အသက်၂၅နှစ်အရွယ် လူငယ်တိုင်း သိထားသင့်တဲ့ဘဝနေနည်းများ

blank

          အသက် ၂၅နှစ်ဆိုတာ ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံကို ကျော်ဖြတ်လာခဲ့ပြီး ရင့်ကျက်စအရွယ်ပါ။ ဆယ်ကျော်သက်တွေလို ကမူးရှူးထိုးစိတ်လေးတွေ မရှိတော့ သလို လူကြီးတွေလောက်လည်း ခေတ်နောက်မကျသေးတဲ့ ရှေ့မီနောက်မီအရွယ်ပါ။ ဘဝအောင်မြင်မှုအတွက် ကြိုးစားဖို့ အသင့်ဖြစ်နေတဲ့ အသက်၂၅နှစ်အရွယ်မှာ သိထား သင့်တဲ့၊ လိုက်နာလုပ်ဆောင်သင့်တဲ့ ဘဝနေနည်းလေးတွေ၊ အောင်မြင်မှုသော့ချက် လေးတွေကို ဂန္ထဝင်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ သင်နဲ့မထိုက်တန်တဲ့အရာတွေကို သင့်ဘဝမှာနေရာမပေးမိပါစေနဲ့။

လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်တယ်၊ စိတ်ကူးအိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ အခွင့်အရေးတွေနဲ့ ထိုက်တန်ပါတယ်။ လူတကာရဲ့ ဝေဖန်သံတွေ ကြောင့် သင့်ကိုယ်သင်တန်ဖိုးမရှိဘူးလို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ သင့်ရဲ့ ပေးဆပ်မှုတွေနဲ့မထိုက်တန်တဲ့သူတစ်ယောက်အတွက် သင့်ပျော်ရွှင်မှုတွေကို ဘယ်တော့မှ မစတေးလိုက်ပါနဲ့။

၂။ သင့်ကို ပျော်ရွှင်မှုမပေးနိုင်တဲ့ အချစ်ရေးကို ကျောခိုင်းလိုက်ပါ။

တစ်ခါတလေမှာ ကျွန်မတို့တွေဟာ မကောင်းတဲ့အချစ်ရေးကို ကောင်းလာ အောင် မျက်ရည်တွေများစွာစတေးပြီး ကြိုးစားတတ်ကြတယ်။ တစ်ခါတလေ သင့်ချစ်သူက သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို အလေးမထားတာ၊ ရန်ဖြစ်တဲ့အခါ ကိုယ်ထိလက်ရောက် စော်ကားတာတွေမျိုးပေါ့။ သင်တကယ်ပျော်ချင်ရင်တော့ ကိုယ့်ကိုယ်ကိုအနစ်နာခံပြီး အချစ်ရေးကို ဆုပ်ကိုင်မထားပါနဲ့။ လက်လွှတ်လိုက်ပါ။ သင်ဝမ်းနည်းရပေမယ့် ခဏလေးပါ။ အချိန်တန်ရင် သင့်ဘဝမှာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်လာမှာပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင့်ဘဝတိုးတက်ရေးကို ဦးစားပေးကြိုးစားပါ။

ကျွန်မတို့မိန်းမသားတွေ တော်တော်များများရဲ့ စိတ်ရင်းကိုက ကိုယ့်ကိုယ်ကို အနစ်နာခံပြီး ချစ်ရသူတွေကို ရှေ့တန်းတင်တတ်ကြတယ်။ အားငယ်နေတဲ့သူတွေကို အားပေးတတ်ကြတယ်၊ ကူညီပေးတတ်ကြတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို တိုးတက် အောင်ကြိုးစားဖို့ မေ့လျော့နေတတ်ကြတယ်။ ဒါ့ကြောင့် သူများတွေအတွက် အချိန်ပေး သလို ကိုယ့်ကိုယ်ကိုအတွက်လည်း အချိန်ပေးပြီး ပညာတစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်အောင် သင်ယူလိုက်ပါ။

၎။ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။

ဘဝအတွက် အရေးကြီးတဲ့အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ မလွဲမသွေပါပဲ။ ဒီစိန်ခေါ်မှုတွေကို စိတ်ရှုပ်စရာပြဿနာတွေလို့ မြင်နေမယ့် အစား အတွေ့အကြုံသစ်၊ အတတ်ပညာသစ်တွေရနိုင်မယ့် အခွင့်အရေးတွေလို့ သတ်မှတ်လိုက်ပါ။ ခက်ခက်ခဲခဲရရှိခဲ့တဲ့အောင်မြင်မှုက ပိုပြီးတော့ချိုပါတယ်။

၅။ ဘေးလူတွေရဲ့ ဝေဖန်မှုတွေကိုဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာကိုလုပ်ပါ။

