ယောက္ခမတွေနဲ့ ဘယ်လိုပြေလည်အောင် ဆက်ဆံမလဲ။

0
711

အိမ်ထောင်သည်ဘဝမှာ မိမိခင်ပွန်းနဲ့တော့ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ကြတာကြောင့် ပြဿနာ မရှိပေမယ့် သူ့ရဲ့ မိဘတွေနဲ့ ဆက်ဆံရေးမှာတော့ အခက်အခဲ လေးတွေ တွေ့ရတတ်ပါတယ်။ အသက်အရွယ်ကွာဟမှုကြောင့် နေ့စဉ်ဘဝမှာ ပြဿနာလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယောက္ခမတွေနဲ့ ဆက်ဆံတဲ့ အခါ အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ သင့်စိတ်ကို သေချာ ထိန်းချုပ်လိုက်မယ်၊ အကောင်းမြင်စိတ်လေးတွေ ထားလိုက်မယ် ဆိုရင်တော့ ဒီပြဿနာတွေ လုံးဝ ပြေလည်သွားပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်မှာပါ။

၁။ ပြနာကို မီးခွက်ထွန်း မရှာပါနဲ့။

အလိုမကျလာတွေ များလာတာနဲ့ အမျှ သင့်ယောက္ခမ ပြောသမျှ ကန့်လန့်တိုက်မယ်လို့ တွေးမထားပါနဲ့။ သင်တို့ကြားက မတူညီမှုတွေကို မေ့ထားပြီး မိသားစု ချစ်ချစ်ခင်ခင် နေရဖို့ပဲ အာရုံစိုက်လိုက်ပါ။ ဒါဆိုရင်တော့ သင်တို့ အတူရှိနေတဲ့ အချိန်တွေကို ပျော်စရာ အချိန်လေးတွေ အဖြစ် ပြောင်းလဲနိုင်မှာပါ။ အဲ့ဒီတော့ အကောင်းမြင်စိတ်လေးနဲ့ပဲ သင့်ရဲ့ မိသားစု အသိုက်အမြုံလေး ပိုပြီး သာယာလာအောင် စွမ်းဆောင်လိုက်ပါ။

၂။ သင့်ရဲ့ တုန့်ပြန်မှုတွေကို ထိန်းချုပ်ပါ။

သင့်မှာ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောတတ်တဲ့ အရည်အချင်း ရှိပါတယ်။ ယောက္ခမတွေနဲ့ စကားပြောရင် အေးအေးဆေးဆေးနဲ့ သေချာ စဉ်းစားချင့်ချိန်ပြီး ပြောပါ။ ဒီတော့ သင့်အမျိုးသားလည်း မျက်နှာမပျက်ရတော့ဘူးပေါ့။ ဒီအရည်အချင်းက သင့်အပေါ်မှာပဲ မူတည်ပါတယ်။ သင်က မကောင်းမြင်စိတ်တွေပဲ ထားနေမယ် ဆိုရင်တော့ စိတ်တွေတိုလာမယ်၊ ပြီးတော့ သင့်တစ်နေ့တာလုံး ဒေါသစိတ်တွေနဲ့ပဲ အမှောင်ဖုံး နေတော့မှာပါ။ တစ်နေ့တစ်နေ့ သူတို့ သင့်အပေါ် ဘယ်လို ဆိုးတယ်ဆိုတာ တွေးမနေဘဲ သူတို့ရဲ့ တစ်နေ့တာကို ကောင်းကောင်း ဖြတ်သန်းနိုင်အောင် ဘယ်လို လုပ်ပေးမလဲ ဆိုတာပဲ တွေးပေးပါ။ “ဘယ်သူမပြု မိမိမှု” ဆိုတဲ့ အတိုင်း သင့်ကို ပျော်ရွှင်အောင်၊ စိတ်ထိခိုက်အောင် ဘယ်သူကမှ လုပ်လို့မရပါဘူး။ အဓိက ကတော့ သင်ကိုယ်တိုင်ပါပဲ။

