မဝပေမဲ့ ဗိုက်ပူနေတာဟာ အဝလွန်သူတွေထက် သေဆုံးနိုင်ခြေပိုများကြောင်း လေ့လာတွေ့ရှိ

blank

အဝလွန်သူတွေမှာ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေများတယ်ဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ ဒါပေမဲ့ သူတို့တွေထက်ပိုပြီး သေဆုံးနိုင်ခြေများတဲ့သူတွေလည်း ရှိပါသေးတယ်။ ဘယ်လိုလူတွေလဲဆိုတော့ ပုံမှန်ကိုယ်အလေးချိန်ရှိပေမဲ့ ဗိုက်အဆီများပြီး ခါးတုတ်နေသူတွေပါ။ မဖြစ်နိုင်ဘူးလို့ ထင်နေတယ်ဆိုရင်တော့ အကြောင်းရင်းကို ဆက်လက်လေ့လာကြည့်ရအောင်နော်။

ပုံမှန်ခန္ဓာကိုယ်အလေးချိန်ရှိပြီး ဗိုက်အဆီများသူတွေက အဝလွန်သူတွေထက်ပိုပြီး အသေစောနိုင်ခြေများတယ်လို့ အမေရိကန်သက်ကြီးစောင့်ရှောက်မှုအသိုင်းအဝိုင်း (American Geriatrics Society) ရဲ့ ၂ဝ၁၇၊ ဖေဖော်ဝါရီလထုတ် စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်သုတေသနတစ်ခုမှာလည်း အသက် ၅ဝမှ ၇၉နှစ်အတွင်း အမျိုးသမီးတွေကို လေ့လာခဲ့ရာ ဗိုက်ပူခါးတုတ်တဲ့အမျိုးသမီးတွေဟာ သေဆုံးနိုင်ခြေပိုများတယ်ဆိုတာကို တွေ့ရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သွေးဆုံးပြီးအမျိုးသမီးတွေမှာသာမကပါဘူး။ ပုံမှန်ကိုယ်အလေးချိန်ရှိပြီး ဗိုက်ပူတဲ့ အသက် ၁၈နှစ်ကနေ ၉ဝနှစ်အရွယ်အမျိုးသမီးတွေမှာလည်း အဝလွန်တဲ့အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေပိုမိုများပြားတာကို တွေ့ရပါတယ်။

အဓိကအကြောင်းရင်းကတော့ ဝမ်းဗိုက်တစ်နေရာတည်းမှာစုနေတဲ့ အတွင်းဘက်အကျဆုံး အဆီတွေက ခန္ဓာကိုယ်တွင်းက အင်္ဂါတွေကို ဖုံးလွှမ်းသွားပြီး နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို ဖြစ်ပွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။ အဝလွန်သူတွေမှာတော့ ခန္ဓာကိုယ်နေရာအနှံ့အပြားကို အဆီတွေ ပျံ့နှံ့နေတာကြောင့် ကိုယ်တွင်းအင်္ဂါတွေမှာ အန္တရာယ်ဖြစ်နိုင်ခြေနည်းပါတယ်။

ဒါ့ကြောင့် အဝလွန်သူတွေသာမက ဗိုက်ပူခါးတုတ်နေသူတွေလည်း အဆီပိုတွေကို လောင်ကျွမ်းပစ်ပြီး ကျန်းမာရေးနဲ ညီညွတ်စေဖို့ လေ့ကျင့်ခန်းများများလုပ်သင့်ပါတယ်။

ကျန်းမာရေးဆိုးကျိုးဖြစ်စေတဲ့ အဆီပိုတွေကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်း (၃)ခုကတော့ ကျန်းမာရေးနဲ့ညီညွတ်စွာစားဖို့၊ ခန္ဓာကိုယ်အလေးချိန်ပုံမှန်ထိန်းသိမ်းဖို့နဲ့ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဖို့ ဖြစ်ပါတယ်။ အဆီပိုတွေများနေတယ်ဆိုတာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို ကျွန်မတို့အားလုံးသိကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ အဆီတွေများနေလားဆိုတာကို ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတွေနဲ့တင်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်လိုတွေပြောင်းလဲလာတယ်၊ ဘယ်လိုတွေခံစားလာရတယ်။ ပြီးတော့ အဝတ်အစားဝတ်ရာမှာ သက်တောင့်သက်သာဖြစ်သေးလားဆိုတာတွေကို ကိုယ်တိုင်ဆန်းစစ်ပြီး အဖြေရှာလိုက်ပါ။

အခြားသူတွေကို ကျန်းမာရေးသတိပေးတဲ့အနေနဲ့ SHARE ပေးလိုက်ပါဦး။