မြတ်နိုးဖွယ် သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်လာဖို့

0
791

“သူငယ်ချင်းကောင်းလိုချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ဖို့လိုအပ်တယ်” ဆိုတဲ့ ဆိုရိုးအတိုင်း သင်ဟာ မြတ်နိုးဖွယ် သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်၊မဟုတ် ကိုယ်တိုင် မေးမြန်းကြည့်ပါ။ မဟုတ်နေရင်လည်း စိတ်မပူပါနဲ့။ အောက်ဖက်မှာ လူတွေနဲ့ လိုက်လျောညီထွေဆက်ဆံတတ်ဖို့နဲ့ ရှိပြီးသား ရင်းနီးမှုတွေကို ပိုပြီးနွေးထွေးစေမယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းက တင်ဆက်လိုက်ပါတယ်။

၁။ အကူအညီလိုအပ်နေချိန်မှာ အလိုက်သိသိနဲ့ ကူညီပေးလိုက်ပါ။

ဒါဟာ အပြောလွယ်သလောက် အလုပ်ခက်ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း ကိုယ့်ဘေးပတ်ဝန်းကျင်က တစ်စုံတစ်ယောက်အကူအညီ လိုအပ်နေတဲ့အချိန် ကိုယ်နဲ့ရင်းနီးသည်ဖြစ်စေ မရင်းနီးသည်ဖြစ်စေ ကူညီပေးလိုက်ပါ။ မနိုင်ဝန်ထမ်းမိတာမျိုးတော့ မဖြစ်ဖို့ အထူးဂရုစိုက်ရပါမယ်။ ကိုယ်လည်း အပန်းမကြီးဘူးဆိုရင်တော့ ဒီလိုကူညီလိုက်ခြင်းက သူတို့နှလုံးသားတစ်နေရာမှ နေရာယူလိုက်တာပါပဲ။ခင်မင်မှုတွေကိုလည်း ပိုပြီး ခိုင်မာစေပါတယ်။

၂။ ပွင့်လင်းမြင်သာတဲ့ ယုံကြည်မှု တည်ဆောက်ပါ။

တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးစေခြင်းရဲ့ လျို့ဝှက်ချက်ကတော့ ကိုယ့်ရဲ့ လျှို့ဝှက်ထားတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ကစပြီး ပွင့်လင်းလိုက်မယ်ဆို တစ်ဖက်ကလည်း ကိုယ့်အပေါ် ယုံကြည်လာပြီး အချင်းချင်း ဆက်ဆံရေးတွေပိုရင်နှီး ခိုင်မာ လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာတွေ ရင်ဖွင့်သင့် မဖွင့်သင့်ဆိုတာကတော့ ခင်မင်မှုအတိုင်းအတာပေါ် ကြည့်ပြီးဆုံးဖြတ်သင့်ပါတယ်။

၃။ အခြားသူတွေ နားမလည်နိုင်တဲ့ ကိစ္စတွေကို ခံစားနားလည်ပေးပါ။

ကိုယ့်ခံစားချက်တွေကို ကိုယ်မဟုတ်တဲ့ အခြားသူတစ်ယောက်က နားလည်ပေးတာကို လူတိုင်း တောင့်တတတ်ကြပါတယ်။ မိတ်ဆွေအစစ်မှန်တွေဟာ ဘယ်လောက်ပဲ လူတွေရှုံ့ချစရာ အခြေအနေမျိုးပဲ ကြုံနေပါစေ ကိုယ့်မိတ်ဆွေကို ခံစားနားလည်ပေးပြီး သူ့အနားမှာ အားပေးရင်း ရှိနေပေးတတ်ပါတယ်။ ဒီလိုမိတ်ဆွေကောင်းတစ်ယောက်ရဲ့ အင်္ဂါရပ်နဲ့ အညီ ပတ်ဝန်းကျင်ကို စိတ်ဓါတ်ခွန်အားတွေပါ ပေးနိုင်မယ်ဆိုရင်တော့ သင်ဟာ လူတိုင်းအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်မှာမလွဲပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ သူငယ်ချင်းတွေရဲ့ ကွယ်ရာမှာ သူတို့အကြောင်း မကောင်းပြောခြင်းတွေ ရှောင်ကြဉ်ပါ။

လူတွေက အခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်လဲ ဂရုမစိုက်ဘူးဆိုတဲ့ စကား အမြဲနီးပါးပြောတတ်ကြပါတယ်။ သို့ပေမယ့်လည်း သူတို့နောက်ကွယ်မှာ ပြောတဲ့ သူတို့အကြောင်းကို သိပ်စိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေကို ကွယ်ရာမှာ ဝေဖန်အပြစ်တင်မယ့်အစား သူတို့ကောင်းကွက်လေးတွေကို သူတို့မရှိတဲ့အချိန်မှာ ပြောဆိုချီးမွန်းပါ။ ဒါဆို ရင်တော့ သင်ဟာ သူတို့ရင်ထဲ အနက်ရှိုင်းဆုံး တစ်နေရာကို ဝင်ယူလိုက်ပါပြီ။

အထက်ဖော်ပြပါ နည်းလမ်းတွေကို အလုံးစုံလိုက်နာရမယ် မဟုတ်ပါဘူး။ ဒီနည်းလမ်းလေးတွေက တစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးလေးတွေကို ပိုမို ခိုင်မာလာစေမှာ ဖြစ်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

Leave a Reply