပန်းပန်းနဲ့ ပြောင်လက်နေအောင် သုတ်ထားတဲ့ ပြတင်းပေါက်မှန်ကို သမီးကသူ့ရဲ့ညစ်ပတ်နေတဲ့လက်သေးသေးလေးတွေနဲ့ ကိုင်လိုက်ရင်တောင် သမီးကိုမဆူမငေါက်ဘဲ မှန်ပေါ်ကသမီးလေးရဲ့ လက်ရာလေးကို မြတ်နိုးစွာကြည့်နေမယ်။ သမီးလေးနွားနို့သောက်ရင်း ဖန်ခွက်မှောက်ကျသွားတဲ့အခါ ငိုနေတဲ့သမီးလေးဆီကို အပြေးသွားပြီး နွားနို့ဖိတ်ကျသွားတဲ့အတွက် သမီးလေးကိုအပြစ်မဆိုဘဲ သမီးမျက်ရည်တွေကို အရင်ဆုံးသုတ်ပေးမယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အရုပ်တွေကို ရှုပ်ပွနေအောင်ကစားရင်း ကျွန်မဆူမလားဆိုတဲ့အတွေးနဲ့ မျက်နှာလေးငယ်ပြီးကျွန်မကိုကြည့်နေတဲ့အခါ သမီးကို မြှောက်ချီလိုက်ပြီး သမီးလေးမျက်နှာကို နေရာမလပ် မွှေးမွှေးပေးမယ်။ ကျွန်မရဲ့ချစ်ခြင်းမေတ္တာဟာ သမီးလေးလေးဘက်ထောက်သွားတဲ့အရွယ်၊ လမ်း​လျှောက်​တတ်​စအရွယ်၊ သမီးပြေးတတ်လာတဲ့အရွယ်နဲ့အတူ ကြီးပြင်းခိုင်မာလာလိမ့်မယ်။ သမီး​လေးဘဝမှာ ​ဘာတွေပဲ ကြုံတွေ့ရ ကြုံတွေ့ရ သမီးလေးအမေက သမီးဘေးမှာ မားမားမတ်​မတ်​ ရပ်​​တည်ပေးနေတယ်ဆိုတာကို အမြဲခံစားနေစေရမယ်။

သမီးလေးတဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့တဲ့အခါ​ ကျွန်မကိုအတုခိုးပြီး အလှတွေပြင်လာလိမ့်မယ်။ ကျွန်မရဲ့ငယ်ငယ်က ဓာတ်ပုံတွေကြည့်ပြီး​ နှုတ်​ခမ်းနီ​ဆိုးဖို့ ကြိုးစားလာလိမ့်မယ်။   အဲဒီအခါ  သမီး​လေးနဖူးကို အသာအယာနမ်းပြီး သမီးလေး သိပ်လှတယ်​ဆိုတာကို ပြောပြပေးမယ်။ ဒါပေမယ့်လည်း အပေါ်ယံအလှတွေက မတည်မြဲဘူးဆိုတာကို သမီးလေးသိအောင် ပြောပြပေးမယ်။ အလှစစ်​ဆိုတာ သမီ​လေးဝတ်​ထားတဲ့ အဝတ်​အစား​တွေ၊ သမီး​လေးရဲ့ အပြင်​ပန်းရုပ်​ရည်​နဲ့ လှပတဲ့ဆံပင်​​လေး​တွေ​ပဲ မဟုတ်​ပါဘူးဆိုတာ သမီးကို ရှင်းပြမယ်။ မိန်းက​လေးတစ်​​ယောက်​ရဲ့ အလှစစ်​ဆိုတာ ချစ်​ခြင်း​မေတ္တာ​တွေသိမ်းဆည်းထားတဲ့ နှလုံးသားကို ထင်ဟပ်စေတဲ့ မျက်​လုံးထဲမှာ ရှိတယ်ဆိုတာကိုလည်း ပြောပြဦးမယ်။ သမီး​လေးက ကျွန်မပြောပြတာတွေကို နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ ဒါပေမယ့်  သမီးရဲ့ချစ်လှစွာသောအမေရဲ့စကားဆိုတော့ ​ခေါင်း​လေးတညိမ့်ညိမ့်နဲ့ နား​ထောင်​​နေလိမ့်မယ်လို့ ကျွန်မမြင်ယောင်မိတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သမီး​လေးက ငယ်​ရွယ်​တက်​ကြွပြီး ခံစားလွယ်တဲ့ ဆယ်​​ကျော်​သက်​ အရွယ်ကိုရောက်လာလိမ့်မယ်။ ဆယ်ကျော်သက်ရဲ့ စပ်ကူးမတ်ကူးကာလမှာ သမီးရဲ့ ပုံပန်းသွင်ပြင်ဟာ ဖားတစ်ပိုင်းငါးတစ်ပိုင်းလိုရယ်စရာကောင်းနေပေမယ့် ကျွန်မကတော့ မပြောင်းမလဲနဲ့ ချစ်နေမယ်။ သမီး​လေးကို အမေနဲ့သမီးဆိုတဲ့ စည်းအောက်မှာ သြဝါဒတွေနဲ့ ထိန်းချုပ်ထားမယ့်အစား၊ ရင်ဖွင့်တိုင်ပင်လို့ရမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့ဆက်ဆံအောင် နားလည်မှုယူထားမယ်။ သမီးလေးနဲ့ပတ်သတ်သမျှအားလုံးကို သမီးလေးရင်ဖွင့်ပြောပြလို့ သိရတာမျိုးပဲဖြစ်စေရမယ်။ သမီးလေးရဲ့ အတွင်းရေးတွေကို စပ်စပ်စုစုလုပ်မယ့်အစား ခံစားချက်တွေကို ဂရုစိုက်ပေးမယ်။

