ရန်ကုန်၊ အမှိုက်ညှော်နံ့တွေနဲ့ အရေးပေါ်သတိပေးအကြံပြုချက်

blank

အခုလှိုင်သာယာ၊ ထိန်ပင်မှာအမှိုက်ပုံကြီးမီးလောင်နေတာကြောင့် မီးခိုးငွေ့တွေ၊ ညှော်နံ့တွေကရန်ကုန်မြို့တွင်းပိုင်းအထိဝင်ရောက်လာနေပါတယ်။ အမှိုက်ညှော်နံ့တွေကြောင့် လူကြီးတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ရောဂါသည်တွေအတွက် ကျန်းမာရေးကိုအတော်လေး ထိခိုက်စေနိုင်တာကိုတွေ့ရပါတယ်။

မီးလောင်ပြင်ကနေပျံ့နှံ့လာတဲ့ မီးခိုးတွေ၊ ပြာမှုန့်တွေကို ရှူရှိုက်မိရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာမီးခိုးတွေ မမြင်ရဦးတောင် ညှော်နံ့တွေကိုရနေတတ်ပါတယ်။

အခုလိုအခြေအနေမှာကျန်းမာရေးကိုမထိခိုက်အောင် မဖြစ်မနေလိုက်နာရမယ့် နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ တတ်နိုင်သလောက် အိမ်ထဲမှာပဲနေပါ။ အိမ်တံခါးတွေကိုပိတ်ထားပါ။

၂။ အပြင်သိပ်မထွက်ပါနဲ့။ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ပါနဲ့။ လှုပ်လှုပ်ရှားရှားလုပ်ရင် မောပန်းပြီးလေများများရှူဖြစ်စေပါတယ်။ လေများများရှူဖြစ်ရင် မီးခိုးငွေ့တွေ အဆုတ်ထဲများများရောက်သွားတတ်ပါတယ်။

၃။ အိမ်အတွင်းမှာလည်းလေထုညစ်ညမ်းမှုတွေမဖြစ်အောင် ဆင်ခြင်ပါ။ ဆေးလိပ်သောက်တာ၊ ထင်းမီးဖိုသုံးတာ၊ ညှော်ကြော်တာတွေကိုရှောင်နိုင်သမျှ ရှောင်ပါ။

၎။ Filter ပါတဲ့ air-con သုံးပါ။ Air-con ကိုလည်း fan mode ပြောင်းသုံးပါ။ ဒါမှ အိမ်ထဲမှာရှိနေနိုင်တဲ့ ပြာမှုန်တွေ၊ အခိုးအေငွ့တွေကိုဖယ်ရှားနိုင်မှာပါ။

၅။ Air purifier (လေသန့်စင်စက်)တွေ သုံးပါ။ အောက်ဆီဂျင်ကိုထုတ်ပေးတဲ့ oxygenator တွေ မသုံးပါနဲ့။ အဲဒီစက်တွေကအိုဇုန်းကိုပိုမိုထုတ်ပေးနိုင်ပါတယ်။

၆။ ကားနဲ့ အပြင်သွားမယ်ဆိုရင် ကားတံခါးတွေကိုသေချာပိတ်ပြီးမှသွားပါ။ ကားအဲယားကွန်းဖွင့်ထားပါ။ ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ Mask သုံးပါ။ ဆေးရုံဆေးခန်းတွေမှာသုံးတဲ့ surgical mask တွေကဒီမီးခိုးတွေ၊ ညှော်နံ့တွေကိုကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ လေထုညစ်ညမ်းမှုနဲ့ မီးခိုးတွေကိုကောင်းကောင်းစစ်ထုတ်ကာကွယ်ပေးနိုင်တဲ့ mask တွေ တပ်ပါ။ ဥပမာ N95 mask တွေလိုပေါ့။

၈။ အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါရှိသူတွေအနေနဲ့ မီးခိုးတွေ၊ ညှော်နံ့တွေနဲ့ ဝေးတဲ့နေရာကိုခဏပြောင်းနေတာအကောင်းဆုံးပါပဲ။

၉။ အိမ်တွင်းရဲ့ အခန်းတစ်ခုခုကိုသန့်သန့်ရှင်းရှင်း ပြင်ဆင်ထားပါ။ အဲဒီအခန်းကို ပြတင်းပေါက်ပိတ်၊ အဲကွန်းဖွင့်ထားပါ။ အရမ်းအခြေအနေဆိုးလာရင် တစ်အိမ်သားလုံးအဲဒီအခန်းထဲဝင်နေပါ။

၁ဝ။ ပန်းနာရင်ကြပ်ဝေဒနာသည်တွေအနေနဲ့ ပုံမှန်ကုသမှုတွေ ဆက်လက်ခံယူပါ။ ဆရာဝန်နဲ့ မကြာခဏပြသပါ။

မီးခိုးနဲ့ ညှော်နံ့အခြေအနေတွေပိုဆိုးလာရင် ကျန်းမာရေးကောင်းသူတွေတောင်မှ ချောင်းဆိုးတာ၊ လည်ချောင်းယားတာ၊ နှာစေးတာ၊ အသက်ရှူမြန်တာ၊ ရင်ဘတ်အောင့်တာ၊ ခေါင်းကိုက်တာ၊ မျက်စိစပ်တာ၊ နှာရည်ကျတာတွေ ဖြစ်တတ်ပါတယ်။

တကယ်လို့ သင့်အိမ်မှာ air-con မရှိဘူး၊ ပြီးတော့ ရာသီဥတုပူလို့ တံခါးတွေလည်းပိတ်မနေနိုင်ဘူးဆိုရင် တခြားသွားနေလို့အဆင်ပြေမယ့် နေရာတစ်ခုခုရှာပါ။ ကိုယ်ပူလွန်းတယ်၊ မောပန်းတယ်၊ ခေါင်းမူးခေါင်းကိုက်တယ်၊ အော့အန်တယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းသွားရောက်ပြသပါ။

နေပူပူမှာညှော်နံ့တွေရှူပြီးမီးလောင်နေတဲ့ အမှိုက်ပုံကြီးကိုခက်ခက်ခဲခဲငြှိမ်းသတ်နေရတဲ့ မီးသတ်ရဲဘော်တွေအတွက် ရေ၊ ဓာတ်ဆား၊ ကျန်းမာရေး mask တွေ တတ်နိုင်သလောက် လှူဒါန်းပေးလိုက်ကြပါဦးနော်။

အချင်းချင်းလက်ဆင့်ကမ်းပြီး SHARE ပေးကြပါ။