မောင့်အပေါ်ထားခဲ့တဲ့ အချစ်တွေကို အခြားတစ်ယောက်အပေါ် ပုံအပ်မိတဲ့အတွက် ခွင့်လွှတ်နိုင်မလား။

Portrait of Beauty young woman sitting in the park
ချစ်ခဲ့ရတဲ့ မောင်ရေ…

လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်ကတည်းက မောင့်ကို လျစ်လျူရှုခဲ့မိလို့ တောင်းပန်ပါတယ်။ မောင့်လိုအပ်ချက်တွေကို ဒုတိယနေရာပို့လိုက်မိလို့ စိတ်မကောင်းမဖြစ်ပါနဲ့။ မောင်က ကျွန်မဦးစားပေးရမယ့်အရာတွေထဲမှာ ပါပေမယ့် မောင်က ကျွန်မဘဝရဲ့ ပထမဦးဆုံးနေရာကို မပိုင်တော့ဘူးမောင်။

မောင့်ကျွန်မကိုလိုအပ်တဲ့အချိန်တွေ ရှိတယ်ဆိုတာ ကျွန်မသဘောပေါက်ပါတယ်။ မောင်တစ်ခုခုပြောချင်တိုင်း ပင်ပန်းနေလို့၊ ခေါင်းကိုက်နေလို့ စတဲ့ ကျွန်မရဲ့ဆင်ခြေတွေကို မောင်လည်း ငြီးငွေ့နေရော့ပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလို မောင်လိုအပ်တာတွေကို လိုလေးသေးမရှိဖြည့်စွမ်းပေးတဲ့ ဇနီးမယားတစ်ယောက်အဖြစ် မရှိပေးနိုင်တော့တဲ့အတွက် ခွင့်လွှတ်ပါ။

မောင့်ကိုချစ်ပေမယ့် မောင်နဲ့တူတဲ့ မောင့်ကလေးတွေရဲ့မိခင်ဘဝက ကျွန်မရဲ့စိတ်ရောကိုယ်ပါ ချုပ်ကိုင်သွားခဲ့တယ်။ ကလေးတွေ အိပ်သွားလို့ မောင့်ဘေးမှာ ရုပ်ရှင်ထိုင်ကြည့်နေချိန်တောင် ကျွန်မခေါင်းထဲမှာ မိခင်စိတ်ပဲ ရှိနေမိတယ်။

ကျွန်မခေါင်းထဲမှာ ကလေးတွေရဲ့ မနက်ဖြန်အကြောင်း နောင် ၁ဝ နှစ်အကြာမှဖြစ်လာမယ့် မောင့်ရင်သွေးလေးတွေအကြောင်း တွေးရင်း ကျွန်မပျော်ရွှင်နေတတ်ခဲ့ပြီး။ ဇနီးတစ်ယောက်ထက် မိခင်ဘဝကို ပိုမက်မောမိတယ်လို့ ဆိုခဲ့ရင် မောင်ကျွန်မကို ညိုညင်သွားမလား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မောင်က ကျွန်မတို့မိသားစုအတွက် အသေးအဖွဲလေးတွေကအစ အားလုံးလုပ်ပေးတယ်။ မောင်က တခြားသူတွေထက် အလုပ်ကြိုးစားတယ်ဆိုတာလည်း သိပါတယ်။ မောင့်အတွက် ဘာမှမမျှော်လင့်ဘဲ သူတစ်ပါးကို စေတနာသန့်သန့်နဲ့ ကူညီပေးတာတွေ မြင်ရတိုင်း မောင့်ကို ပိုပိုချစ်မိတယ်။

အရင်ကလို ဂရုမစိုက်နိုင်တော့တဲ့အတွက် မောင်က အရေးမပါတော့ဘူးလားလို့ မောင့်ကို မတွေးစေချင်ဘူး။ မိခင်တစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ မောင်ဘေးနားမှာအားပေးဖို့ လိုနေဆဲပါပဲ။ မောင်လိုအပ်တာတွေကို ကိုယ်တိုင်လုပ်ပြီး ကျွန်မကိုကူညီပေးပါ။ မောင်နဲ့ကျွန်မရဲ့ ရင်သွေးလေးတွေက မောင့်ထက်ပိုပြီး အကူအညီလိုအပ်တယ်လေ။

ကျွန်မက လွန်ခဲ့တဲ့ ၁၁ နှစ်က မောင်လက်ထပ်ခဲ့တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ ပြောင်းလဲမှုတွေနဲ့အတူ မောင့်ဇနီး၊ ကလေးတွေရဲ့မိခင်၊ မောင့်မိတ်ဆွေ၊ မောင့်အိမ်ရှင်မ တစ်ယောက်အနေနဲ့ မောင့်ဘဝထဲကို ရောက်နေပြီလေ။ အခုဆို ကျွန်မက ကိစ္စတိုင်းကို အစီအစဉ်ဆွဲနိုင်သူ၊ အဝယ်တော်၊ စားဖိုမှူး၊ သူနာပြု စတဲ့တာဝန်အားလုံးကို ထမ်းဆောင်နေရသူပါ။

မောင့်ကို ချစ်တယ်၊ ပြီးတော့ ကျွန်မတို့ဖန်တီးထားတဲ့ မိသားစုဘဝလေးကိုလည်း မြတ်နိုးတယ်။ ဒါပေမဲ့ ကျွန်မက မောင်နဲ့တွေ့စကလို မိန်းကလေးတစ်ယောက်တော့ မဟုတ်တော့ပါဘူး။ မိခင်တစ်ယောက် ဖြစ်နေပါပြီ။ မိခင်တစ်ယောက်တာဝန်ကျေပွန်အောင်ထမ်းဆောင်ရင်း ဇနီးမောင်နှံတစ်ယောက်ရဲ့ ဝတ္တရားတွေ လစ်ဟင်းသွားတဲ့အခါ မောင်အချစ်တွေလျော့နေမလား။  မောင့်အပေါ်ထားခဲ့တဲ့ အချစ်တွေကို အခြားတစ်ယောက်အပေါ် ပုံအပ်မိတဲ့ ကျွန်မကိုကော ခွင့်လွှတ်နိုင်မလား။

မောင့်ရဲ့ထာဝရ

ချစ်ဇနီး