ဈေးမသွားခင် ဒီစာစောင်လေးကို ဖတ်ဖြစ်အောင်ဖတ်သွားပါ အိမ်ရှင်မတို့ရေ

blank

ဈေးဝယ်တဲ့အခါမှာ အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံးတွေကို ရွေးဝယ်တတ်ဖို့က အိမ်ရှင်မတွေတိုင်း လေ့လာထားသင့်တဲ့အကြောင်းအရာဖြစ်ပါတယ်။ အစားအသောက်တွေ လတ်ဆတ်ကောင်းမွန်နေမှ ဟင်းလက်ရာကောင်းမှာဖြစ်သလို မိသားစုဝင်တွေရဲ့ ကျန်းမာရေးတွေလည်း ကောင်းမွန်မှာဖြစ်ပါတယ်။ ဒီတော့ ဂန္ထဝင်မဂ္ဂဇင်းကနေ အစားအစာရွေးချယ်ဝယ်ယူရာမှာ သိထားသင့်တဲ့လျှို့ဝှုက်ချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အသားရွေးချယ်နည်း

လတ်ဆတ်တဲ့အသားဆိုတာ ပန်းရောင်ရဲနေတတ်ပါတယ်။ အနီတောက်တောက်အရောင်မဟုတ်သလို အညိုရောင်လည်း မဟုတ်ပါဘူး။ အသားမှာပါတဲ့ အစင်းအရာတွေကလည်း အရောင်ဖျော့ပြီး စိုလက်နေရပါမယ်။ လတ်ဆတ်ပြီး ရေမထိုးထားတဲ့အသားဆိုတာ ဖိပြီးလွှတ်လိုက်ရင် နဂိုပုံစံအတိုင်းပြန်ဖြစ်ပါတယ်။ ပြီးတော့ လက်မှာကပ်နေတာမျိုးလည်း မရှိပါဘူး။

၂။ သဘာဝကော်ဖီမှုန့်ရွေးချယ်နည်း

ဈေးနှုန်းသင့်တင့်တဲ့ကော်ဖီမှုန့်ကိုပဲရွေးပါ။ ဈေးပေါလွန်းရင် အရသာမကောင်းသလို၊ ဈေးကြီးလွန်းတာတွေကလည်း သာမန်ကော်ဖီအရသာအတိုင်းပါပဲ။ ကော်ဖီမှုန့်တွေကို ပလတ်စတစ်ဘူးတွေထဲမှာ မထည့်ပါနဲ့။ ဖန်ဘူး (သို့) သံဘူးထဲမှာသိမ်းမှ အရသာမပြောင်းမှာပါ။ ကော်ဖီမှုန့်တွေကို (၁၈) လ ထက်ပိုကြာပြီး မထားသင့်ပါဘူး။

၃။ ပျားရည်ရွေးချယ်နည်း

သဘာဝပျားရည်ဟာကြည်လင်ပြီး ကြည့်လိုက်ရင်တစ်ရောင်တည်းဖြစ်မှ စစ်တာပါ။ အရည်အသွေးကောင်းလွန်းတဲ့ ပျားရည်တွေဟာ အင်မတန်ချိုပြီး အနံ့လေးလည်း မွှေးနေတတ်ပါတယ်။ ပျားရည်စစ်မစစ် စမ်းချင်ရင် ပျားရည်တစ်စက်ကိုယူပြီး လက်မှာ ပွတ်ကြည့်ပါ။ ပျားရည်တွေက အရေပြားထဲကို စိမ့်ဝင်သွားရင် ပျားရည်စစ်ပါတယ်။

၎။ သဘာဝရေခဲမုန့်ရွေးချယ်နည်း

ရေခဲမုန့်ရဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။ စတော်ဘယ်ရီနဲ့ပြုလုပ်ထားတဲ့ရေခဲမုန့်တွေက ပိုပြီး သဘာဝစစ်စစ်ဖြစ်တတ်ပါတယ်။ ရေခဲမုန့်ပေါ်မှာထည့်တဲ့အချိုလေးတွေကိုလည်း မြေပဲ၊ သစ်ကြားသီး စတဲ့အစေ့အဆံတွေနဲ့ အသီးခြောက်တွေကို ရွေးပါ။ ရောင်စုံအချောင်းလေးတွေက သဘာဝမဟုတ်တဲ့ ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတတ်ကြပါတယ်။

