ဒီလို အန္တရာယ်ရှိတဲ့ရောဂါလက္ခဏာတွေကို လျစ်လျူရှုမထားကြပါနဲ့ အမျိုးသမီးတို့ရေ

blank
၁။ ဆီးခဏခဏသွားခြင်း

ဆီးခဏခဏသွားခြင်းက ကျောက်ကပ်နဲ့ ဆီးပြွန်နဲ့တင်မဆိုင်ပါဘူး။ ဟော်မုန်းမညီမျှတာ၊ မွေးလမ်းကြောင်းပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးခဏခဏသွားပြီး ရေဆာတတ်ရင် ဆီးချိုရောဂါလက္ခဏာလည်းဖြစ်နိုင်ပါတယ်။

ရေပုံမှန်သောက်ပြီး တစ်နေ့ကို ၄ကြိမ်ကနေ ၁ဝကြိမ်အတွင်း ဆီးသွားတာက ပုံမှန်ဆိုပေမဲ့ အဲဒီထက်ပိုပြီး ခဏခဏသွားရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။

၂။ အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း

အချိန်တိုလေးအတွင်းမှာ ဝိတ်တွေအရမ်းကျသွားလို့ ပျော်မနေပါနဲ့။ ဒါဟာ အူလမ်းကြောင်းရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် ဖြစ်နိုင်ပါတယ်။

ဝိတ်မချ၊ အစားမလျှော့ဘဲ ၆လအတွင်း ၁ဝပေါင်ကျသွားတယ်ဆိုရင် ဆရာဝန်သွားပြဖို့ လိုပါပြီ။

၃။ အမွေးမပေါက်သင့်တဲ့နေရာမှာ အမွေးပေါက်ခြင်း

ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အမွေးအမျှင်တွေ အရမ်းများနေတယ်ဆိုတာ ဖိုဟော်မုန်းတွေ များနေလို့ပါ။ ဒီအခြေအနေက ပိုဆိုးသွားရင် မြုံတာ၊ အစာချေဖျက်မှုမမှန်တာ၊ ရင်သားကင်ဆာဖြစ်လွယ်တာနဲ့ သားအိမ်နဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေအများစုက ပုံမှန်ပေါက်နေတဲ့ အမွေးတွေကိုတောင် မလိုလားအပ်တဲ့အမွေးဆိုပြီး ထင်နေတတ်ကြပါတယ်။ တကယ်သိထားရမယ့်အမွေးတွေက နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ရင်ဘတ်မွေး၊ ကျောမွေး၊ ဗိုက်မွေး၊ လက်မောင်းမွေးနဲ့ ပေါင်မွေးတွေဖြစ်ပါတယ်။ အဲဒီနေရာတွေက အမွေးတွေထူလာရင်တော့ ဆရာဝန်ဆီပြပြီး တိုင်ပင်သင့်ပါတယ်။

၎။ သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းခြင်း

သွေးဆုံးပြီးတာတောင် သွေးပြန်ဆင်းသလိုဖြစ်နေတယ်ဆိုရင်တော့ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ တခြား အန္တရာယ်များတဲ့ ရောဂါတွေရဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ဟော်မုန်းကုထုံးခံယူထားတဲ့ အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီး ၂ နှစ်ကြာသည့်တိုင်အောင် သွေးမကြာခဏဆင်းတတ်ပါတယ်။ ဒါဟာပုံမှန်ပါ။ ဟော်မုန်းကုထုံးခံယူမထားဘဲ သွေးပြန်ဆင်းတယ်ဆိုရင်တော့ OG ပြသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ရင်သားပြောင်းလဲခြင်း

ရင်သားကင်ဆာရဲ့ ကနဦးလက္ခဏာတွေက သတိပြုမိဖို့ ခက်ခဲပါတယ်။ ရင်သားအတွင်းအကျိတ်ဖြစ်ပြီး နာလာပြီဆိုမှ သတိထားမိရင် သိပ်ကို နောက်ကျသွားတတ်ပါတယ်။

ကိုယ်တိုင်တွေ့ရှိတဲ့ ရင်သားပြောင်းလဲခြင်းတွေကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ရင်သားမှာ အကျိတ်ရှိမရှိ ပုံမှန်စမ်းသပ်ပါ။ ရာသီမလာခင်ရင်သားနာတယ်ဆိုတာကတော့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပြီး ပုံမှန်လို့သတ်မှတ်နိုင်ပါတယ်။

၆။ မူမမှန်တဲ့အရည်ဆင်းခြင်း

သားအိမ်လမ်းကြောင်းပိုးဝင်ရင်လည်း မိန်းမကိုယ်ကနေ အရည်တွေဆင်းတတ်ပါတယ်။ ဆင်းတဲ့အရည်က ပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိရင် ဆရာဝန်ဆီ အမြန်ပြပါ။

ဆင်းတဲ့အရည်က အစိမ်းရောင်ဖြစ်ပြီး အနံ့အသက်မကောင်းရင် စိုးရိမ်ရပါတယ်။

၇။ ရာသီသွေးဆင်းများခြင်း

တစ်ခါတလေမှာ သာမန်အကြောင်းရင်းတွေကြောင့်လည်း သွေးဆင်းများတတ်ပါတယ်။ ဥပမာ – မျိုးရိုးလိုက်တာ၊ အားကစားများများလုပ်မိတာ၊ ရာသီဥတုမညီမျှတာမျိုးပေါ့။ ဒီလိုအကြောင်းရင်းတွေ တစ်ခုမှမရှိဘဲ ရာသီသွေးဆင်းများနေတယ်ဆိုရင်တော့ သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။

ရာသီသွေးဆင်းများမများဆိုတာ သိရခက်ပါတယ်။ ၇ရက်ကျော်ကြာတဲ့ထိ သွေးဆင်းတယ်၊ သွေးဆင်းလည်း များတယ်၊ ပြီးတော့ ဆင်းတဲ့သွေးတွေက အနီရောင်တောက်တောက်ရှိတယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

အခုအန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာရပ်တွေကို သိသွားပြီဆိုတော့ သတိပြုလို့ရပြီပေါ့။ သင်နဲ့အတူ တခြားအမျိုးသမီးတွေလည်း သိရှိပြီး သတိပြုနိုင်စေဖို့ SHARE လိုက်ပါဦးနော်။