အတိတ်က အမှားခြေရာလေးတွေကို ဖျက်ပစ်ဖို့ နည်းလမ်း ၉ ခု

blank

“ မမှားသောရှေ့နေ၊ မသေသောဆေးသမားမရှိ” ဆိုတဲ့ စကားပုံလေးအတိုင်းပါပဲ။ ပုထုဇဉ်ဖြစ်တဲ့လူမှန်သမျှ ဘဝခရီးလမ်းတစ်လျှောက်မမှားဖူးတဲ့သူဆိုတာမရှိပါဘူး။ တချို့တွေက အတိတ်ကအမှားတွေကို အတိတ်မှာထားခဲ့ပြီး လက်ရှိဘဝကို အကောင်းဆုံးတည်ဆောက်နေကြသလို တချို့တွေကျတော့ အတိတ်ကအမှားတွေကို မိမိတို့လက်တွေ့ဘဝထဲအထိ ယူဆောင်လာကြပါတယ်။ တကယ်တော့ အမှားဆိုတာ အနာဂတ်မှာနောက်တစ်ကြိမ်ထပ်မမှားမိအောင် သင်ခန်းစာယူဖို့ကလွဲပြီး ပစ္စုပ္ပန်ဘဝထိယူဆောင်မလာသင့်တဲ့အရာပါ။ တကယ်လို့ သင့်မှာလည်း ပစ္စုပ္ပန်အထိ ယူဆောင်လာမိတဲ့အတိတ်ကအမှားလေးတွေရှိခဲ့မယ်ဆိုရင် ဒီနေ့မှာ အဲ့ဒီယူလာသမျှတွေကို လွှတ်ချပြီး အနာဂတ်ဆီ လွတ်လပ်စွာ လျှောက်လှမ်းဖို့ အောက်ဖော်ပြပါဆောင်းပါးလေးနဲ့ အကြံပြုတိုက်တွန်းလိုက်ပါရစေလားရှင်။

၁။ မလိုအပ်ဘဲ ပိုက်ဆံဖြုန်းခဲ့မိတာ။

       ငယ်တဲ့အရွယ်မှာ ငွေကြေးကို စီမံခန့်ခွဲနိုင်စွမ်းအားနည်းတတ်တာ လူအများစုပါပဲ။ ဒါ့ကြောင့် ငွေကြေးကို မလိုအပ်ဘဲ ဖြုန်းတီးခဲ့မိတာမျိုးရှိတယ်ဆိုရင် သင့်ကိုယ်သင်အပြစ်မတင်ဘဲ နောက်ထပ်အဲ့ဒီလိုမဖြုန်းတီးမိအောင်ပဲ သင်ခန်းစာယူသင့်ပါတယ်။

၂။ မချစ်သင့်သူကိုချစ်ခဲ့မိတာ။

ရူးရူးမိုက်မိုက်အရွယ်မှာ သင့်အနေနဲ့ မချစ်သင့်တဲ့သူကို ချစ်ခဲ့မိတာရှိခဲ့ရင် အဲ့ဒါက သင့်အမှားမဟုတ်ပါဘူး။ “အချစ်”ဆိုတာ လူအများစု လွန်ဆန်နိုင်ဖို့ခက်တဲ့ အင်အားအကြီးမားဆုံးသော အရာဖြစ်တဲ့အတွက် သင့်ကိုယ်သင်ခွင့်လွှတ်သင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မိဘတွေစိတ်ညစ်အောင် လုပ်မိခဲ့တာ။

အမှားအမှန်ကို ခွဲခြားမသိတတ်သေးတဲ့အရွယ်မှာ မိဘတွေအပေါ် ဆိုးတတ်ကြတာ သဘာဝမို့ မိဘတွေကလည်း သင့်အပေါ်အပြစ်တင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ပြုမိခဲ့ဖူးတာတွေအတွက် နောင်တရနေမယ့်အစား လက်ရှိအချိန်မှာ မိဘတွေကို အကောင်းဆုံးပြုစုစောင့်ရှောက်ခြင်းဖြင့် သင့်ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင်သွားသင့်ပါတယ်။

၎။ အပျော်အပါးကို ဦးစားပေးခဲ့မိတာ။

အပျော်ဆိုတာ သူ့အသက်အရွယ်နဲ့သူပဲ ပိုင်ဆိုင်ခွင့်ရတာဖြစ်တဲ့အတွက် ငယ်ငယ်ကအပျော်အပါးမက်ခဲ့တဲ့အပေါ် သင့်ကိုယ်သင် အပြစ်တင်နေမယ့်အစား သင်ရရှိခဲ့ဖူးတဲ့ပျော်ရွှင်စရာအချိန်လေးတွေအတွက် ကျေနပ်သင့်ပါတယ်။