၅။ ချောကလက်ရွေးချယ်နည်း

ချောကလက်ဝယ်တော့မယ်ဆိုရင် အရင်ဆုံး ပါဝင်ပစ္စည်းတွေကို သေသေချာချာဖတ်ပါ။ ပါဝင်ပစ္စည်းနည်းလေ၊ ချောကလက်က ပိုကောင်းလေဖြစ်ပါတယ်။ ဘယ်လိုပဲညွှန်းညွှန်း cocoa ပါဝင်မှ ချောကလက်စစ်တယ်လို့ သတ်မှတ်ရမှာပါ။ ဟင်းသီးဟင်းရွက်ဆီထက် cocoa oil နဲ့ ပြုလုပ်ထားတဲ့ ချောကလက်က အကောင်းဆုံးပါ။

၆။ ငါးရွေးချယ်နည်း

လတ်ဆတ်တဲ့ငါးရဲ့ မျက်လုံးတွေက ကြည်လင်နေတတ်ပါတယ်။ မလတ်ဆတ်တဲ့ငါးတွေရဲ့ မျက်လုံးတွေမှာ တိမ်တွေလိုဖြစ်နေတတ်ပါတယ်။ ပါးဟက်တွေ နီရဲနေတဲ့ငါး၊ ပန်းရောင်သမ်းနေတဲ့ငါးတွေကိုပဲ ရွေးပါ။ ငါးကို ခေါင်းကနေကိုင်ပြီး မ,လိုက်ပါ။ အမြီးကတောင့်တောင့်ကြီးဖြစ်မနေဘဲ ကွေးပြီး အောက်ကိုညွတ်ကျနေတဲ့ငါးကို ရွေးချယ်သင့်ပါတယ်။

၇။ ပေါင်မုန့်ရွေးချယ်နည်း

ပေါင်မုန့်ကို ထိကြည့်ပါ။ မာနေတယ်ဆိုရင် လတ်ဆတ်တဲ့ ပေါင်မုန့်မဟုတ်ပါဘူး။ ပလတ်စတစ်အိတ်တွေထဲ ၂နာရီလောက်ထည့်ထားလိုက်တာနဲ့ ပေါင်မုန့်အရသာပျက်သွားစေနိုင်တာကြောင့် ပေါင်မုန့်တွေဝယ်ပြီးရင် ပလတ်စတစ်အိတ်နဲ့ ထည့်မထားပါနဲ့။

၈။ ခါကြက်ဥရွေးချယ်နည်း

လတ်ဆတ်ကောင်းမွန်တဲ့ ခါကြက်ဥရွေးဖို့က လွယ်ပါတယ်။ အစက်အပြောက်ကင်းကင်း၊ အရောင်ဖျော့ဖျော့နဲ့ သေးငယ်တဲ့ ခါကြက်ဥတွေက ပိုချိုပြီး အာဟာရဓာတ်တွေ ပိုများပါတယ်။

၉။ ပန်းငရုတ်ပွရွေးချယ်နည်း

ပန်းငရုတ်ပွသီးကိုကြည့်လိုက်ပါ။ ပတ်ပတ်လည်မှာ အမြှောင်းလေးတွေ (၂)ခု၊  (၃)ခုပဲရှိရင် ပိုခါးပြီး အစေ့နည်းတတ်ပါတယ်။ (၄)မြှောင်းထက်ပိုရင်တော့ အရသာချိုပြီး အစေ့များပါတယ်။

၁ဝ။ ကြက်သွန်မြိတ်ရွေးချယ်နည်း

ကြက်သွန်မြိန်အောက်ခြေက အစိမ်းနဲ့ အဖြူစပ်တဲ့နေရာလေးကိုကြည့်ပါ။ အဖြူကနေအစိမ်းကို သိသိသာသာကွဲပြားပြောင်းလဲသွားတယ်ဆိုရင် ကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ အဖြူကနေအစိမ်းကို တဖြည်းဖြည်းပြောင်းလဲသွားတယ်ဆိုရင်တော့ ကြက်သွန်မြိတ်က ရင့်ပြီး မာနေတတ်ပါတယ်။

အိမ်ရှင်မတို့ရေ… ကိုယ်သိထားတဲ့ ကိုယ်ပိုင်ရွေးချယ်နည်းလေးတွေရှိရင်လည်း အများသိရအောင် comment မှာ မျှဝေပေးခဲ့ပါဦးနော်။