အစားစားချင်စိတ်မူမမှန်တဲ့ရောဂါ (Eating Disorder) ဖြစ်စေတဲ့ အကြောင်းရင်းများ

blank

အချိန်တိုင်း အစာစားချင်နေတာ၊ ဒါမှမဟုတ် အချိန်အကြာကြီး စားချင်စိတ်ပေါ်မလာတာတွေကို အစာစားချင်စိတ်ပုံမမှန်တဲ့ရောဂါ (eating disorder) လို့ ဆိုနိုင်ပါတယ်။ ဒီရောဂါဟာ ဖြစ်ကာစမှာ မဆင်ခြင်ဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလို အစားစားချင်စိတ်မူမမှန်တာဟာ စိတ်ပိုင်းဆိုင်ရာခံစားမှုအခြေအနေတွေနဲ့ သက်ဆိုင်နေပါတယ်။ စိတ်ဖိစီးမှုများပြီး ဝမ်းနည်းအားငယ်နေတဲ့အချိန်တွေမှာ အစားအသောက်ကို အဖော်ပြုပြီး ခဏခဏစားတတ်ကြပါတယ်။ ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အချိန်တွေမှာတော့ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်သလိုမျိုးနဲ့ အစာအငတ်ခံနေတတ်ကြပါတယ်။

ဒီလိုမူမမှန်ခြင်းဟာ စိတ်တွေဝေခြင်းလို့ သတ်မှတ်နိုင်ပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရ ပြောရရင် ကျန်းမာရေးကို ချို့တဲ့စေနိုင်ပါတယ်။ အစားစားချင်စိတ်မူမမှန်တာကို ဖြစ်ပေါ်စေတဲ့ အခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ အဲဒီအကြောင်းရင်းတွေကို ဂန္ထဝင်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ မျိုးရိုးလိုက်ခြင်း

တချို့လူတွေမှာ စားသောက်မှုနည်းစနစ်၊ စိတ်ခံစားမှု၊ စိတ်ဖိအား စတဲ့အရာတွေနဲ့ လုံးဝမသက်ဆိုင်ဘဲ အစားစားချင်စိတ်မမှန်တာမျိုး တွေ့ရတတ်ပါတယ်။ ဒါဟာ မျိုးရိုးဗီဇကြောင့်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။

၂။ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း

အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေကြောင့် အစားစားချင်စိတ်မူမမှန်မှုပုံစံ (၂) မျိုးလုံးဖြစ်တတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ပိန်သွယ်လိုခြင်း

အစားလုံးဝမစားဘဲ ဝိတ်ချတတ်တဲ့ သူတွေမှာ eating disorder အဖြစ်များတတ်ပါတယ်။ အထူးသဖြင့် gym မဆော့ချင်တဲ့သူတွေ၊ အမြန်ပိန်ချင်တဲ့သူတွေမှာပေါ့။
၎။ စားသောက်မှုပုံစံ မမှန်ကန်ခြင်း

အရင်က ပိန်ချင်တဲ့စိတ်ကြောင့် အာဟာရမပြည့်တဲ့ အစားအစာတွေကို စားသုံးခဲ့ခြင်း၊ အစားလုံးဝမစားဘဲ နေခဲ့ခြင်းတွေက အချိန်ကြာလာတဲ့အခါ အကျင့်တစ်ခုလိုဖြစ်သွားပြီး ကျန်းမာရေးကို ထိခိုက်စေမယ့် အကြောင်းရင်းတွေ ဖြစ်လာတတ်ပါတယ်။
၅။ စားသောက်မှုပုံစံပြောင်းလဲလိုက်ခြင်း

ဘဲလေးအကသင်တန်း၊ မော်ဒယ်သင်တန်းတွေနဲ့ အခြားသင်တန်းတွေကို တက်ရောက်ခွင့်ရဖို့၊ ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အချိန်တိုအတွင်းမှာ သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်မျိုးရအောင် စားသောက်မှုပုံစံကို ရုတ်တရက်ပြောင်းပစ်တတ်ကြပါတယ်။ အဲဒါကလည်း eating disorder ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

၆။ စိတ်ဖိစီးမှုများခြင်း

တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေ၊ ဦးနှောက်သုံးပြီး အလုပ်လုပ်ရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မောပန်းနေတတ်ပါတယ်။ ဒီလိုလူတွေမှာ အစားစားချင်စိတ်မူမမှန်ဖြစ်နေတတ်ပြီး အစာစားချိန်မမှန်တာတွေလည်း ဖြစ်တတ်ပါတယ်။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။