နေ့လည်စာလေးတစ်နပ်ကနေ သင်ယူစရာတွေအများကြီး ဖန်တီးပေးနေတဲ့ ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်တစ်ခုအကြောင်း

blank

နည်းပညာနဲ့ပတ်သက်ပြီး ထိပ်တန်းကိုရောက်ရှိလာတဲ့ နိုင်ငံတစ်နိုင်ငံ၊ စည်းကမ်းကြီးမှုကြောင့် တစ်နေ့ထက်တစ်နေ့ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံတစ်နိုင်ငံကို ပြပါဆိုရင် ဂျပန်နိုင်ငံကို ပြသကြမယ် မဟုတ်လား စာချစ်သူတို့ရေ။ ဂျပန်နိုင်ငံရဲ့  စည်းစနစ်ကျနတဲ့ ပညာရေးစနစ်တွေ၊ နိုင်ငံသားတွေရဲ့ တာဝန်သိစိတ်၊ စည်းကမ်းထိန်းသိမ်းတတ်တဲ့ စိတ်ဓာတ်တွေနဲ့ အားကျလေးစားစရာနိုင်ငံတစ်နိုင်ဖြစ်လာတာဟာ ငြင်းဆိုလို့မရနိုင်တဲ့ အချက်တစ်ချက်ပဲ မဟုတ်လား။

အဲ့ဒီလိုဖွံ့ဖြိုးတိုးတက်တဲ့ ဂျပန်နိုင်ငံမှာ ကလေးငယ်တွေရဲ့ ပညာရေးအတွက် စာသင်ကျောင်းမှာ ကောင်းမွန်တဲ့ သင်ကြားနည်းရအောင် စီစဉ်ထားသလို ကလေးငယ်တွေကို ကိုယ့်ကိုယ်ကိုတာဝန်ယူတတ်အောင်၊ အောက်သက်ကျေအောင် သင်ကြားပြသတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်  “နေ့လည်စာသည် အစားစားရုံသက်သက်မဟုတ်ပါ” လို့ ခံယူပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေအပြင် ကျေးဇူးတင်တတ်အောင်ပါ သင်ကြားပေးနေတဲ့ ဂျပန်နိုင်ငံရဲ့ နေ့လည်စာစားချိန်လေးအကြောင်းကို စာချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်ရှင်။

ဂျပန်နိုင်ငံမှာဆိုရင် မူလတန်းကျောင်းသား၊ ကျောင်းသူတွေကတည်းက နေ့လည်စာစားချိန်အတွက်လိုအပ်တဲ့ တူ၊ ထမင်းစားစားပွဲခင်း၊ သွားတိုက်တံ၊ ပလုတ်ကျင်းဖို့ခွက် တွေကို အိမ်ကနေ သယ်သွားရပါတယ်။ ကျောင်းလွယ်အိတ်ဘေးမှာ အပိုချိတ်ထားတဲ့ နေ့လည်စာအတွက်ပစ္စည်းလေးတွေဟာ ကလေးငယ်တစ်ယောက်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တတ်ဖို့ခြေလှမ်းလေးတစ်လှမ်း အစပျိုးပေးလိုက်တာပါပဲ။

