ချစ်စကိုရှည်စေ မုန်းစကိုတိုစေ

0
406

ဘဝကို စိတ်လက်ပေါ့ပါးစွာ လျှောက်လှမ်းချင်တယ်ဆိုရင် အမုန်းတရားတွေကို လွှတ်ချထားခဲ့လိုက်ပါ။

မူလတန်းဆရာမတစ်ယောက်ဟာ သူမရဲ့ကျောင်းသားကျောင်းသူတွေနဲ့ ဂိမ်းတစ်ခုကစားဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒါနဲ့ပဲ သူမဟာ ဂိမ်းဆော့ဖို့အတွက် အာလူးတစ်လုံးစီမှာ ကိုယ်မုန်းတဲ့လူရဲ့ နာမည် တစ်ခုစီရေးပြီး ကျောင်းကိုယူလာဖို့ ကျောင်းသူကျောင်းသားတွေအားလုံးကို မှာလိုက်ပါတယ်။

နောက်တစ်နေ့မှာ ကျောင်းသူကျောင်းသားတွေဟာ ဆရာမမှာထားသလို မုန်းတဲ့လူရဲ့နာမည် ရေးထားတဲ့ အာလူးတွေသယ်ပြီး ကျောင်းကို ရင်တခုန်ခုန်နဲ့ ရောက်လာတော့တာပေါ့။ တချို့က နှစ်လုံး၊ တစ်ချို့က သုံးလုံး၊ လေးလုံးစီပေါ့။ တချို့များဆိုရင် ငါးလုံးအထက်တောင်ပါလိုက်သေးတယ်။ ကျောင်းကို ရောက်တော့လည်း အာလူးတွေ အပြန်အလှန်ကြည့်ကြ ပြောကြဆိုကြနဲ့ စာသင်ခန်းတစ်ခုလုံး သောသော ညံနေတော့တယ်။

အာလူးတွေကို ဆရာမဘာလုပ်မလို့ပါလိမ့်ဆိုတဲ့ သိချင်စိတ်ကြောင့် သူတို့ရဲ့မျက်လုံးလေးတွေ တလက်လက်တောက်ရင်း ဂိမ်းစဆော့မှာကို စောင့်နေကြတော့တယ်။ ကျောင်းတက်ခေါင်းလောင်းထိုးချိန်မှာတော့ ဆရာမက “ ကဲ… သားတို့သမီးတို့ရေ… အခုဆိုရင် သားတို့သမီးတို့ မုန်းတဲ့လူတွေရဲ့ နာမည်ရေးထားတဲ့ အာလူးတွေ အားလုံးယူလာခဲ့ပြီနော်။ ဆရာမဆော့မယ့် ဂိမ်းလေးကတော့ သားတို့သမီးတို့ဆီမှာရှိနေတဲ့ အာလူးတွေကို တစ်ပတ်တိတိ ဘယ်သွားသွား သယ်သွားရမယ်နော်။  တစ်ပတ်ပြည့်တဲ့အချိန်ကျရင် ဂိမ်းလေးအကြောင်းကို ဆရာမ ဆက်ရှင်းပြမယ်။ နားလည်ရဲ့လား” လို့ ပြောလိုက်တယ်တဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျောင်းသူကျောင်းသားလေးတွေဟာ  ဂိမ်းအကြောင်းကို သိပ်နားမလည်ပေမဲ့ ဆရာမပြောသလိုပဲ သွားလေရာမှာ အာလူးထုပ်ကြီးကို သယ်သွားရတော့တာပေါ့။ သုံးလေးရက်လောက်နေတော့ ကလေးတွေဟာ ပုပ်အဲ့ပြီး အနံ့ထွက်လာတဲ့ အာလူးတွေကို စိတ်ပျက်ပြီး မသယ်ချင်တော့တဲ့အကြောင်း ညည်းတွားပြောဆိုလာကြတော့တယ်။ လေးကလေး၊ နံကလည်းနံနေတဲ့ အာလူးတွေကို သွားလေရာ သယ်နေရတာကလည်း သူတို့အတွက် မဟာဒုက္ခကြီးဖြစ်လာပြီလေ။ အာလူးများများရှိတဲ့လူက ပိုဆိုးတာပေါ့။ တစ်ပတ်ပြည့်သွားတဲ့အခါမှာတော့ သူတို့လေးတွေဟာ အာလူးတွေကို ဆက်သယ်စရာမလိုတော့တာကြောင့် ဒုက္ခအပေါင်းကလွတ်မြောက်သွားသလို ခံစားလိုက်ရတော့တယ်။

