ချစ်ရသူတွေ သင့်ဆီက လိုချင်တဲ့အရာ

blank

ကျွန်တော်က အောင်မြင်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ အားထားရတဲ့မန်နေဂျာကြီးပေါ့။ လစာကောင်းကောင်း နေစရာကောင်းကောင်းပေးထားတဲ့ ကျွန်တော့်ရဲ့ကုမ္ပဏီဟာ ကျွန်တော့်အတွက် ဘဝရဲ့ ဒုတိယအစိတ်အပိုင်းတစ်ခုပေါ့။ ကျွန်တော်က အလုပ်ကြိုးစားတယ်၊ အသောက်အစားကင်းရှင်းတယ်၊ လူမှုရေးအရှုပ်အရှင်းကင်းတယ်။ ကျွန်တော့်ဇနီးတစ်ယောက်တည်းကို သစ္စာရှိရှိချစ်တယ်။ အသုံးစရိတ်မှန်မှန်ပေးတယ်လေ။ ဒီလောက်ဆို ကျွန်တော်ဟာ တာဝန်ကျေတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်နေပြီလေ။ ကျွန်တော့်ဇနီးကို အမြဲတမ်း အချိန်မပေးနိုင်တာ၊ အခြားဇနီးမောင်နှံတွေလို ကြင်နာမှုတွေ မပေးနိုင်တာလည်း ကျွန်တော်အပြစ်ရှိတယ်လို့ မခံစားရဘူး။ ကျွန်တော်မနက်ဆို မနက်စာကို အလောတကြီးစား၊ အဝတ်အစားမြန်မြန်ဆန်ဆန်လဲပြီး ရုံးကိုပြေးရတယ်။ ရုံးပိတ်ရက်တွေဆိုလည်း စာတွေဖတ်ရ၊ ပွဲတွေတက်ရနဲ့ အားတယ်လို့ကို မရှိပါဘူး။ ကျွန်တော့်ဇနီးကလည်း အခြားဇနီးတွေလို ပူညံပူညံလုပ်တတ်တဲ့သူတစ်ယောက်မဟုတ်လို့ တော်သေးတာပေါ့ဗျာ။ သူ့ပါသူအိမ်ကလေးလုပ်နေ၊ ကျွန်တော့်ကိုဖြည့်ဆည်းပေးနေရုံနဲ့ ကျေနပ်နေတတ်တဲ့သူတစ်ယောက်ဆိုတော့ ကျွန်တော်ကံကောင်းတာပေါ့။

ဒီလိုနဲ့တစ်နေ့မှာ ကျွန်တော်ဇနီးကို သတင်းကောင်းတစ်ခုပေးတယ်။ ကျွန်တော်တို့ဘဝထဲကို ရင်သွေးလေးရောက်လာတော့မယ်တဲ့။ ကျွန်တော်သိပ်ပျော်တာပေါ့။ ပျော်နေရုံနဲ့လည်း မပြီးသေးဘူး။ ကျွန်တော်အလုပ်တွေပိုကြိုးစားပြီးလုပ်ရမယ်ဆိုတဲ့ အတွေးလည်းဝင်လာတယ်။ ကျွန်တော့်ဇနီးကတော့ ခပ်အေးအေးပါပဲ။ အဲဒီလောက်ထိ သိမ်းကျုံးရှာစရာမလိုတဲ့ အကြောင်း၊ ကျွန်တော်အခုဝင်ငွေနဲ့တင် မိသားစုဘဝအတွက် ပြည့်စုံကြောင်းပြောပြတယ်။ မိန်းမတွေ အဲဒါခက်တာပဲဗျာ။ အမျှော်အမြင်ကို မရှိဘူး။ အနာဂတ်မှာ အဆင်ပြေချောမွေ့ဖို့ ငွေတွေစုမိဆောင်းမိဖြစ်နေဖို့လိုတယ်လေ။ သူမက တင်းတိမ်ရောင့်ရဲပေမယ့် ကျွန်တော်အနာဂတ်ဆိုတဲ့အရာနောက်ကို လိုက်နေခဲ့တယ်။

ကျွန်တော့်ဇနီးက ကိုယ်လေးလက်ဝန်နဲ့ သူမအတွက် အနီးကပ်စောင့်ရှောက်ပေးမယ့်သူတစ်ယောက်လိုတယ်တဲ့။ သူမကိုကြည့်ရတာ ကျွန်တော့်ကို ရုံးကစောစောပြန်ပြီး သူမအနားမှာ အဖော်ပြုစေချင်ပုံပဲ။ အဲဒါခက်တာလေ။ ဒီလိုအချိန်တွေဆိုတာ ငွေတွေကို ပိုပြီးစုဆောင်းရမယ့်အချိန်မဟုတ်လား။ အဲဒါနဲ့ ကျွန်တော်ရွာက အမျိုးမကင်းတဲ့ ကောင်မလေးတစ်ယောက်ကို ခေါ်ပေးလိုက်တယ်။ ကျွန်တော့်ရမယ့်အချိန်ပိုကြေးက ပိုအရေးကြီးတယ်မဟုတ်လား။