သမီး​လေးနဲ့တူတူ ​တောင်​တက်​မယ်​၊ စွန်​လွတ်​မယ်​။ သမီး​လေးနဲ့တူတူ စာအုပ်​​တွေဖတ်​မယ်​။ ဘာသာစကားမတူညီတဲ့ ရုပ်​ရှင်​​တွေကြည့်​ပြီး သမီး​လေးကို ဘာသာစကား​အသစ်တွေ ​လေ့လာသင်​ယူ​စေမယ်။ ပညာ​ပေးပုံပြင်​​တွေ၊ ပညာ​ပေးဇာတ်​လမ်း​တွေ အတူတူကြည့်ပြီး သမီးရဲ့အမြင်လေးတွေကို တီးခေါက်ကြည့်မယ်။ ညအိပ်ယာဝင်ချိန်သမီးကို ချော့သိပ်တဲ့အခါမှာ ကျွန်မမေမေကဝေမျှခဲ့တဲ့ ဆုံးမစကားတွေကို သမီး​လေးကျော​​ကို အသာအယာပွတ်​ရင်း တိုးတိုးလေးပြောပြပေးမယ်။

အမှားလုပ်​မိတဲ့အခါ တောင်းပန်​တတ်​​ဖို့ အရေးကြီးတယ်ဆိုတာ၊ အမှားတစ်ခုကို နှစ်ခါပြန်မကြော့ဖို့ အရေးကြီးတယ်ဆိုတာ သမီးသိအောင်သင်​ပြ​ပေးမယ်။ သမီး​လေးတစ်ခုခုမှားသွားလို့ နောင်တရနေတဲ့အခါ ခပ်တင်းတင်းထွေးပွေ့ထားပေးမယ်။ သမီးလေးတွေဝေတဲ့အခါ၊ တုန်လှုပ်ကြောက်ရွံ့တဲ့အခါ သမီးလေးခိုလှုံချင်တာက ကျွန်မရင်ခွင်ပဲဖြစ်စေရမယ်။ ကျွန်မရဲ့အပြုအမူတိုင်းဟာ သမီးလေးအတွက် မေတ္တာတွေထုံမွှမ်းပြီးနွေးထွေးနေစေမယ်။

သမီး​လေးတဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ သမီးဘဝလမ်းကို ကိုယ်တိုင် ရဲရဲလျှောက်လှမ်းနိုင်ဖို့ သမီးလေးလက်ကို တဖြည်းဖြည်းနဲ့ လွှတ်ပေးမယ်။ ဘဝလမ်းကိုကိုယ်တိုင်လျှောက်လှမ်းတဲ့အခါ အရေးကြီးတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးမြှင့်ပေးဖို့ သမီးလက်ကို ကျွန်မတတ်နိုင်သမျှလွှတ်ထားပေးမယ်။ အောင်မြင်မှုကိုလျှောက်လှမ်းဖို့ သမီးဖက်က အားသွန်ခွန်စိုက်ကြိုးစားဖို့သာလိုတယ် ဖြစ်မလာခဲ့ရင်တော့ စိတ်ဓာတ်ကြံ့ခိုင်စွာ ရင်ဆိုင်ဖို့လိုတာကိုလည်း သမီးလေးသိနေအောင် အားမွေးထားပေးမယ်။

တန်ဖိုးတွေကိုချစ်တတ်​ဖို့ထက်​ အချစ်​ကိုတန်ဖိုးထားသင့်တယ်ဆိုတာကို သမီးသိအောင် ရှင်းပြမယ်​။ သမီး​လေး အရှုံး​တွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ လိုချင်​တဲ့အရာအားလုံးက အလှမ်း​ဝေးနေတယ်လို့ ခံစားရတဲ့အခါ၊ ပြုံးချင်​​ပေမယ့်​ သက်​ပြင်းတွေအခါခါချနေရတဲ့အခါ “သမီးရေ သိပ်မောပြီး ပင်ပန်းနေရင် အနားယူချင်ရင်ယူလိုက်ပါ​၊ ဒါ​ပေမယ့်​ ဘယ်တော့မှ နောက်မဆုတ်ပါနဲ့။ နည်းနည်း​လေးဆက်လျှောက်လိုက်တာနဲ့ လိုရာခရီးရောက်တော့မှာပါ” လို့ အားပေးနေမယ်။ အောင်​မြင်​မှုဆိုတာ ပင်မြင့်မှာပွင့်တဲ့ တော်ဝင်တဲ့ ပန်းလိုပဲ လွယ်လွယ်ကူကူမရောက်နိုင်ဘူး စိတ်ရှည်သည်းခံဖို့လိုတယ်ဆိုတာ သမီးမြင်အောင်ပြောပြမယ်။ ဘယ်လောက်ပဲ လဲကျပါစေ သမီးလေးပြန်တက်ရဲအောင် စိတ်ဓာတ်သန်မာအောင် လေ့ကျင့်​​ပေးမယ်​။