တစ်ပတ်ပြည့်တဲ့ မနက်ခင်းစာသင်ချိန်မှာတော့ ဂိမ်းလေးရဲ့ အဆက်ကို သူတို့လေးတွေ သိပ်စိတ်ဝင်စားနေကြပြီလေ။ ဆရာမက ဂိမ်းအကြောင်းဘာမှမပြောသေးဘဲ အာလူးတွေကို သွားလေရာသယ်နေခဲ့ရတဲ့ ကာလတွေမှာ သူတို့ ဘယ်လိုခံစားရသလဲလို့ အရင်ဆုံးမေးခွန်းထုတ်လိုက်သတဲ့။ ကလေးတွေရဲ့ မကျေနပ်ချက်တွေဟာ ပွင့်အံကျလာပြီး “ သိပ်ကို စိတ်ရှုပ်ဖို့ကောင်းတာပေါ့ ဆရာမ” “ နံကလည်းအရမ်းနံတယ်။ လေးလည်းအရမ်းလေးတယ်” “ တစ်ခုခုဆို ရှေ့မရောက်နိုင်ဘူး အထုပ်ကြီးသယ်သယ်နေရတာ လေးလံနေတာပဲ” “ သွားလေရာမှာ အထုပ်ကြီးဆွဲထားရတာ အဆိုးဆုံးပဲ”  စသဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့တယ်။

စကားသံတွေအဆုံးမှာတော့ ဆရာမက ကျောင်းသားအားလုံးကို တစ်ချက်ပြုံးကြည့်လိုက်ပြီး “ ဒီဂိမ်းလေးဆော့ရတဲ့ ရည်ရွယ်ချက်ကို သားတို့သမီးတို့ ရိပ်မိကြပြီလား။ နံပြီးလေးနေတဲ့ အာလူးထုပ်ကြီးကို သွားလေရာသယ်သွားရတုန်းက ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ။ မုန်းတဲ့လူတွေရဲ့ နာမည်ရေးထားတဲ့ အာလူးတွေဟာ မုန်းတဲ့လူတွေကို နှလုံးသားထဲမှာ ထည့်ပြီးလျှောက်သွားနေရတာနဲ့ မတူဘူးလား။ သားတို့၊သမီးတို့ စဉ်းစားကြည့်စမ်း။ အာလူးရဲ့ အပုပ်နံ့နဲ့ အလေးချိန်ကို တစ်ပတ်တောင် မနည်းသည်းခံနေရတယ်ဆိုရင် လူတွေကိုမုန်းတဲ့ စိတ်ကို တစ်သက်လုံး သယ်ဆောင်ထားရတဲ့ နှလုံးသားက ဘယ်လောက်များပင်ပန်းနေလိုက်မလဲ” လို့ ဂိမ်းလေးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို လေသံအေးအေးနဲ့ ရှင်းပြလိုက်သတဲ့။

ကလေးတွေကလည်း ပုပ်နေတဲ့အာလူးနဲ့အတူ နှလုံးသားထဲက အမုန်းတရားတွေကိုလည်း လွှင့်ပစ်ပါ့မယ်ဆိုတဲ့ ကတိကိုပေးရင်း ဆရာမကိုကျေးဇူးတင်တဲ့အကြောင်းပြောလိုက်တော့တယ်။ သူတို့ရဲ့မျက်နှာတွေကတော့ အမုန်းတရားတွေရဲ့ ချည်နှောင်မှုတွေကနေ လွှတ်မြောက်ပြီး ပေါ့ပါးသွက်လက်လို့ပေါ့။

ပရိသတ်ကြီးရေ… သင်ကော သင်မုန်းတဲ့လူတွေကို နှလုံးသားထဲ ထည့်ထားပြီး နှလုံးသားကို လေးလံနေစေတုန်းပဲလား။ အမုန်းတွေကိုဖက်တွယ်ထားပြီး နှလုံးသားကိုအထုံးတွေနဲ့ချည်ရင်း မောနေဆဲလား။ အကယ်၍ တစ်စုံတစ်ယောက်ကို မုန်းနေတယ်ဆိုရင် သူ့ရဲ့ကောင်းကွက်တွေကို မြင်အောင်ကြည့်ပြီး ခွင့်လွှတ်ပေးလိုက်ပါ။ အမုန်းတရားတွေဟာ သင်မုန်းနေတဲ့လူကို ဘာမှမထိခိုက်စေပေမဲ့ သင့်နှလုံးသားကိုတော့ လေးလံစေတာတော့ သေချာပါတယ်။ ဒါကြောင့် ဘဝခရီးပေါ့ပါးစေဖို့အတွက် အမုန်းတရားတွေကို လွှတ်ချပစ်လိုက်ပြီး မေတ္တာတရားတွေကို တတ်နိုင်သလောက်သယ်ဆောင် သွားကြပါစို့နော်။

သင်ချစ်တဲ့သူတွေဖတ်ရဖို့ ဒီစာစောင်လေးကို SHARE ပေးလိုက်ပါ။