၃။ ငြိမ်းချမ်းသာယာတဲ့ ပတ်ဝန်းကျင်လေး ဖန်တီးနိုင်ဖို့ အပြုသဘောဆောင်တဲ့ စကားလေးတွေ ရွေးပြောပါ။

တစ်ခါတစ်လေ သင့် ကလေးတွေကို ယောက္ခမတွေက မတည့်တာတွေ ကျွေးနေတာမျိုး ကြုံတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ သင်မကြိုက်တဲ့ အကြောင်းကို အရွှန်းဖောက်ရင်း မျက်နှာမပျက်ဘဲ မြင်သာအောင် ပြောတတ်ပါစေ။ အများအားဖြင့် မိန်းမတွေဟာ သူတို့ ဆိုလိုရင်းကို ရှင်းအောင် မပြောတတ်ကြပါဘူး။ မကောင်းမြင်စိတ်ပေါ်မှာပဲ အာရုံရောက်နေတတ်တော့ စကားပြောတာနဲ့ မတူတော့ဘဲ ရန်စ သလို ဖြစ်နေတတ်ပါတယ်။ ဒီတော့ အကောင်းမြင်စိတ်သာ အရင်မွေးလိုက်ပါ။ သင့်စကားတွေ အလိုလို လှလာပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ သူတို့အကြောင်း အတင်းအဖျင်း မပြောပါနဲ့။

ယောက္ခမတွေကို ထိခိုက်စေမယ့် စကားမျိုးတွေ မပြောသင့်ပါဘူး။ သူတို့အကြောင်း အတင်းအဖျင်းတွေကို သင့်အမျိုးသားကိုလည်း မပြောပါနဲ့။ သူငယ်ချင်းတွေကိုလည်း မပြောပြပါနဲ့။ ယုတ်စွ အဆုံး သင်တစ်ယောက်ထဲတောင် တစ်ဗျစ်တောက်တောက် ပြောမနေပါနဲ့။ သူတို့ရဲ့ အတင်းပြောနေမယ့်အစား သူတို့ ကျန်းကျန်းမာမာ နေနိုင်ဖို့ ဆုတောင်းပေးလိုက်ပါ။ သူတို့အမြဲ ပြုံးပျော်နေနိုင်အောင် ကူညီပေးဖို့ပဲ အာရုံစိုက်ပါ။

၅။ ကောင်းကွက်လေးတွေကိုပဲ မြင်ကြည့်ပါ။

ယောက္ခမတွေအပေါ် ထားနေတဲ့ သင့်အမြင်တွေကို ပြောင်းလဲဖို့ ကြိုးစားနေတာ သေချာရင်တော့ သူတို့ကို သင်နားလည်လာမှာပါ။ လူတိုင်းမှာ အားနည်းချက် ဆိုတာ ရှိကြပါတယ်။ သူများတွေ အနေနဲ့ ကြည့်ရင်လည်း သင့်မှာ မကောင်းတဲ့ အချက်လေးတွေ ရှိနိုင်ပါတယ်။ ဒီတော့ ကောင်းကွက်လေး တွေကိုပဲ အာရုံစိုက်ပါ။ အကောင်းမြင်စိတ်ရှိမှဘဲ အိမ်ထောင်တစ်ခု သာယာလာအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။။ သင်သာ လူတွေရဲ့ ကောင်းကွက်လေးတွေကို ကျွမ်းကျွမ်းကျင်ကျင် မြင်တတ်လာပြီ ဆိုရင် ကမ္ဘာကြီးတောင် သင်ကြိုးဆွဲသလို လိုက်က လာပါလိမ့်မယ်။ သင့်အိမ်ထောင်ရေးမှာ အနှောင့်အယှက်ဖြစ်မယ့် အရာတွေ ရှိတော့မှာ မဟုတ်တော့ပါဘူး။ သင်အမြဲ ပြုံးပျော် နေရတော့မှာပါ။ အဲ့ဒီတော့ အကောင်းမြင်စိတ်ရဲ့ စွမ်းအင်ကို ယုံကြည်ထားလိုက်ပါ။

