နတ်သမီးပုံပြင်တွေထဲကလို ကံကောင်းတဲ့ မင်းသမီးလေးဖြစ်ချင်ပါသလား

0
130

           မိန်းကလေးတွေဟာ ငယ်ငယ်လေးကတည်းက “သိပ်ကိုချောမောလှပတဲ့ မင်းသားလေးက မင်းသမီးလေးကို လာခေါ်ပြီး တစ်သက်လုံးပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတည်း” ဆိုတဲ့ နတ်သမီးပုံပြင်တွေဖတ်တယ်၊ ကာတွန်းကားတွေကြည့်ကြတယ်။ ပြီးတော့ စိတ်ကူးယဉ်ကြတယ်လေ။ တကယ်တမ်းပြောရမယ်ဆိုရင် ဒီလို အဖြစ်အပျက်တွေက လက်တွေ့ဘဝမဟုတ်ပါဘူး။ ပုံပြင်ဇာတ်လမ်းတွေပါ။

လက်တွေ့ဘဝမှာ နှင်းဆီပန်းတွေ၊ မက်မွန်သီးတွေ၊ ချိုမြိန်တဲ့ ခရင်မ်တွေနဲ့ချည်းပဲ ပြည့်မနေပါဘူး။ ကြားဖူးတဲ့ ပုံပြင်ဇာတ်လမ်းတွေမှာလည်း ဇာတ်ရှိန်မြင့်အောင် ပဋိပက္ခလေးတွေ၊ အခက်အခဲတွေ၊ စွန့်စားခန်းတွေပါပါတယ်။ လက်တွေ့ဘဝမှာလည်း ဒီလို အတားအဆီး၊ အခက်အခဲလေးတွေ ရှိနေတယ်မဟုတ်လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လက်တွေ့ဘဝမှာလည်း မိန်းကလေးတိုင်း လိုချင်မက်မောတဲ့ အရာလေးတွေ ရှိနေတတ်ပါတယ်။ လက်တွေ့ကျတဲ့ဆန္ဒလေးတွေပေါ့။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အချစ်စစ်ကိုရှာတွေ့ပြီး မျှော်မှန်းထားတဲ့ဘဝလေးပိုင်ဆိုင်ချင်တယ်ဆိုရင် အမှန်တရားတွေကိုလည်း လက်ခံရမှာဖြစ်ပါတယ်။

ရိုးရှင်းတဲ့အမှန်တရားတစ်ခုကတော့ သင့်ရဲ့ ဖူးစာရှင်မင်းသားလေးက လောကရဲ့တစ်နေရာရာမှာ ရှိနေပါတယ်။ မြင်းဖြူကြီး စီးမလာရင်တောင် ကားလေးစီးပြီးတော့ လာမှာပါ။ သင့်ရဲ့ ဖူးစာရှင်မှာ တိုက်ခန်းလေးဖြစ်ဖြစ်၊ တိုက်တာအဆောက်အအုံဖြစ်ဖြစ် ရှိလိမ့်မယ်။ အချစ်ရဲ့ စွမ်းအားနဲ့ဆို တဲအိုပျက်လည်း ခမ်းနားတဲ့ရဲတိုက်ကြီးဖြစ်သွားနိုင်တယ်လေ။ ငွေကြေးအခက်အခဲတွေ ရှိလာတဲ့အခါ သင့်ဖူးစာရှင်က တောထဲမှာ ရွှေအိုးကြီးရှာမပေးနိုင်ပေမဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စွမ်းဆောင်နိုင်မှာပါ။

သင် ခဏခဏကြည့်နေတဲ့ Disney က နတ်သမီးပုံပြင်တွေနဲ့ မတူတဲ့၊ ကွဲပြားတဲ့ဘဝတွေက လက်တွေ့လာကမှာ အများကြီးရှိနေပါတယ်။ သင့်ဘဝကို နတ်သမီးပုံပြင်တွေလို မျှော်လင့်ထားတယ်ဆိုရင်တော့ သင်လုပ်ရမှာ တစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ စစ်မှန်တဲ့ဖူးစာရှင်ကို ရွေးချယ်တတ်ဖို့ပါ။ စစ်မှန်တဲ့သူ၊ ကြင်နာတတ်တဲ့သူ၊ နားလည်မှုရှိသူ၊ ရိုးသားဖြောင့်မတ်ပြီး တာဝန်သိစိတ်ရှိသူ ခင်ပွန်းကောင်းကို ရွေးပါ။ ဥစ္စာပေါရုပ်ချောတာကို မက်ပြီး ပုံပြင်ထဲက မင်းသားလေးယောင်ဆောင်ထားတဲ့ သူကို မရွေးမိဖို့ သတိထားပါ။

မိန်းကလေးတိုင်းဟာ ကိုယ်ပိုင်တဲ့ ကမ္ဘာလေးမှာတော့ နတ်သမီးပုံပြင်ထဲက လှပပြီး ကံကောင်းတဲ့ မင်းသမီးလေးတွေချည်းပါပဲ။ ဒါကြောင့် သင်နဲ့ ထိုက်တန်တဲ့ ဖူးစာရှင်ကိုပဲ ရွေးချယ်လိုက်ပါနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။