မိဘတိုင်းလိုက်နာသင့်တဲ့ ၃ မိနစ်တာနည်းလမ်းကောင်းတစ်ခု

အလုပ်ကပြန်လာရင် သင့်ကလေးအတွက် အချိန်ဘယ်လောက်ပေးဖြစ်လဲ။ တွက်ကြည့်မယ်ဆိုရင် ကလေးတွေအတွက် ညစာချက်ပေးဖို့ မိနစ် ၃ဝ၊ စာအုပ်တစ်အုပ်ဖတ်ပြဖို့ ၁၅ မိနစ်၊ ပြီးတော့ ညဘက်မှာအနမ်းလေးပေးဖို့ ခဏလေးပဲအချိန်ယူရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်တွေထက် ၃မိနစ်တာကာလလေးက တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးဖြစ်နေတတ်ပါတယ်။ အဲဒီ ၃ မိနစ်တာအချိန်လေးကကလေးတွေ ငယ်ကတည်းကနေဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိအရေးကြီးပါတယ်။

အဲဒီ (၃) မိနစ်ဆိုတာဒီလိုပါ။ သင်နဲ့ သင့်ကလေးအတူတူမရှိတဲ့အချိန် (သင်ဈေးသွားလို့ ကလေးကိုခဏထားခဲ့ရတဲ့အချိန်တွေပါ အပါအဝင်ပေါ့) အဲဒီအချိန်တွေပြီးရင် ၃ မိနစ်အချိန်ယူပြီးကလေးကိုစကားပြောပါ။ အပြင်ကပြန်လာတိုင်းသင့်ကလေးကိုပွေ့၊ မျက်လုံးချင်းဆုံအောင်ကြည့်ပြီးသင်နဲ့အတူတူမရှိတဲ့အချိန်တွေမှာဘာတွေဖြစ်လဲဆိုတာ ပြန်မေးပါ။ ဒီလိုပြန်မေးတဲ့အကျင့်လေးကိုကလေးကျောင်းကပြန်လာတိုင်း၊ သင် အပြင်ကပြန်လာတိုင်းလုပ်သွားပေးပါ။

ဘာလို့ ဒီလိုလိုအပ်တာလဲဆိုတော့ စိတ်ပညာအရကလေးတွေဟာသင်နဲ့ တွေ့တွေ့ချင်းမှာသင့်ကိုအကြောင်းအရာတွေ အကုန်ပြောပြလို့ပါ။ ဒီ ၃ မိနစ်အကျင့်လေးကိုမလုပ်ဘူးဆိုရင် ကလေးတစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေကိုလိုက်ပြီးအကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ သူတို့လေးတွေရဲ့တစ်နေ့တာအဖြစ်အပျက်လေးတွေကိုသင့်ကို ပြန်ပြောတတ်တဲ့အကျင့်မရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ၊ အရွယ်ရောက်လာတာနဲ့အမျှ သူတို့ရဲ့ အရေးကြီးတဲ့ကိစ္စတွေကိုလည်းသင့်ကိုပြောပြမှာမဟုတ်တော့ပါဘူး။ ဒီလိုနဲ့ မိဘနဲ့သားသမီးကြားမှာရင်းနှီးပွင့်လင်းမှုတွေ ရှိသင့်သလောက်မရှိတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တချို့ကလေးတွေဆိုရင် တစ်ချိန်လုံးမိဘတွေကို ပြန်ပြောနေတတ်တယ်။ သူတို့အကြောင်း၊  သူများအကြောင်း၊ သူတို့သိချင်နေတဲ့အကြောင်းတစ်နေ့လုံးကိုမနားတမ်းပြောနေတတ်ကြတယ်။ ဒီလိုကလေးမျိုးရှိတဲ့မိဘတွေအတွက်ဆိုရင်တော့ ကလေးတွေဘယ်လောက်ပြောပြောမိဘတွေကအချက်အလက်တွေကိုကောင်းကောင်းနားထောင်ချင်မှ နားထောင်နိုင်မှာလေ။ ဘာလို့လဲဆိုတော့ ကလေးတွေ စကားများလွန်းတာကြောင့် ဆူညံသံတွေလို့ပဲသတ်မှတ်ထားတတ်ကြလို့ပါ။

ဒီလို ၃မိနစ်အကျင့်လေးကိုပြောလို့ တစ်နေ့လုံးမှာကလေးအတွက် အချိန် ၃မိနစ်ပဲပေးရင် လုံလောက်ပြီလို့ မထင်လိုက်ပါနဲ့နော်။ သင့်ကလေးကသင့်ကိုပြောပြသင့်တယ်ထင်တဲ့ စကားတွေအတွက် ၃ မိနစ်အချိန်ပေးခိုင်းတာပါ။ ပြီးတော့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကိုသုံးပြီးသင့်ကလေးနဲ့သင့်ကြားမှာနားလည်မှုလေးတွေရှိအောင် ကြိုးစားကြည့်ပါ။

၁။ သင့်ကလေးနဲ့ သင်နဲ့ ဝါသနာပါတဲ့အလုပ်တစ်ခုခုကိုအတူတူလုပ်နိုင်ဖို့ အချိန်ပေးပါ။

၂။ ကလေးပြောသမျှကိုသင်နားထောင်တယ်၊ သင်နားလည်တယ်ဆိုတာကိုအသိပေးပါ။

၃။ ဟန်ဆောင်ပန်ဆောင်နဲ့ စိတ်ဝင်စားချင်ယောင်ဆောင်တာမျိုးကိုရှောင်ကြဉ်ပါ။

၎။ သင့်စကားကိုနားမထောင်တာ၊ နားလည်မှုလွဲနေတာဆိုရင်လည်းစကားတွေ အများကြီးပြောမနေပါနဲ့။

သင်ရောသင့်ကလေးအတွက် အချိန်ဘယ်လောက်ပေးဖြစ်လဲ။ ဒီ ၃မိနစ်နည်းလမ်းလေးကို သဘောကျတယ်ဆိုရင် တခြားမေမေတွေအတွက်လည်း SHARE ပေးလိုက်ပါဦးနော်။