ဇနီးသည်အလုပ်ဆက်လုပ်နိုင်ဖို့ အလုပ်ထွက်လိုက်တာ ကျွန်တော်မှားလား

blank

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလက်ထပ်ခဲ့တာ ၇ နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့မှာ (၅) နှစ်အရွယ်သားလေးတစ်ယောက်နဲ့ ၈ လအရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။ သမီးလေးမမွေးခင်အထိ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ ကုမ္ပဏီတစ်ခုမှာ အလုပ်အတူတူလုပ်ခဲ့ကြပါတယ်။ နောက်တော့ ကလေးတွေကို ဂရုစိုက်ဖို့ အိမ်မှာတစ်ယောက်ယောက်ရှိဖို့ လိုလာတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးဟာ နယ်ကတက်လာတဲ့လူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့  ဆွေမျိုးတွေကလည်း မြို့မှာမရှိတော့ ကျွန်တော်တို့ကိုယ့်အားကိုယ်ကိုးရပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေကို အထိန်းတွေ၊ အိမ်ဖော်တွေနဲ့လည်း မထားခဲ့ချင်ဘူး။ အထူးသဖြင့် လသားအရွယ်သမီးလေးအတွက် မိဘရဲ့အရိပ်လောက် ဘယ်အရာမှ မနွေးထွေးနိုင်ဘူးဆိုတာကို ကျွန်တော်တို့သဘောပေါက်ခဲ့တယ်။

ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်မှာ တစ်ယောက်တော့ ကလေးတွေနဲ့ အတူရှိဖို့၊ အိမ်ကအလုပ်တွေလုပ်ဖို့ လိုအပ်လာပြီဆိုတာကို သိလာတဲ့အခါမှာ ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက် ခေါင်းအေးအေးနဲ့ သေချာတိုင်ပင်ဆွေးနွေးခဲ့ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်တော်တို့ကြီးပြင်းလာခဲ့ပတ်ဝန်းကျင်မှာ မြင်ခဲ့သင်ခဲ့ရတဲ့ သဘောတရားတွေအရ အလုပ်အထွက်သင့်ဆုံးသူက ကျွန်တော့်ဇနီးသည်ပေါ့။  ဒါပေမဲ့ အမှန်တရားနဲ့ အနီးစပ်ဆုံး စဉ်းစားကြည့်လိုက်တဲ့အခါ ကျွန်တော်သာစီးပွားရှာမယ်ဆိုရင် ကျွန်တော့်ဇနီးလောက် ပေါက်မြောက်မှာမဟုတ်ဘူးဆိုတာနဲ့ ကျွန်တော့်ဇနီးသာ အိမ်မှုကိစ္စလုပ်မယ်ဆိုရင် ကျွန်တော့်လောက်ထိရောက်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သဘောပေါက်ခဲ့တယ်။

စီးပွားရေးမှာအကွက်မြင် ကျွန်တော့်ထက်ပိုပြီး အလုပ်မှာသွက်တဲ့အတွက် မန်နေဂျာရာထူးရောက်လုဆဲဆဲ ကျွန်တော်ဇနီးနဲ့ အိမ်အလုပ်တွေမှာ ထောင့်စေ့၊ ကလေးတွေကို ပိုပြီး ထိန်းသိမ်းနိုင်တဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အခြေအနေကိုသုံးသပ်ကြည့်လိုက်တဲ့အခါ အလုပ်အထွက်သင့်ဆုံးက ကျွန်တော်ပေါ့။ သမားရိုးကျအတိုင်းစဉ်းစားရင်တော့ ယောက်ျားက စီးပွားရှာ၊ မိန်းမက အိမ်အလုပ်လုပ်ပေါ့။ ဒါပေမဲ့ ပညတ်ချက်တွေက အရေးကြီးလား၊ ကျွန်တော်တို့အိမ်ထောင်ရေး တာသွားဖို့ ပိုအရေးကြီးလား။ ဘယ်သူက စီးပွားရှာရှာ ဖူလုံဖို့၊ ဘယ်သူက အိမ်အလုပ်လုပ် ထိရောက်ဖို့ အရေးကြီးတာပဲ မဟုတ်လား။

ဒါ့ကြောင့် ကျွန်တော်အလုပ်ထွက်ခဲ့တယ်။ ပတ်ဝန်းကျင်အတွက် တစ်မျိုးဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးအဆင်ပြေခဲ့တယ်။ ကျွန်တော့်သမီးလေးသုံးနှစ်လောက် အထိ ဒီအစီအစဉ်အတိုင်းသွားဖို့ ကျွန်တော်တို့စီစဉ်ထားခဲ့တယ်။ ကျွန်တော့်ဇနီးက လုပ်ငန်းမှာ တစ်စတစ်စအောင်မြင်လာသလို ကျွန်တော်လည်း ငယ်ငယ်ကတည်းက အမေ့ကိုကြည့်ပြီး အားကျခဲ့တဲ့ အိမ်ထောင်ရှင်ဘဝမှာ ပျော်နေခဲ့တယ်။

ဒါပေမဲ့ ခက်တာက ပတ်ဝန်းကျင်ဗျ။ ကျွန်တော်တို့ရွေးချယ်ထားတဲ့ ဘဝမှာ ကျွန်တော်တို့ပျော်နေပေမယ့် ကျွန်တော့်ကို “လက်ကြောမတင်းတဲ့ကောင်” တို့ “ မိန်းမထမီနား ခိုစားတဲ့ကောင်” တို့နဲ့ ထိုးနှက်ကြတယ်။ ကျွန်တော်တို့ကတော့ ဂရုမစိုက်ပါဘူးဗျာ။ အိမ်အလုပ်ဆိုတာ တစ်နေကုန်တစ်နေခမ်း မနားမနေလုပ်ရတဲ့အလုပ်ဆိုတာ လုပ်တဲ့သူပဲသိနိုင်တယ်။ အိမ်အလုပ်ဆိုတာ လစာမရပေမယ့် နားရက်မရှိ ခွင့်မရှိဘူးဆိုတာ ခံစားဖူးသူပဲသိနိုင်တဲ့ဗျ။ အိမ်ရှင်မတွေရဲ့ အလုပ်တွေကို လူတွေက ဘာကြောင့်ပေါ့ပေါ့တန်တန်သဘောထားကြတာလဲ ကျွန်တော်ခံစားလို့မရဘူး။

ကျွန်တော့်ဇနီးနဲ့ ကျွန်တော် နှစ်ဦးသဘောတူ တည်ထောင်ထားတဲ့ ဘဝကို ဘေးစကားတွေကြောင့် အယိုင်နဲ့မခံဘူးဗျ။ လူတွေက ဘေးထိုင်ဘုပြောနေရုံကလွဲပြီး ကျွန်တော်တို့ကို ဘာများကူညီပေးလို့လဲ။ ဝေဖန်မှုတွေကြောင့် ကျွန်တော်က မခံမရပ်ဖြစ်နေရင်လည်း ဘာတွေများထူးခြားလာမှာမို့လို့လဲ။ အရေးကြီးတာက ကျွန်တော်တို့အိမ်ထောင်ရေးမှာ အဆင်ပြေဖို့၊ ကျွန်တော်တို့ရဲ့ သားသမီးတွေ ကျန်းမာပျော်ရွှင်ဖို့ အဓိကမဟုတ်လား။

အဲ့ဒီတော့ ကျွန်တော်အလုပ်ထွက်ခဲ့တာ ကျွန်တော်မှားလားဗျ။