အသက်နှစ်ဆယ်ကျော်ငါးနှစ်စွန်းစအချိန်မှာ သင့်ကိုအရေးမပါတဲ့ ထင်မြင်ချက် တွေနဲ့ ဝေဖန်နေတဲ့သူအချို့ကို သင်ကြုံဖူးခဲ့တယ်ဟုတ်။ တစ်ခါတလေမှာ ကိုယ်လေး စားရတဲ့သူဆီက အကြံဉာဏ်ကောင်းတွေယူသင့်ပေမယ့်လည်း အရွယ်ရောက်ပြီးသား လူတစ်ယောက်အဖို့ကတော့ ဆုံးဖြတ်ချက်တွေကို ကိုယ်ပိုင်အတွေးအမြင်နဲ့ပဲ ချမှတ် သင့်ပါတယ်။ သင့်ဘဝအကြောင်းကို သင်ကိုယ်တိုင်လောက် ဘယ်သူမှမသိနိုင် ဘူးလေ။

၆။ စကားလုံးလှလှလေးတွေနဲ့ ငြင်းပယ်တတ်အောင်လေ့ကျင့်ပါ။

သင့်ဆီဦးတည်လာသမျှ တောင်းဆိုမှုတွေ မှန်သမျှကို အားနာစိတ်တစ်ခုတည်းနဲ့ လက်ခံတတ်တဲ့အကျင့်ကို စွန့်လွှတ်လိုက်ပါ။ လှလှပပလေး ငြင်းပယ်တတ်ဖို့လည်း လေ့ကျင့်ထားပါ။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အချစ်ရေး၊ လူမှုရေးမှာပဲဖြစ်ဖြစ် သင့်ဘက်က လိုက်လျောဖို့ ခက်ခဲနေတယ်ဆိုရင် ဘာမှမစဉ်းစားပဲ ငြင်းပယ်လိုက်ပါ။ သူတစ်ပါး စိတ်ကျေနပ်အောင်လိုက်လျောဖို့က သင့်တာဝန်တစ်ခု မဟုတ်ပါဘူး။

၇။ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်မိဘတွေကို ဂရုတစိုက်စောင့်ရှောက်ပါ။

သင့်ဘဝမှာအရေးကြီးဆုံးက သင့်ကျန်းမာရေးပါ။ အားကစားတစ်ခုခု ပုံမှန်လုပ် ပါ။ သင့်မိဘတွေလည်း ဒီအချိန်မှာ တတိယအရွယ်ကို ရောက်နေလောက်ပါပြီ။ ဒါ့ကြောင့် သူတို့ရဲ့ ကျန်းမာရေးကိုလည်း ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးပါ။ အခု အချိန်မှာ ဘာမှမလိုသေးပေမယ့် သိပ်မကြာခင်နှစ်တွေမှာ သင့်ရဲ့ အကူအညီနဲ့ စောင့်ရှောက်မှုဟာ သင့်မိဘတွေအတွက် အားဆေးတစ်ခွက်ဖြစ်လာမှာပါ။

၈။ သင့်ဘဝရဲ့ အဆိပ်သင့်လူသားတွေကို မောင်းထုတ်ပစ်လိုက်ပါ။

သင့်ကိုစိတ်ဓာတ်ကျစေတဲ့သူ၊ သင့်ဘဝကို အောက်ရောက်အောင် ဆွဲချနေတဲ့ သူဟာ သင့်ဘဝရဲ့ အဆိပ်သင့်လူသားတွေပါပဲ။ အကောင်းမြင်စိတ်ထက် အဆိုးမြင် စိတ်တွေများနေတဲ့ သူတို့ကြောင့် သင့်ဘဝမှာ သူတို့အတွက်နေရာမရှိပါဘူး။ သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို သူတို့အတွက်ပေးဆပ်ရင်း သင့်ဘဝနိမ့်ကျသွားတာ မျိုးမဖြစ်ရအောင် သူတို့ကို သင့်ဘဝထဲကနေ မောင်းထုတ်လိုက်ပါ။

၂၅နှစ်ဆိုတဲ့ အသက်အရွယ်ဟာ ဘဝမှာ ဆက်လျှောက်ရမယ့်လမ်းတွေ အများကြီးရှိနေသေးသလို ထိုက်သင့်တဲ့ဘဝအတွေ့အကြုံတွေလည်း ရှိထားပြီးဖြစ်တဲ့ အရွယ်ပါ။ အထက်မှာ ဖော်ပြထားတဲ့ အချက် ၈ချက်ကို မမေ့လျော့ပဲအမြဲအမှတ်ရရင်း ပျော်ရွှင်ကျန်းမာပြီး စိတ်ချမ်းမြေ့ဖွယ်ကောင်းတဲ့ ဘဝတစ်ခုကို ကိုယ်တိုင်တည်ဆောက် လိုက်ပါ။