သမီး​လေး အပျိုကြီးဖားဖားဖြစ်လာတဲ့အခါ  သူ့ဘဝအတွက် သင့်တော်တဲ့ လက်​​တွဲ​ဖော်​နဲ့ ​ဆုံတွေ့လိမ့်မယ်​။ သမီးလေးတစ်ဘဝလုံးစာ ရည်ရွယ်ထားတဲ့ လက်တွဲဖော်ကို ကျွန်မနဲ့မိတ်ဆက်ပေးတဲ့အခါ ဂါဝန်ဝဲဝဲလေးနဲ့ သမီးငယ်ငယ်က ပုံစံလေးကနေ ​ မင်္ဂလာဝတ်​စုံ​လေးပြောင်းသွားတာကို မြင်ယောင်ကြည့်ရင်း ကျွန်မမျက်လုံးမှာ မျက်ရည်တွေရစ်ဝိုင်းနေလိမ့်မယ်။ မင်္ဂလာခမ်းမထဲမှာ သတို့သမီးဝတ်စုံပေါ်က ပုလဲလုံး​လေး​တွေ ဇာ​လေး​တွေနဲ့ အပြိုင်လှပနေမယ့် သမီးမျက်နှာနဲ့ ဆယ်ကျော်သက်အရွယ်က ဂျစ်ကန်ကန်ပုံစံလေးကို ယှဉ်တွေးကြည့်ရင်း အချိန်ကုန်မြန်လိုက်တာလို့ တွေးမိနေလိမ့်မယ်။

မင်္ဂလာပွဲအပြီးမှာ သမီး​လေးကိုဖက်​ပြီး အိမ်ထောင်သည်ဘဝကို မကြောက်ဖို့၊ ဇနီးကောင်းတစ်ယောက်ဖြစ်အောင်၊ မိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ စကားလက်ဆောင်ပေးမယ်။ နောက်​ဆုံးအ​နေနဲ့ သမီး​လေးကိုဝအောင်ကြည့်ပြီး သမီး​လေးဘယ်နေရာကိုပဲရောက်နေ ရောက်နေ ကျွန်မကတော့ သမီးအတွက် ထာဝရအမေအဖြစ်ရှိနေမယ်ဆိုတာကို သမီးလေးကို ပြောပြမယ်။ သမီး​လေးကို နဖူးကိုဖွဖွလေးနမ်းချိန်မှာတော့ သမီးကိုပထမဆုံးနမ်းခဲ့တုန်းက ကလေးအနံ့လေးကို လွမ်းမိနေလိမ့်မယ်။ ကျက်​သ​ရေရှိလှတဲ့ သမီး​လေးဟာ ပန်းတွေနဲ့ လှလှပပတန်ဆာဆင်ထားတဲ့ မင်္ဂလာကားလေးကို စီးပြီးကျွန်မနဲ့တဖြည်းဖြည်းဝေးသွားတဲ့အခါ ကျွန်မဝမ်းနည်းမိလိမ့်မယ်။ ကျွန်မမျက်စိရှေ့မှာတင် အရွယ်ပေါင်းစုံပြောင်းလဲသွားတဲ့ သမီး​လေးကို ဆုံးရှုံး​လိုက်ရလို့ ဝမ်းနည်းမိ​တဲ့အခါ မိခင်မြေကြီးဟာ အပင်လေးတွေရှင်သန်ဖို့ မြေသြဇာပေးပေမယ့် အပင်လေးတွေ မြေကြီးနဲ့ဝေးပြီးရှင်သန်နေတာကို မော့ကြည့်ပြီးပီတိဖြစ်နေတတ်တာကို သတိရပေးမယ်။ သမီးနဲ့ထိုက်တန်တာက ကောင်းကင်ကြီးဆိုရင် သမီးလွပ်လွပ်လပ်လပ်ပျံသန်းပါစေလို့ ဖြေတွေးမယ်။  ဒါပေမယ့် ကျွန်မရဲ့ပေးဆပ်ခြင်းတွေကို သမီးသိအောင်ပြောပြဖြစ်မှာ မဟုတ်ပါဘူး။ သမီးလေးအမေတစ်ယောက်ဖြစ်လာတဲ့တစ်နေ့မှာ ကျွန်မရင်ထဲက စကားတွေကို အလိုလိုသိနေလိမ့်မယ်။ ကျွန်မမှာသာ သမီးလေးတစ်ယောက်ရှိလာတဲ့တစ်နေ့မှာလေ… မိခင်တစ်ယောက်ရဲ့ ကြီးမားတဲ့မေတ္တာကို ကျွန်မနားလည်လာလိမ့်မယ်။