အမုန်းရောဂါကို အချစ်ဆေးဆရာနဲ့ ကုသကြပါစို့

blank

နှစ်ပေါင်းလေးဆယ်ကြာ ချစ်ချစ်ခင်ခင် နေလာခဲ့တဲ့လယ်သမား ညီအစ်ကို နှစ်ယောက်ဟာ တစ်နေ့မှာ တစ်ယောက်နဲ့တစ်ယောက်ကြား အပေးအယူမမျှတာနဲ့ အထင်လွဲကုန်ကြပြီး ပဋိပက္ခတစ်ခု ဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ ဟိုးအရင် နှစ်လေးဆယ်လုံးလုံး လယ်ထွန် ဖို့လိုအပ်တဲ့ စက်ကိရိယာတွေ အတူမျှဝေသုံးစွဲကြ၊ လယ်လုပ်သားတွေနဲ့ လယ်လုပ်ငန်းတွေကို အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

အရင်က ဘယ်လောက်ပဲ စည်းလုံးခဲ့ စည်းလုံးခဲ့၊ အခုချိန်မှာတော့ ဘယ်လိုမှ ပေါင်းစည်းလို့ မရတော့ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြစ်တွေမြင်လာပြီး ဘယ်လိုမှကို အမြင်မကြည်လင် ကြတော့ပါဘူး။ ဒီလိုနဲ့ ဒီလယ်သမားညီအစ်ကို နှစ်ယောက် စကားမပြောတာ တစ်ပတ်ကျော် ကြာပြီးတဲ့ နောက်တစ်နေ့မှာပဲ အစ်ကိုဖြစ်သူရဲ့ အိမ်ရှေ့မှာ လက်သမားတစ်ယောက် ရောက်လာပြီး သူ့အတွက် အလုပ်လေးတစ်ခုလောက် ရနိုင်မလားဆို အကူအညီတောင်းလာပါတယ်။

ဒါနဲ့ အစ်ကိုဖြစ်သူက အကြံရသွားပြီး “ရှိတာပေါ့ဗျာ။ ဟိုးလယ်ကွင်းလေးကို လှမ်းကြည့်လိုက် အဲဒီကွင်းရဲ့ တစ်ဖက်မှာ ကျုပ်ရဲ့ အိမ်နီးချင်းအိမ်ရှိတယ်။ အမှန်တော့ ကျုပ်ညီအိမ်ပေါ့ဗျာ။ သူက လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူ့ရဲ့ မြေကော်စက်ကြီးနဲ့ သူ့ယာကွက်နဲ့ ကျွန်တော့်ယာကွက်ကို စည်းခြားသလို ပိုင်းသွားတာ။ ဒီကနေ ဟိုး မြစ်အစပ်နားထိပါပဲ။ ကျွန်တော်လုံးဝမကျေနပ်ဘူး။ ဒါကြောင့် သူ့ထက်သာအောင် ကျွန်တော့ကို အဲဒီစည်းပေါ်မှာပဲ (၈)ပေလောက်ရှိတဲ့ တံတိုင်းတစ်ခု ခတ်ပေးစမ်းဗျာ။ “ ဆိုပြီး ခိုင်းလိုက်ပါတယ်။

ဒါနဲ့ လက်သမားကြီးကလည်း “ဟုတ်ကဲ့ ကျွန်တော် အခြေအနေကို နားလည်ပါပြီ။ ကျွန်တော့ကို လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုသာ ပေး။ ခင်ဗျားစိတ်ကျေနပ်အောင် ကျွန်တော်လုပ်ပေးပါမယ်” ဆိုပြီး ပြန်ပြောခဲ့ပါတယ်။

ဒါနဲ့ အစ်ကိုဖြစ်သူဟာ လက်သမားကြီးလိုအပ်တဲ့ပစ္စည်း တွေပေးပြီး ကိစ္စရှိလို့ ဆိုပြီး မြို့တက်သွားခဲ့တယ်။ လက်သမားကြီးလည်း သံတွေရိုက်၊ လွှတွေတိုက်၊ ဟိုတိုင်းဒီတိုင်းနဲ့ တစ်ယောက်ထဲ အလုပ်တွေ ရှုပ်နေတော့တယ်။ ညနေလည်း စောင်းရော အစ်ကို ဖြစ်သူ မြို့က ပြန်ရောက်လာခဲ့တယ်။ လက်သမားကြီးလည်း သူ့တာဝန်ပြီးစီးသလောက် ရှိနေပါပြီ။

အစ်ကို လယ်သမားဟာ ပြန်ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားနဲ့ အရမ်းကို အံ့သြသွားခဲ့တော့တယ်။ သူတွေ့လိုက်ရတာက တံတားတစ်ခုပါ။ လက်သမားကြီးက သူ့လယ်ကွက်နဲ့ သူ့ညီရဲ့ လယ်ကွက်နှစ်ခုကြား တံတားထိုးလိုက်တာပါ။ အဲဒီအချိန်မှာပဲ တစ်ဖက်ခြံက ညီဖြစ်သူရောက်လာပြီး          “အစ်ကို… ညီလေးရဲ့ အပြစ်တွေကို ဗွေမယူဘဲ အခုလို တံတားထိုးပေးလိုက်တာ ညီလေး သိပ်ကျေးဇူးတင်တာပဲ။ ညီလေးမှားခဲ့တာတွေကိုလည်း တောင်းပန်ပါတယ်။ ညီလေးတို့ အရင်ကလိုပဲ ချစ်ချစ်ခင်ခင် နေကြရအောင်” ဆိုပြီး ပြောလာခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်က တံတားတစ်ဖက်စီကနေ အပေါ်တက်လာကြပြီး အလယ်မှာ တစ်ယောက်ကိုတစ်ယောက် ကြင်နာစွာ သိုင်းဖက်လိုက်ကြတယ်။ အဲဒီအချိန်မှာ လက်သမားကြီးက သူ့သေတ္တာလေးမပြီး ပြန်မယ် ပြင်နေတာ တွေ့လိုက်ရတယ်။ ဒါနဲ့ အစ်ကိုဖြစ်သူက “လက်သမားကြီးခင်များ ဖြစ်နိုင်ရင် ကျွန်တော်တို့နဲ့ နည်းနည်း ထပ်နေပေးပါအုံး။ ခင်ဗျားနဲ့ အလုပ်တွေ အများကြီး လုပ်စရာ ရှိနေပါသေးတယ်” ဆို တောင်းဆိုလိုက်တော့ …

လက်သမားကြီးက “ကျွန်တော်နေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အခြားလိုအပ်တဲ့ နေရာတွေမှာ ဒီလိုတံတားတွေ သွားဆောက်ပေးရအုံးမယ်” ဆို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတော့တယ်။

ဒီပုံပြင်လေးဖတ်ပြီး ရလိုက်တဲ့ သင်ခန်းစာကတော့ တစ်ယောက်ကိုတစ်ယောက် အမုန်းတ၇ားတွေနဲ့ တံတိုင်းတွေ ဆောက်နေမယ့်အစား ချစ်ခြင်းမေတ္တာ တံတားတွေသာ တည်ဆောက်ကြမယ်ဆို ဒီထက်ပိုပြီး သာယာတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်မှာ မလွဲပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။