ဓမ္မတာကာလအတွင်းမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်သလား

blank
         ဒီမေးခွန်းဟာ ပျိုမေတိုင်းလိုလို သိချင်ကြတဲ့ မေးခွန်းဖြစ်ပါတယ်။ ရာသီလာစဉ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်ကိုက်ခဲမှုတွေ၊ ကိုယ်လက်မအီမသာဖြစ်တာတွေကြောင့် အမျိုးသမီးတော်တော်များများက လေ့ကျင့်ခန်းလုပ်ဖို့မပြောနဲ့၊ အိပ်ရာထဲမှာပဲ ခွေခေါက်ပြီး လဲလျောင်းနေချင်ကြပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ရာသီလာချိန်လေ့ကျင့်ခန်းလုပ်တာဟာ နာကျင်ကိုက်ခဲမှုတွေကို ပိုတိုးစေတယ်လို့တောင် ထင်နေတတ်ကြပါတယ်။

တကယ်တော့ ရာသီလာနေချိန်မှာရော၊ ရာသီမလာခင်အချိန်မှာပါ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အားကစားလေ့ကျင့်ခန်းလုပ်ခြင်းက ဓမ္မတာစက်ဝန်းကြောင့်နာကျင်ကိုက်ခဲတာတွေကို အကောင်းဆုံးကုစားပေးနိုင်လို့ပဲဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရာသီလာစဉ်မှာ ဝမ်းဗိုက်နာကျင်ကိုက်ခဲပြီး မအီမသာဖြစ်တတ်တယ်ဆိုရင် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ခန္ဓာကိုယ်ကို stress ဖြစ်စေတဲ့ အလေးမလေ့ကျင့်ခန်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အဲဒီလိုလေ့ကျင့်ခန်းတွေအစား ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေတဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ပါ။ ယောဂလေ့ကျင့်ပါ။ ယောဂလုပ်ခြင်းက ခန္ဓာကိုယ်ကို ပေါ့ပါးပြေလျော့စေပြီး နာကျင်မှုတွေ ကင်းဝေးစေပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်းစတဲ့ အားကစားလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဒါကြောင့် ရာသီလာစဉ်မှာ “နာတယ်၊ ကျင်တယ်၊ မလှုပ်ချင်ဘူး” စတဲ့ ကိုယ့်ဘာသာကိုယ်ပေးတဲ့ ဆင်ခြေတွေနဲ့ အိပ်ရာထဲမှာပဲ လှဲမနေပါနဲ့။ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အားပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ပါ။

ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်ခြင်းက-

  • ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်နာကျင်ခြင်းတွေကို သက်သာစေတယ်။
  • စိတ်မကြည်မလင်ဖြစ်တာတွေကို လျော့ပါးစေပြီး စိတ်လက်ပေါ့ပါးစေတယ်။
  • ရာသီမမှန်တာနဲ့ ရာသီသွေးဆင်းများတာတွေကို သက်သာစေတယ်။
  • ဝမ်းဗိုက်တင်းပြီး မအီမသာဖြစ်တာတွေ၊ လေနာခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကို ပျောက်ကင်းစေတယ်။
  • အစားစားချင်စိတ်ကို ပုံမှန်ဖြစ်စေတယ်။

ဒါကြောင့် ပျိုမေတို့ရေ… ကိုယ်လက်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပါ။ ရာသီလာတဲ့ရက်တွေမှာလည်း လေ့ကျင့်ခန်းကို လျှော့ရုံပဲလျှော့ပြီး လုပ်ဖြစ်အောင်လုပ်ပါ။ စနစ်ကျတဲ့ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ယောဂလေ့ကျင့်ခန်းတွေက အကိုက်အခဲပျောက်ဆေးတွေထက်အစွမ်းထက်ပါတယ်။ ကိုယ်လက်နာကျင်တာတွေကို သက်သာစေရုံသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ စိတ်မကြည်တာတွေကိုပါ သက်သာစေပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။