Single တစ်ယောက်ရဲ့ ဝါကျွတ်အစီအစဉ်

blank

ဝါကျွတ်ပြီ…။

ဝါကျွတ်ပြီဆိုတော့ ချစ်သူနဲ့ရွှေလက်တွဲဖို့ ပြင်ဆင်ထားတဲ့သူတွေက မင်္ဂလာပွဲတွေအတွက်ပြင်ဆင်နေကြပြီ။ အပျိုကြီး၊ လူပျိုကြီးတွေကလည်း “ဘယ်တော့လဲ၊ ဘယ်တော့လဲ” ဆိုတဲ့ မေးခွန်းတွေကို စိတ်ပျက်စပြုနေကြပြီ။

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ပြီဆိုတာနဲ့ မင်္ဂလာမောင်နှံပေါင်းများစွာဟာ ရွှေလက်တွဲပြီး အနာဂတ်ဘဝခရီးတစ်ခုကို အတူတူစတင်ကြတယ်။ အနာဂတ်အတွက် အိပ်မက်ပေါင်းများစွာ၊ ဘဝအတွက် မျှော်လင့်ချက်ပေါင်းများစွာနဲ့ပေါ့။ တချို့တွေက အစီအစဉ်တွေသေချာချမှတ်ပြီး အနာဂတ်ခရီးအသစ်ကိုစတင်ကြသလို၊ တချို့ကတော့ ရထားမမှီမှာ စိုးရိမ်နေတဲ့ ခရီးသည်တွေလို အလောတကြီးနဲ့ မင်္ဂလာဆောင်လိုက်ကြတယ်။

ကျွန်မလေ.. အိမ်ထောင်ပြုပြီး ပျော်နေတဲ့သူတွေကို တွေ့ဖူးသလို၊ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့သူတွေကိုလည်း တွေ့ဖူးတယ်။ အရာရာတိုင်းမှာ အကောင်းအဆိုးဒွန်တွဲနေတယ်ဆိုတာကို နားလည်တဲ့အတွက် အိမ်ထောင်ရေးဘဝမှာလည်း ကောင်းတာဆိုးတာတွေရှိနေမယ်လို့ ယုံကြည်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မယုံကြည်ရာတွေကို ဆုပ်ကိုင်ပြီးလျှောက်လှမ်းနေတဲ့အချိန်မှာ ဝါဝင်ဝါထွက်ဟာ ကျွန်မအတွက်ဘာမှမထူးဘူးလို့ အားလုံးကစကြတယ်။ တကယ်တော့ ဒီဝါကျွတ်မှာ ကျွန်မမှာလည်း အစီအစဉ်လေးတွေရှိပါတယ်လို့။ ကျွန်မမှာလည်း အနာဂတ်ဘဝအတွက် အိပ်မက်တွေ၊ ကျန်သေးတဲ့ဘဝအတွက် မျှော်လင့်ချက်တွေ အများကြီးရှိပါတယ်။ ကျွန်မလေ ဒီဝါကျွတ်မှာ….

  • မကောင်းမြင်တတ်တဲ့ စိတ်တွေကို အဝေးကို စွန့်ပစ်မယ်။
  • ဘေးနားက စစ်မှန်တဲ့လူအနည်းငယ်ကို ဂရုစိုက်မယ်။
  • အများကြီးချစ်မယ်။ နည်းနည်းလေးပဲ မျှော်လင့်မယ်။
  • စစ်မှန်တဲ့အချစ်ရေးတစ်ခုအတွက် စည်းမျဉ်းတွေကို လေ့လာမယ်။
  • ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ အရင်ဆုံးသင်ယူမယ်။
  • သူငယ်ချင်းတွေအတွက် အချိန်ပေးမယ်။ ခရီးတွေများများထွက်မယ်။
  • ကိုယ်မတတ်သေးတဲ့အရာတွေကို သင်ယူမယ်။

Single ဘဝမှာ လွတ်လပ်ခြင်းရဲ့ အရသာတွေကို အပြည့်အဝခံစားမယ်လေ။ တစ်စုံတစ်ယောက်ကများ “ဘယ်တော့စားရမှာလဲ” လို့မေးရင် စားချင်ရင်အခုလည်း ကျွေးပါတယ်လို့ ပြုံးပြုံးလေးနဲ့ ဖြေလိုက်မယ်လေ။ တစ်နေ့တစ်နေ့တဖွဲဖွဲရောက်လာတဲ့ ဖိတ်စာတွေကိုလည်း တက်နိုင်သလောက်တက်နိုင်အောင် ကြိုးစားရဦးမယ်။ သူငယ်ချင်းတွေရဲ့ ပျော်ရွှင်စရာနေ့ရက်လေးမှာ ကိုယ့်ဘဝကိုယ်ကိုကျေနပ်စွာနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်မယ်လေ။