နှစ်သစ်မှာ ပိုမိုပျော်ရွှင်ကျန်းမာစွာ လျှောက်လှမ်းဖို့ ခြေလှမ်း ၄ လှမ်းပဲ လိုပါတယ်။

blank

          ၂ဝ၁၉ နှစ်သစ်မှာ ပိုမိုပျော်ရွှင်ပြီး အရင်ကထက် ပိုမိုလှပကျန်းမာလိုပါသလား။ ဒီခြေလှမ်း (၄) လှမ်းက ဒီနှစ်သစ်ကို သင့်ဘဝရဲ့ အလှပဆုံး၊ အပျော်ရွှင်ဆုံးနှစ်တစ်နှစ်ဖြစ်စေပါလိမ့်မယ်။

ခြေလှမ်း (၁) ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျဖို့ ပန်းတိုင်တစ်ခုထားပါ။

ကိုယ်အလေးချိန်ကျဖို့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ကိုယ်အလေးချိန်မကျဘူးဆိုရင် လက်လျှော့ပစ်ဖို့ လွယ်ကူပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ရဲ့သားနဲ့ ကိုယ်အလေးချိန်မကျဘူးဆိုတာ လောင်ကျွမ်းသွားတဲ့အဆီတွေနေရာမှာ ကြွက်သားတွေပိုတိုးလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန်ကျဖို့အတွက်မဟုတ်ဘဲ ခန္ဓာကိုယ်ကြံ့ခိုင်ကျစ်လျစ်ဖို့ ပန်းတိုင်ထားပြီး ကြိုးစားပါ။ ဒါဆိုရင် စိတ်ခွန်အားပိုဖြစ်ပြီး လေ့ကျင့်ခန်းများများလုပ်နိုင်မှာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခြေလှမ်း (၂) နေ့လည်စာထမင်းဘူးပြင်ပါ။ အိမ်ထမင်းအိမ်ဟင်းများများစားပါ။

အပြင်စာတွေမှာပါတဲ့ ကယ်လိုရီတွေနဲ့ ဆိုဒီယမ်ဓာတ်တွေကြောင့် ကျန်းမာရေးကိုထိခိုက်ပြီး ကိုယ်လက်မအီမသာဖြစ်စေတတ်ပါတယ်။ အပြင်စာတွေလျှော့စားပြီး မနက်စာ၊ နေ့လည်စာ၊ ညနေစာတွေကို ကိုယ်တိုင်ချက်စားပါ။ ရုံးသွား၊ ကျောင်းသွားရတယ်ဆိုရင်တောင် နေ့လည်စာ ထမင်းဘူးထည့်သွားပါ။ ခန္ဓာကိုယ်ပိုမိုပေါ့ပါးလာပြီး ကျန်းမာရေးပိုကောင်းလာပါလိမ့်မယ်။

ခြေလှမ်း (၃) စိတ်ခွန်အားကိုမြှင့်တင်ပေးမယ့် စာစုတစ်ခုကိုရေးပါ။

၂ဝ၁၉ မှာ သင်ဘာဖြစ်ချင်လဲ။ ၂ဝ၁၉ အတွက်ရည်မှန်းချက်က ဖြစ်နိုင်ပြီး စိတ်ဖိစီးမှုမဖြစ်စေဖို့တော့ လိုပါတယ်။ ဘယ်လိုရည်မှန်းချက်ပဲဖြစ်ဖြစ် ဖြစ်အောင်လုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကို စိတ်ခွန်အားပေးတဲ့ စာစုလေးကို ချရေးပြီး မနက်တိုင်းသင်မြင်နေကျနေရာမှာ ကပ်ထားပါ။ မနက်မိုးလင်းတိုင်း၊ ညအိပ်ရာဝင်တိုင်း၊ စိတ်ဓာတ်ကျတိုင်း အဲဒီစာစုလေးကိုဖတ်ပြီး စိတ်ဓာတ်တွေ ပြန်လည်မြှင့်တင်ပါ။

ခြေလှမ်း (၄) အိပ်ရေးဝဝ အိပ်စက်ပါ။

အိပ်ရေးဝဝအိပ်ခြင်းက သင့်ရဲ့ နေ့တွေ၊ လတွေ၊ နှစ်တွေကို ပိုမိုကျန်းမာကောင်းမွန်စေတယ်ဆိုတာ တကူးတကပြောစရာတောင်မလိုတော့ပါဘူးနော်။ သင့်အိပ်ချိန်တွေကို ဘယ်အရာတွေ၊ ဘယ်အကျင့်တွေက နှောင့်ယှက်နေတာလဲဆိုတာ သိအောင်လုပ်ပါ။ ပြီးရင် အားလုံးကို ပြုပြင်ပြောင်းလဲပစ်ပါ။ ဖုန်းကို အိပ်ခန်းထဲယူမလာတာမျိုး၊ အိပ်ခန်းထဲက TV ကို အခန်းပြင်ထုတ်ထားတာမျိုးပေါ့။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေးဝဝအိပ်နိုင်အောင် ကြိုးစားပါ။ သင့်ရဲ့ ကိုယ်စိတ်နှလုံး (၃) ပါးစလုံးက သင့်ကိုကျေးဇူးတင်နေမှာ အသေအချာပါပဲ။

သင့်ရဲ့ နှစ်သစ်အတွက် ပန်းတိုင်က ဘာလဲဆိုတာ comment မှာ မျှဝေခဲ့ပါဦးနော်။