ဆီးသွားချင်တာကို ကျိတ်မှိတ်ပြီး အောင့်ထားတာ ကောင်းလား… ဆိုးလား

blank

အကြောင်းတစ်ခုခုကြောင့် ဆီးသွားချင်တာကို အောင့်ထားခဲ့ရဖူးတဲ့ အခိုက်အတန့် လူတိုင်းမှာ ရှိပါတယ်။ ဆီးသွားချင်ပြီဆိုရင် နေမထိထိုင်မသာဖြစ်လာပြီး လျစ်လျူရှုထားလို့ မရအောင်  အာရုံကြောတွေက သတင်းပို့လာပါတယ်။ ဒီတော့ အနီးနားမှာ အိမ်သာအမြန်ရှာပြီး ကိစ္စမြန်မြန်ရှင်းရတော့တာပေါ့။

လူတိုင်းက တစ်နေ့ကို ၄၊ ၅ ခါလောက်တော့ အနည်းဆုံး ဆီးသွားသင့်ပါတယ်။ ဒါပေမဲ့ အလုပ်များသူတွေ၊ အထိုင်များသူတွေမှာတော့ ဆီးအောင့်ထားတာ အကျင့်ဖြစ်သွားပြီး တစ်နေ့ကို ၃ ကြိမ်လောက်ပဲ ဆီးသွားတတ်ကြပါတော့တယ်။ ဒီတော့ ဒီလို ဆီးအောင့်ထားတာ ဘယ်လောက်ဆိုးလဲ… ပြီးတော့ ဆီးအောင့်ထားတာကို သင့်ခန္ဓာကိုယ်က ဘယ်အတိုင်းအတာထိ လက်ခံနိုင်လဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။

လူတစ်ယောက် ဘယ်လောက်အထိ ဆီးအောင့်ထားနိုင်လဲဆိုတာ သူရဲ့ ဆီးအိတ် (bladder) အပေါ်မှာ မူတည်ပါတယ်။ ဆီးအိတ်ဆိုတာ ဘဲဥပုံရှိပြီး တင်ပါးဆုံအရိုးကြားမှာ ရှိပါတယ်။ သူ့ရဲ့ ပတ်ပတ်လည်မှာတော့ ကျောက်ကပ် ၂ခု၊ ဆီးပြွန် ၂ခု၊ ဆီးထိန်းကြွက်သား ၂ခုနဲ့ ဆီးစွန့်ပြွန် ၁ခု စတဲ့ urinary system ရဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေ တည်ရှိနေပါတယ်။

ကျောက်ကပ်ကနေ ဆီး (Urine) လို့ ခေါ်တဲ့ အဝါရောင် အညစ်အကြေးအရည်တွေကို အမြဲမပြတ် စစ်ထုတ်ပါတယ်။ အဲဒီဆီးတွေက ဆီးပြွန်ကနေတဆင့် ဆီးအိတ်မှာ သွားပြီး စုပါတယ်။ ဆီးအိတ်ထဲမှာ ဆီးတွေ ပြည့်လာပြီဆိုရင် ဆီးစွန့်ပြွန်ထဲကို ဆီးတွေရောက်သွားပါတယ်။ တစ်ချိန်ထဲမှာပဲ အာရုံကြောတွေကနေတဆင့် ဦးနှောက်ကို သတင်းပို့ပါတယ်။ အဲဒီအချိန်မှာ ဆီးကိုထိန်းဖို့ ဆီးထိန်းကြွက်သားတွေက အလုပ်လုပ်ပါတယ်။ ဆီးထိန်းကြွက်သားတွေက ဦးနှောက်နဲ့ ထိန်းချုပ်နိုင်တဲ့ ကြွက်သားတွေဖြစ်တာကြောင့် ဆီးကို အောင့်ထားချင်ရင် ဆီးထိန်းကြွက်သားတွေကို ပိတ်ထားနိုင်ပြီး ဆီးသွားချင်ရင်တော့ ကြွက်သားတွေကို ဖြေလျှော့ပြီး ဖွင့်ချလိုက်ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပုံမှန်အားဖြင့်ဆိုရင်တော့ ဆီးအိတ်ဟာ ဆီး ၁၅ဝ ml ကနေ ၂ဝဝ ml အထိ ထိန်းထားနိုင်ပါတယ်။ ဆီးအိတ်ထဲမှာ ၄ဝဝml ကနေ ၅ဝဝ ml လောက် ရောက်သွားပြီဆိုရင်တော့ အောင့်ထားရတာ သက်တောင့်သက်သာ မဖြစ်တော့ပါဘူး။ ဆီးက ၁ လီတာလောက်ထိ ရောက်သွားပြီဆိုရင်တော့ ဆီးအိတ်ကွဲထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအဆင့် ရောက်တဲ့အထိ ဘယ်သူမှ အောင့်မထားနိုင်ကြပါဘူး။

ဆီးအိတ်ကွဲထွက်တာက ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုတော့ အာရုံကြောအားနည်းပြီး ဆီးသွားချင်စိတ်ကို အာရုံခံလို့မရတဲ့သူတွေမှာပဲ ဖြစ်တတ်ပါတယ်။ ဆီးအိတ်ကွဲသွားရင် အင်မတန်နာကျင်ရတတ်ပြီး အရေးပေါ်ခွဲစိတ်မှုလုပ်ဖို့ လိုအပ်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ ဆီးထိန်းကြွက်သားကိုထိန်းချုပ်လို့ရပေမဲ့ ဆီးအိတ်ကို ဖိအားသက်ရောက်စေတဲ့ အပြုအမူတွေ (ဥပမာ – ချောင်းဆိုးတာ၊ နှာချေတာနဲ့ ရယ်မောတာ) ရှိလာရင်တော့ ဆီးထွက်ကျတာမျိုးတွေ ရှိတတ်ပါတယ်။

ဆီးကို အချိန်အကြာကြီးအောင့်ထားတယ်ဆိုရင် ဆီးသွားတဲ့အခါ အမြန်သွားတတ်ပြီး ဆီးထိန်းကြွက်သားတွေကို ပြေလျော့စေတတ်ပါတယ်။ ပြီးတော့ ဆီးအိတ်ကို နာကျင်ခြင်း၊ ခါးနာခြင်း၊ ဆီးမထိန်းနိုင်ခြင်းနဲ့ ဆီးခဏခဏသွားခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် ရေရှည်ကျန်းမာရေးအတွက်ဆိုရင်တော့ ဆီးသွားချင်ရင် အောင့်မထားတာ အကောင်းဆုံးပါပဲ။

ကျန်းမာရေးစာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါဦးနော်။