ရိုင်းစိုင်းမှုတွေကို ပညာရှိစွာ တုန့်ပြန်နိုင်မယ့် နည်းလမ်းကောင်းလေးများ

blank

ကိုယ့်ကို ရိုင်းစိုင်းစွာပြုမူတာ၊ စကားလုံးတွေနဲ့ စော်ကားတာကို ဘယ်သူကမှသည်းမခံနိုင်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာပဲ ကျွန်မတို့အားလုံးနီးပါး ဒီလို စော်ကားခံရမှုတွေ၊ ရိုင်းစိုင်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလိုကြုံတွေ့ရတဲ့အခါမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို မထိခိုက်စေဘဲ ပညာရှိစွာ တုန့်ပြန်နိုင်စေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ ပြုံးမြဲပြုံးထားပါ။

ကိုယ့်အပေါ် ရိုင်းစိုင်းစွာဆက်ဆံသူကို ပြုံးပြုံးလေးပဲ တုန့်ပြန်ပါ။ စကားကိုလည်း ပုံမှန်လေသံအတိုင်းပြောပါ။ သင်အော်ဟစ်ပြောဆိုနေရင် သူတို့လည်းပြန်လည်အော်ဟစ်ပြီး ပြဿနာကြီးထွားလာဖို့ပဲရှိပါတယ်။ ပုံမှန်အတိုင်းလေးပဲတုန့်ပြန်တာက ပြဿနာကို ပြေလည်စေနိုင်ပြီး သင့်ကိုရိုင်းစိုင်းနေသူကို ကိုယ့်ကိုယ်ကို သိမ်ငယ်သွားသလို ထင်ရစေနိုင်ပါတယ်။

၂။ ဒေါသတွေကို ထိန်းချုပ်လိုက်ပါ။

ကိုယ့်ကိုရိုင်းစိုင်းစွာ ပြုမူလာတဲ့သူကို လူတိုင်းဒေါသထွက်ကြမှာပါ။ ဒါပေမယ့် ဒေါသကိုထိန်းချုပ်၊ စိတ်ကိုလျှော့ချပြီး ပညာရှိရှိဆန်ဆန် တုန့်ပြန်တတ်ဖို့ လိုပါတယ်။ ဒေါသတွေကို မကောင်းတဲ့လက်နက်တစ်ခုအဖြစ် အသုံးမချဘဲ ကောင်းတဲ့ဘက်ကနေ အသုံးချလိုက်ပါ။ ဒေါသတွေကို လောင်စာအဖြစ်အသုံးချပြီး အားကစားတစ်ခုခုကို လုပ်လိုက်တာက သင့်ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေနိုင်တယ် မဟုတ်လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ်နဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်လိုက်ပါ။

လူတွေဒေါသထွက်နေတဲ့အချိန်မှာ ပြောတဲ့စကားတွေက လိုရင်းကိုမရောက်ဘဲ ရိုင်းစိုင်းတဲ့ ဖရုဿဝါစာစကားလုံးတွေ ပါဝင်နေပါတယ်။ သူတို့ပြောသမျှစကားလုံးတိုင်းမှာ သူတို့ရဲ့ အတွင်းစိတ်တွေ ပါဝင်နေပါတယ်။ ဒါဟာ သူတို့ရဲ့ အတွင်းစိတ်က လျှံကျလာတဲ့ မကောင်းမြင်စိတ်တွေဖြစ်တာကြောင့် သင်နဲ့ မသက်ဆိုင်ဘူးလို့ မှတ်ယူပြီး ပြုံးပြုံးလေးပဲ တုန့်ပြန်လိုက်ပါ။

၎။ မေတ္တာထားပြီး တုန့်ပြန်လိုက်ပါ။

တစ်စုံတစ်ယောက်က သင့်အပေါ်ရိုင်းစိုင်းလာပြီဆိုရင် သေချာတယ်၊ သူ့မှာ မပျော်ရွှင်မှုတွေ၊ မပြည့်စုံမှုတွေ၊ အလိုမကျမှုတွေရှိနေလို့ပါပဲ။ ဒီအချိန်မှာ သင့်ရဲ့သဘောထားကြီးမှုတွေ၊ ကြင်နာမှုတွေကို ပြသလိုက်ပါ။ မေတ္တာထားလိုက်ပါ။ မေတ္တာရောင်ပြန်ဟပ်တဲ့အချိန်ကျရင် သူတို့အမြင်မှန်ရပြီး သင့်ကိုတောင်းပန်လာပါလိမ့်မယ်။ ရက်စက်တတ်တဲ့လောကကြီးမှာ အကြင်နာတရားဆိုတာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပဲ မဟုတ်ပါလား။

သူတစ်ပါးရဲ့ရိုင်းစိုင်းမှုကြောင့် သင့်ဘဝကို အထိခိုက်မခံပါနဲ့။ အထက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေသုံးပြီး ပြုံးမြဲပြုံးနေလိုက်ပါ။ သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ သင့်အဆင့်အတန်းနဲ့ သင့်ဂုဏ်သိက္ခာကို ထိခိုက်အောင် မလုပ်နိုင်ပါဘူးရှင်။