ဉာဏ်ရည်ထက်မြက်သူတွေက တစ်ယောက်တည်းနေရတာကို ပိုပြီး နှစ်သက်ပါတယ်။

blank

           လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ ဉာဏ်ရည်ထက်မြက်သူတွေဟာ ဘဝမှာ အသိမိတ်ဆွေများပြီး လူတွေကြားမှာနေရလေလေ၊ ကိုယ့်ဘဝကို ကျေနပ်အားရမှုနည်းလေလေဖြစ်ကြတယ်လို့ သိရပါတယ်။ ဒီလေ့လာတွေ့ရှိမှုက လူအများယုံကြည်နေကြတဲ့ “မိတ်ဆွေများလေလေ ပိုပြီး ပျော်ရလေလေ” ဆိုတဲ့အသိအတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။

ဟုတ်ပါတယ်။ တချို့လူတွေ- အထူးသဖြင့် ဉာဏ်ရည်မြင့်တဲ့သူတွေအတွက်တော့ လူမှုပေါင်းသင်းဆက်ဆံရေးက ဘဝနေပျော်မှုကို တိုးမလာစေပါဘူး။ လူဦးရေမစည်ကားတဲ့ ကျေးလက်တောရွာလေးတွေ၊ နယ်မြို့လေးတွေမှာ နေတဲ့သူတွေက ဘဝကို ပိုပြီး ကျေနပ်ပျော်ရွှင်နေတတ်တာကိုသာ ကြည့်လေ။

“မြို့ကြီးပြကြီးမှာနေတဲ့သူတွေထက် မြို့ငယ်လေးတွေမှာ နေတဲ့သူတွေက ပိုပြီး ပျော်ရွှင်ကြရတယ်။ မြို့ငယ်လေးတွေမှာ နေတဲ့သူတွေထက် ကျေးရွာမှာနေထိုင်တဲ့သူတွေက ပိုပြီး ပျော်ရွှင်ကြရတယ်။ ကျေးရွာမှာ နေထိုင်တဲ့သူတွေထက် ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာလေးတွေမှာ နေထိုင်ရတဲ့သူတွေက ပိုပြီး ပျော်ရွှင်ကြရတယ်။” လို့လည်း  ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တခြားသူတွေအတွက်တော့ သူငယ်ချင်းတွေအများကြီးနဲ့ ပေါင်းသင်းပြီး လူတွေကြားနေရတာဟာ ဘဝအတွက်ပျော်စရာဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ ဉာဏ်ရည်မြင့်သူတွေအတွက်တော့ ဒါဟာ ခြွင်းချက်ပါ။

ပြီးတော့ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုလည်း ပညာရှင်တွေက ရှင်းပြခဲ့ပါတယ်။ ဉာဏ်ရည်မြင့်တဲ့သူတွေက ရေရှည်ကိုကြည့်ပြီး ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေသတ်မှတ်၊ စီမံကိန်းတွေ ချထားလေ့ရှိပါတယ်။ သူငယ်ချင်းတွေအများကြီးနဲ့ အပျော်အပါးမက်နေတာက ကြာလာရင် ဒီအနာဂတ်အစီအစဉ်တွေကို ထိခိုက်နိုင်တယ်လို့ သူတို့က သိထားကြပါတယ်။

ဉာဏ်ရည်မြင့်သူတွေက ဆန်းသစ်တဲ့နည်းလမ်း၊ ထူးခြားတဲ့ဘဝနေထိုင်မှုပုံစံတွေနဲ့ တစ်သီးတစ်သန့်နေရတာကို ပိုပြီး ကြိုက်ကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေ၊ နောက်ဆက်တွဲလေ့လာမှုတွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ ဉာဏ်ရည်မြင့်တဲ့သူတွေကို သွားမေးကြည့်ပါ။ တော်တော်များများက တစ်ယောက်တည်း အေးအေးဆေးဆေးနေပြီး ဘဝရည်မှန်းချက်အတွက် ကြိုးစားချင်တယ်လို့ ဖြေကြပါလိမ့်မယ်။

သင်ကရော ဘယ်လိုလူမျိုးလဲ။ သင့်အမြင်လေးတွေကို မျှဝေပေးခဲ့ပါဦး။