၆။ မကောင်းတဲ့ စိတ်တွေ ရင်ထဲမှာ မထားပါနဲ့။ မဟုတ်ရင် သင်ပဲ ခံစားရမှာပါ။

မကောင်းတဲ့ ခံစားချက်တွေ ရင်ထဲ သိမ်းမထားပါနဲ့။ သူတို့ကို အကောင်းမြင်စိတ်လေးနဲ့ပဲ ကြည့်ပေးပါ။ တစ်ခါတစ်လေမှာ တော်တော် စိတ်တိုစရာကောင်းတာ သိပါတယ်။ ဒါပေမယ့် သင့်ယောက္ခမက သင့်အမျိုးသားနဲ့ ဘောလုံးပွဲ အတူသွားကြည့်ချင်တာ လောက်နဲ့တော့ ကမ္ဘာပျက်မသွားပါဘူး။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကို ဒေါသဖြစ်မနေဘဲ ဖာသိဖာသာ နေလိုက်ပါ။ ပြီးတော့ အဲ့ဒီလို အရေးမပါတာ လေးတွေမှာ ဒေါသတွေဖြစ်နေမိပြီ ဆိုရင် ဘာကြောင့်လဲ ဆိုတာ သေချာ စိစစ်သင့်ပါတယ်။ မိမိကိုယ် မိမိ ဒေါသစိတ်တွေနဲ့ ပိတ်လှောင်မထားပါနဲ့။ သင့်စိတ်တွေ တည်ငြိမ်သွားတဲ့ အခါမှ သင်ဖြစ်စေချင်တာကို အေးအေးဆေးဆေး ပြောသင့်ပါတယ်။ အမြဲ သင့်အမြင်တွေပဲ အမှန်လို့တော့ မယူဆပါနဲ့ ။ “သာတစ်ခါ နာတစ်လှည့်” ဆိုတဲ့ အတိုင်း တစ်ခါတစ်လေ သူတို့ အကြိုက် လိုက်ပေးလိုက်ပါ။

၇။ သင့်အမျိုးသားက သူ့မိဘတွေအပေါ် ဂရုတစိုက်ရှိတာကို မနာလို မဖြစ်ပါနဲ့။

သင့်ရဲ့အမျိုးသားက သူ့ မိဘတွေကို ချစ်ခင်ကြင်နာတာကို မနာလိုစိတ် မမွေးပါနဲ့။ သူ့မှာ သင့်အတွက်ရော သူ့မိဘတွေအတွက်ရော ချစ်ခြင်းမေတ္တာတွေ အလုံအလောက် ရှိပါတယ်။ ဒီတော့ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက် ကိုယ့်စိတ်ကိုယ် ဒုက္ခပေးမနေပါနဲ့။ သူ့အမေဆီ သူနေ့တိုင်း ဖုန်းခေါ်တာကိုလည်း စိတ်ပျက်မနေပါနဲ့။ ယောင်္ကျားတစ်ယောက်မှာ မိသားစုကို ခင်တွယ်တတ်တဲ့ စိတ်နဲ့ ပျော်ရွှင်မှုပေးတတ်တဲ့ အမူအကျင့်လေးတွေ ရှိနေတာ တစ်ကယ်ကို မြတ်နိုးစရာကောင်းပါတယ်။ သင့်အပေါ်မှာလည်း သူအဲ့ဒီလို ဂရုတစိုက်ရှိနေမှာ အသေချာပါပဲ။

အထက်ပါ နည်းလမ်းလေးတွေက သင့်ယောက္ခမတွေ အပေါ်မှာထားတဲ့ သင့်ရဲ့ အမြင်တွေကို ပြောင်းလဲဖို့အတွက် အထောက်အကူပြုမယ်၊ ပြီးတော့ သင့်ရဲ့ လာမယ့် နေ့သစ်တွေမှာ အကောင်းဘက်ကို ဦးတည်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

တိုက်ဆိုင်တာ ရှိရင် သူငယ်ချင်းတွေနဲ့လည်း Share ပါ။