ဒီလိုနဲ့ ကျွန်တော့်ဇနီးရဲ့ ကိုယ်ဝန်ကနေ့စေ့လစေ့ဖြစ်လာခဲ့တယ်။ ကျွန်တော်ကလည်း အလုပ်ဝင်္ကပါထဲမှာ မျောလို့ပေါ့။ ကျွန်တော့်ကိုယ်ကျွန်တော်မတရားဘူးလို့ ခံစားရပေမယ့် လှပတဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ လက်ရှိအချိန်မှာ နည်းနည်းပေးဆပ်ရမယ်လို့ ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်တယ်လေ။ ကျွန်တော့်ဇနီးကတော့ ထုံးစံအတိုင်း တုံဏှိဘာဝေပဲပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်နေ့မှာ ထုံးစံအတိုင်း ရုံးမှာကျွန်တော်အချိန်ပို ဆင်းနေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အလုပ်ချိန်အတွင်းဖုန်းဘယ်တော့မှ မခေါ်တတ်တဲ့ ကျွန်တော့်ဇနီးဆီက ဖုန်းဝင်လာတယ်။

သူမသွေးတွေအရမ်းဆင်းနေတာကြောင့် ဆေးရုံကိုသွားဖို့လိုနေတဲ့အကြောင်းပြောပြီး ဖုန်းချသွားပါတယ်။ ကျွန်တော်လည်းအလုပ်တွေကို ထားခဲ့ပြီးပြေးလာခဲ့တယ်။ ဆေးရုံရောက်တော့ ဆရာဝန်က သူမကို ခွဲခန်းထဲကို ခေါ်သွားပြီး သူမအခြေအနေကစိုးရိမ်ရတဲ့အကြောင်းပြောပြပြီး ကျွန်တော့်ကို ခွဲစိတ်ဖို့သဘောတူကြောင်း လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအချိန်ရောက်မှ ကျွန်တော့်စိတ်တွေပူပန်လှုပ်ရှားလာတော့တယ်။ သူမကိုသာ ဆုံးရှုံးရရင်ဆိုတဲ့အတွေးက ကျွန်တော့်ရင်တစ်ခုလုံးကို ပြောင်းဆန်စေတယ်။ ကျွန်တော်လေ…

လက်ထပ်ပြီးနောက်မှာ သူမလက်ကို တွဲပြီးတစ်ခါမှ လမ်းမလျှောက်ဖူးဘူး။

ညနေစာ အေးအေးဆေးဆေး မစားဖူးဘူး။

သူမလက်ထဲကို ငွေတွေထည့်ပေးဖူးပေမဲ့ သူမလိုချင်တာတွေကို လိုက်ဝယ်မပေးဖူးဘူး။

သူမဝမ်းနည်းကြေကွဲနေလား…. အားငယ်နေလား….. ပျော်ရွှင်နေလား……. ကျွန်တော်မမေးခဲ့ဖူးဘူးလေ။ သူမနဲ့အတူ အချိန်တွေ မကုန်ဆုံးဖူးတာကို သူမကို ဆုံးရှုံးရတော့မယ်လို့ တွေးမိတဲ့အချိန်ရောက်မှ ကျွန်တော်တွေးပူလာတယ်ဗျာ။ ခွဲစိတ်ခန်းဝင်နေတဲ့အချိန်ဟာ ကျွန်တော့်အတွက်တော့ တစ်ကမ္ဘာလောက်ကြာနေသလိုပါပဲ။ ဆရာဝန်က ကျွန်တော့်ဇနီးနဲ့သားနှစ်ယောက်လုံး အန္တရာယ်ကင်းတယ်ဆိုတာ လာပြောတော့ ကျွန်တော်ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော့်ဇနီးနဲ့ တွေ့လို့မရသေးဘူးလို့ ဆရာဝန်က ပြောတယ်။ သူမနဲ့တွေ့တဲ့အခါ ပြောစရာတွေ အများကြီးရှိနေပြီ။ ဒီနေ့ကစပြီး သူမအတွက် အချိန်တွေပေးမယ်လို့ အရင်ဆုံးပြောမယ်လေ။