နေ့လည်စာအတွက် လိုအပ်တဲ့ အာလူး၊ နံနံပင်စတာတွေကို အတန်းအလိုက်စိုက်ပျိုးထားတဲ့ ကျောင်းစိုက်ခင်းကနေ ခူးပြီး စာဖိုမှူးကြီးတွေက ချက်ပြုတ်ပေးတယ်။ ချက်ပြုတ်ပြီးတဲ့အစားအစာတွေကို အတန်းတွေအလိုက်ခွဲခြားပြီးထည့်စရာကြီးတွေနဲ့ ထည့်ထားပေးတယ်။ ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် လိုအပ်တဲ့အာဟာရတွေကို လိုက်ပြီး အစားအသောက်တွေကတော့ ကွဲသွားပါတယ်။ နေ့လည်စာထမင်းစားဆင်းချိန်ရောက်တာနဲ့ တစ်နေ့တာအတွက် တာဝန်ကျတဲ့ ကလေးငယ်တွေက ဆရာမရဲ့ဦးဆောင်မှုနဲ့ နေ့လည်စာတွေကို စားဖိုဆောင်ကိုသွားပြီးသယ်ကြရတယ်။ အတန်းငယ်တွေအတွက်ဆိုရင် သယ်ရလွယ်ကူအောင် အစားအစာတွေကို trolley နဲ့ ထည့်ထားပေးတယ်။ အစားအစာတွေကို သွားသယ်မယ့် ကလေးတွေအနေနဲ့ နေထိုင်မကောင်းတာ၊ နှာစေး၊ချောင်းဆိုးတာမျိုးတွေရှိမရှိကိုလည်း ဆရာမက စစ်ဆေးပါတယ်။ တာဝန်ကျကလေးတွေဟာ လက်ကိုသေချာဆေး၊ နှာခေါင်းစည်း၊ ခေါင်းစည်းတွေတပ်ပြီးမှ စားဖိုဆောင်ကို သွားကြရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တာဝန်ကျကလေးငယ်တွေက အစားအစာတွေကို သယ်နေတဲ့အချိန်မှာ အတန်းထဲက ကလေးငယ်တွေက စားပွဲခင်းခင်းတာ၊ လက်ဆေးတာတွေလုပ်ပြီး စောင့်ကြရပါတယ်။ နေ့လည်စာသွားယူတဲ့ကလေးငယ်တွေကလည်း စားဖိုမှူးတွေကို “အရသာရှိတဲ့ နေ့လည်စာလေးကို ချက်ပြုတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်” လို့ကျေးဇူးတင်စကားပြောကြပါတယ်။ ပြီးတဲ့နောက်မှာတော့ နေ့လည်စာကို အတန်းထဲသယ်လာပြီး သူငယ်ချင်းတွေကို ခူးခပ်ပြီး ကျွေးကြကြပါတယ်။ ကလေးတွေအကုန်လုံးက တာဝန်ကျကလေးတွေကို “ ကျေးဇူးတင်ပါတယ်” လို့ ပြောကြပါတယ်။ ကျောင်းသားတွေအားလုံးနေ့လည်စာစားပြီးတဲ့နောက်မှာတော့ အားလုံးကိုယ်ထမင်းစားတဲ့ စားပွဲကို ကိုယ်တိုင်သုတ်ကြပါတယ်။ ထမင်းစားပြီးတဲ့နောက်မှာတော့ သန့်ရှင်းရေးလုပ်ချိန် (၁၅) မိနစ်ယူပြီး အတန်းကို တံမြက်စည်းလှည်းတာ၊ ကြမ်းတိုက်တာ စတာတွေကို လုပ်ကြပါတယ်။

တကယ်တမ်းကြည့်မယ်ဆိုရင် အိမ်ကနေ ထမင်းချိုင့်ယူလာ၊ ထမင်းစားလိုက်တာက လွယ်ပါတယ်။ နေ့လည်စာလေးတစ်နပ်ကနေ ကလေးတွေအတွက် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်၊ ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့ စွမ်းရည်တွေအပြင် ကျေးဇူးတင်တတ်တဲ့ စိတ်လေးတွေ၊ နိမ့်ချတတ်တဲ့ စိတ်ကလေးတွေ၊ တာဝန်ယူတတ်တဲ့စိတ်ကလေးတွေရအောင် သင်ကြားပေးနေပါတယ်။ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စိုက်ခင်းကထွက်လာတဲ့ ဟင်းလျာလေးတွေကို၊ ကိုယ်တိုင်တည်ခင်းစားသုံးပြီး ကိုယ်တိုင်သန့်ရှင်းရေးလုပ်ရတဲ့အတွက် ကျောင်းသားတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိနေမလဲဆိုတာ စာချစ်သူတို့ ခန့်မှန်းလို့ရနိုင်ပါတယ်။

ဒါကြောင့်လည်း “နေ့လည်စာသည် အစားစားရုံသက်သက်မဟုတ်ပါ” လို့ ဆိုတဲ့ ဆောင်ပုဒ်လေးကို ဂျပန်နိုင်ငံက ကျောင်းတွေက လက်ခံထားကြတာမဟုတ်လား။