ကိုယ့်ဘဝရပ်တည်ချက်အတွက် တန်ဖိုးထားရတဲ့အလုပ်နဲ့ အချစ်ရေးဘာကို ဦးစားပေးသင့်လဲ။

ကျွန်မက လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှုရနေတဲ့ မိန်းကလေးတစ်ယောက်ပါ။ ခေတ်မီသွက်လက်ပြီး ကူညီတတ်တဲ့ကျွန်မကို လုပ်ငန်းခွင်မှာကော လူမှုဝန်းကျင်အသိုင်းအဝိုင်းမှာပါ အားလုံးက ချစ်ခင်ကြပါတယ်။ ပရဟိတတွေလုပ်ရင်း ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတစ်ယောက်ပါ။ ကျွန်မကိုအားလုံးက ရုပ်ချောတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့ အားကိုးရာအစစ်ဆိုတာ အရည်အချင်းဆိုတာကိုလည်း ကျွန်မလက်ခံထားတယ်။ ကျွန်မတို့မေဂျာရဲ့ အလှမယ်ရခဲ့တဲ့ ကျွန်မကို ပိုးပန်းသူတွေ ဝိုင်းဝိုင်းလည်ခဲ့ပေမယ့် ပညာရေးဖက်ကိုပဲ ဦးစားပေးခဲ့တယ်။ ကျွန်မက အလယ်အလတ်တန်းစား မိသားစုက ဆင်းသက်လာတာဆိုတော့ မိဘတွေကလည်း ပညာအမွေပဲ ပေးပြီး ဘဝကို အောင်မြင်အောင် ကြိုးစားစေခဲ့တယ်။ ကျွန်မကျောင်းပြီးသွားတဲ့အခါမှာ အတော်အတန်ရာထူးကောင်းတဲ့ နေရာမှာ ကျွန်မအလုပ်ရခဲ့တယ်။ ကျွန်မရဲ့ အလုပ်က ကျွန်မနှစ်သက်ပြီး ကျွန်မကို ဂုဏ်သိက္ခာရှိစွာ ရပ်တည်စေနိုင်တဲ့အလုပ်မျိုး။ ကျွန်မရဲ့မိဘတွေကို လုံလုံလောက်လောက်ထောက်ပံ့နိုင်တဲ့အပြင် ကျွန်မရဲ့လိုအပ်ချက်တွေကိုလည်း ကျွန်မကောင်းကောင်းဖြည့်တင်းနိုင်တဲ့အလုပ်ဖြစ်တာကြောင့် ကျွန်မအလုပ်မှာ အရမ်းပျော်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မကံကောင်းတာလား။ ကံဆိုးတာလား မသိခင်မှာ ကျွန်မချစ်သူတစ်ယောက်ရခဲ့တယ်။ ငယ်ငယ်ကတည်းက တစ်အုပ်စုတည်းက သူငယ်ချင်းဖြစ်တာကြောင့် ကျွန်မတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေလည်း တကူးတကတည်ဆောက်နေစရာမလိုဘူးလို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မဘဝထက် ပိုပြီးချမ်းသာပေမယ့် သူ့ရဲ့မိဘတွေကလည်း သဘောထားပြည့်ဝပြီး ကျွန်မကို ချစ်ခင်မြတ်နိုးကြပါတယ်။ ပြဿနာက ကျွန်မချစ်သူက ကျွန်မကိုအရမ်းသဝန်တိုတတ်ပါတယ်။ သူငယ်ချင်းတွေကို အားတက်သရောကူညီနေကြကျွန်မဟာ သူငယ်ချင်းတွေအတွက် အချိန်မပေးနိုင်တော့ဘူး။ ကျွန်မရဲ့ Facebook password ကိုလည်း ယူထားပြီး အမြဲတမ်းအနောက်ကနေ တောက်လျှောက်ဖွင့်ကြည့်နေတတ်ပါတယ်။ ကျွန်မသူငယ်ချင်းတွေနဲ့ပြောတာက အစ လိုက်ဖတ်ကြည့်တယ်။ သူငယ်ချင်းယောက်ျားလေးတွေနဲ့ စကားပြောရင် ပြဿနာဖြစ်ရတယ်။ သူဖုန်းဆက်တဲ့အချိန်ကျွန်မ မကိုင်နိုင်ရင်လည်း အကြီးအကျယ်ပြဿနာ အရှာခံရပါတယ်။ သူ့မှာတော့ အီစီကလီလုပ်နေတဲ့ ကောင်မလေးတွေရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ သူနဲ့လက်ထပ်ပြီးရင်လည်း ကျွန်မကိုအလုပ်ထွက်ရမယ်လို့ပြောပါတယ်။ သူနဲ့လက်ထပ်ပြီးရင် ပြည့်ပြည့်စုံစုံနေရမယ်၊ အိမ်အလုပ်တွေကိုတောင်လုပ်စရာမလိုဘူးတဲ့။ သူ့ဘေးမှာနေရင်ရပြီတဲ့။ ကျွန်မလိုချင်တာက အဲ့ဒီလိုဘဝမျိုးမှ မဟုတ်တာ။

ကျွန်မလေ သူနဲ့လက်ထပ်ပြီးသွားရင် ပြီးပြည့်စုံစွာနေရမယ်ဆိုတာတော့ သေချာပေမယ့် ကျွန်မခံယူထားတဲ့ ဘဝတန်ဖိုးတွေကို စွန့်လွှတ်ရမယ်။ ကျွန်မနှစ်သက်တဲ့ ပရဟိတအလုပ်တွေ၊ သူငယ်ချင်းတွေကိုလည်း စွန့်လွတ်ရမယ်။ ကျွန်မကြိုက်တဲ့အလုပ်၊ ကျွန်မကို ဂုဏ်ယူဝံ့ကြွားစေတဲ့ အရည်အချင်းတွေကို အိမ်မှာပဲ ထုပ်သိမ်းထားရလိမ့်မယ်။ ကျွန်မသူ့ကိုအသည်းပေါက်အောင်ချစ်ပါတယ်။ တွဲလာတာကလည်း နှစ်ကြာလာပါပြီ၊ နှစ်ဖက်မိဘကလည်း ကျွန်မတို့အကြောင်း သိထားကြတယ်။ ကျွန်မသူ့အနားမှာ နေရင် ကျွန်မရဲ့အလှကလွဲရင် ကျန်တာတွေကို သူကစိတ်မဝင်စားဘူးလေ။ ကျွန်မတန်ဖိုးထားတဲ့ အရည်အချင်းဆိုတာက သူ့အတွက်အသုံးမလိုတဲ့အရာပဲလေ။

လမ်းဆုံလမ်းခွမှာ ထိုင်ပြီးစဉ်းစားနေမိတယ်။ ကျွန်မဘာလုပ်ရမလဲ။