၅။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးခဲ့မိတာ။

ပညာသင်တဲ့အရွယ်မှာ ပညာကို ရှိသမျှခွန်အားတွေသုံးပြီး မသင်ယူခဲ့မိတာတွေရှိခဲ့ရင် သင့်ကိုယ်သင်အပြစ်မတင်ပါနဲ့။ ကျောင်းတုန်းက အားကစားလုပ်ခဲ့တာကလည်း ဒီနေ့သင့်ကို ကြံ့ခိုင်ကျန်းမာစွာ ရှင်သန်နေစေဖို့ အထောက်အကူပြုနေတာမို့ တန်ဖိုးထားသင့်ပါတယ်။

၆။ အကူအညီတောင်းခံဖို့ တွန့်ဆုတ်ခဲ့တာ။

သင်လိုအပ်နေချိန်မှာ အကူအညီမတောင်းခဲ့မိတာတွေအတွက် ပြန်တွေးပြီး နောင်တရနေတယ်ဆိုရင် အဲ့ဒီနောင်တစိတ်ကို ဖျောက်ပစ်လိုက်ပါ။ အကူအညီ မတောင်းတတ်တဲ့အတွက် ဒီနေ့သင်ဟာ ကိုယ့်အားကိုယ် ကိုးတတ်သူတစ်ယောက်ဖြစ်နေတာပါ။ လောကကြီးမှာ ကိုယ့်အားကိုယ်ကိုးတာ အသေချာဆုံးပါပဲ။

၇။  သူငယ်ချင်းတွေကြားက သံယောဇဉ်ကို ပြတ်တောက်စေခဲ့မိတာ။

မရည်ရွယ်ဘဲပြုလုပ်မိတဲ့ အမှားလေးတစ်ခုကြောင့် သင်နှင့်သူငယ်ချင်းတွေကြား  ဝေးကွာသွားတာမျိုးရှိခဲ့ရင် ဒီနေ့ဟာ အဲ့ဒီဝေးကွာမှုကို ပြန်နီးအောင် ကြိုးစားရမယ့်နေ့ပါပဲ။ ဒါ့ကြောင့် နောင်တရနေမယ့်အစား သင့်သူငယ်ချင်းတွေကို ပြန်ဆက်သွယ်ဖို့ ကြိုးစားသင့်ပါတယ်။

၈။ တစ်ဖက်သားအပေါ် ဒေါသအလျောက် နာကျင်အောင်ပြောဆိုမိခဲ့တာ။

ဒေါသသိပ်ထွက်နေချိန်မှာ ဆင်ခြင်တုံတရားအားနည်းတတ်တာ သဘာဝမို့ သင့်အနေနဲ့ တစ်ဖက်သားအပေါ် ဒေါသအလျောက်နာကျင်အောင် ပြောဆိုခဲ့မိတာတွေရှိခဲ့ရင် နောင်တရနေမယ့်အစား တောင်းပန်လို့ရတဲ့သူဆို တောင်းပန်လိုက်ပါ။ တောင်းပန်လို့မရတဲ့သူဆိုရင်လည်း အမှားထဲက သင်ခန်းစာယူပြီး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ကြိုးစားသင့်ပါတယ်။

၉။ အကောင်းဆုံးတွေကို မတည်ဆောက်ခဲ့မိတာ။

       လူတိုင်းကတော့ ဘဝမှာအကောင်းဆုံးတွေကို လိုချင်ကြသူတွေချည်းပါပဲ။ လက်ရှိသင်ပိုင်ဆိုင်ထားတဲ့ဘဝဆိုတာလည်း သင်ငယ်ငယ်က အကောင်းဆုံးကြိုးစားအားထုတ်ခဲ့မှုအတွက် ထိုက်တန်တဲ့ရလဒ်ဆိုတာ ယုံကြည်ပါ။ ဒါ့ကြောင့် ပြီးခဲ့တာတွေကို အားမလိုအားမရဖြစ်နေမယ့်အစား လာမယ့်အနာဂတ်မှာအကောင်းဆုံးဖြစ်ဖို့ လက်ရှိသင့်အချိန်တွေကို ထိရောက်စွာ အသုံးချသင့်ပါတယ်။

ပရိသတ်ကြီးရေ . . . သင်တို့ဘဝမှာလည်း အတိတ်တုန်းက မှားခဲ့ဖူးတယ်လို့ထင်နေမိတဲ့ အဖြစ်ကလေးတွေရှိခဲ့ရင် comment box မှာ ရေးသားရင်း မျှဝေရင်ဖွင့်သွားဖို့ ဖိတ်ခေါ်ပါရစေလားရှင်။