စိတ်မချမ်းမြေ့စရာအိမ်ထောင်ရေးကို ကျောမခိုင်းနိုင်ကြတဲ့ အကြောင်းရင်းများ

blank

လောကမှာ မသာယာတဲ့ အိမ်ထောင်ရေးတွေ အများကြီးရှိပါတယ်။ အိမ်ထောင်ရေးမသာယာခြင်းဟာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ဆင်းရဲတဲ့သူလည်း အိမ်ထောင်ရေးအဆင်မပြေဖြစ်နိုင်သလို ချမ်းသာတဲ့သူလည်း အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နိုင်ပါတယ်။ အိမ်ထောင်ဖက် နှစ်ယောက်စလုံးမှာရှိတဲ့ သဘောထားတွေ၊ အပြုအမူတွေ၊ လုပ်ရပ်တွေကြောင့်သာ အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး မသာမယာ ဖြစ်တတ်ကြတာပါ။

မသာယာတဲ့ အိမ်ထောင်ရေးတွေကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးတွေက သည်းခံပြီး စိတ်နာကျင်ရင်း အိမ်ထောင်ရေးကို ပြတ်သားစွာ ကျောမခိုင်းနိုင်ကြတာကို တွေ့ရတတ်ပါတယ်။ ဒါဟာ ဘာလို့ပါလိမ့်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။

၁။ ကိုယ်ပိုင်ဝင်ငွေမရှာနိုင်တာကြောင့် ကွာရှင်းပြီးတဲ့နောက် ဘဝမရပ်တည်နိုင်တော့မှာ စိုးလို့

၂။ ကလေးတွေ မိတကွဲ ဖတကွဲ ဖြစ်မှာကို ငဲ့နေရလို့

၃။ ဒီအခြေအနေက ကွာရှင်းတဲ့အထိ ဖြစ်ဖို့မလိုဘူးလို့ ထင်နေကြလို့

၎။ ပတ်ဝန်းကျင်ရဲ့ နှိမ်ချဆက်ဆံတဲ့ဒဏ်၊ ပုတ်ခတ်ပြောဆိုတဲ့ဒဏ်တွေကို မခံနိုင်လို့

၅။ ကွာရှင်းလိုက်ရင် ဘဝလုံခြုံမှုမရှိတော့ဘူးလို့ ထင်နေကြလို့

၆။ “အခုပဲအဆင်မပြေတာ၊ နောက်တော့ အဆင်ပြေသွားမှာပါ” လို့ မျှော်မှန်းထားလို့ ဖြစ်ပါတယ်။

ဒါတွေကတော့ အဓိက အကြောင်းပြချက်တွေပေါ့။ ဒီအကြောင်းပြချက်တွေကို စိုးရိမ်စရာမရှိတဲ့သူတွေကတော့ စိတ်မချမ်းမြေ့စရာ အိမ်ထောင်ရေးတွေကို ပြတ်သားစွာ ဆုံးဖြတ်ပြီး ကျောခိုင်းတတ်ကြတယ်။ ဘဝအသစ်မှာ ပျော်ရွှင်စွာနေပြီး ပိုမိုတိုးတက်အောင် ကြိုးစားတတ်ကြတယ်။ သားသမီးတွေကိုလည်း တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်ထပ် တွေ့ရတဲ့ အကြောင်းပြချက်တစ်ခုက အားနည်းချက်တွေကြောင့် စိတ်မချမ်းမြေ့ရလည်း သည်းခံပြီး ပေါင်းနေကြတာဖြစ်ပါတယ်။ ဒီလိုအကြောင်းပြချက်ကြောင့် ဆက်ပေါင်းနေတဲ့သူတွေက တစ်ယောက်အပေါ်မှာ တစ်ယောက် မှီခိုနေရတဲ့သူတွေ ဖြစ်တတ်ကြပြီး အိမ်ထောင်ဖက်အပေါ်မှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေလို့လည်း ဖြစ်တတ်ပါတယ်။ ဥပမာ – ချမ်းသာကြွယ်ဝမှု၊ တစ်ချိန်ချိန်မှာ ပိုင်ဆိုင်လာနိုင်တဲ့ အရာတွေလိုမျိုးပေါ့။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘဝမှာ နေပျော်ဖို့အတွက် ပျော်ရွှင်မှုက သိပ်ကို အရေးကြီးပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို ဦးစားပေးပါလို့ အကြံပြုလိုက်ပါရစေရှင်။

နောက်ထပ်အကြောင်းရင်းလေးတွေ ရှိနေသေးတယ်ဆိုရင် comment box မှာ အတွေးအမြင်လေးတွေကို မျှဝေခဲ့ပါဦးနော်။