အိမ်ရှင်မတစ်ယောက်ရဲ့ အကြီးဆုံးတာဝန်က ဘာလဲ

blank

ကျွန်မက အိမ်ရှင်မတစ်ယောက်ပါ။ ကျွန်မအခုဘာလုပ်နေတာလဲ သိလား။ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ပေါင်းတင်နေတယ်လေ။ အခုနက ရှယ်နှိပ်လျှော်နဲ့ ခေါင်းလျှော်ပြီးပြီ။ အိမ်ရှင်မတစ်ယောက်က အဲဒါတွေလုပ်နေတာ အားနေလားဆိုတော့။ မအားဘူးရှင့်။ ကျွန်မအိမ်မှာ မဆေးရသေးတဲ့ ပန်းကန်တွေ၊ လျှော်ဖို့ စိမ်ထားတဲ့ အဝတ်တွေ တပြုံကြီးရှိတယ်။ ကျွန်မကလေးတွေ ဆော့ထားတဲ့ အရုပ်တွေကလည်း ရှုပ်ပွနေတာပဲလေ။ ဒါပေမဲ့ ကျွန်မက ဒီကိုလာပြီး ဘာကြောင့်ဇိမ်ခံနေရတာလည်းဆိုတော့ ကျွန်မစိတ်ကို အနားပေးဖို့ လိုနေလို့လေ။ တစ်ပတ်လုံးမှာ ကလေးတွေရဲ့ ဝေယျာဝစ္စတွေ၊ အိမ်အလုပ်တွေနဲ့ လုံးပန်းနေခဲ့တာဆိုတော့ ကျွန်မအပန်းဖြေဖို့ တစ်ခုခုတော့ လိုနေပြီမလား။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စာဖတ်သူကတော့ စဉ်းစားနေပြီမလား။ ကျွန်မဟာ အိမ်ထောင်ရှင်မ မပီသတဲ့အမျိုးသမီးတစ်ယောက်…

မိခင်ကောင်း မပီသတဲ့ အမျိုးသမီးတစ်ယောက်…

အချိန်တွေ ငွေတွေဖြုန်းတဲ့ အိမ်ရှင်မတစ်ယောက်ဆိုပြီး စိတ်ထဲကနေ အမည်နာမ အမျိုးမျိုးတပ်ပြီးပြီမလား။

တကယ်တော့ ကျွန်မသားသမီးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ကျွန်မစိတ်တွေရှင်းနေဖို့လိုတယ်။

ကျွန်မတက်ကြွလန်းဆန်းနေဖို့လိုတယ်။ စိတ်လေးအေးချမ်းပြီး ကြည်လင်နေဖို့လိုတယ်။ ကျွန်မကိုယ်တိုင်က အိမ်အလုပ်တွေနဲ့ အမြဲလုံးပန်းပြီး ကိုယ့်အတွက်အချိန်လုံးဝမပေးဘဲ စိတ်တွေ ရှုပ်ထွေးလုံးပန်းနေတယ်ဆိုရင်….

ကျွန်မကလေးတွေ ကျောင်းကပြန်လာတဲ့အခါ တစ်နေကုန်အိမ်ရှင်းပြီး ပင်ပန်းနေတဲ့ ကျွန်မ သူတို့မေးတဲ့မေးခွန်းတွေကို စိတ်မရှည်ဘဲ သူတို့ကို ကျွန်မအော်မိလိမ့်မယ်။

ကျွန်မအမျိုးသားရုံးကပြန်လာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်နေတဲ့ ကျွန်မသူ့နဲ့ စကားစမြည်ပြောဖို့ သူရုံးက အဆင်မပြေမှုတွေကို နားထောင်ပေးဖို့ ကျွန်မစိတ်မရှည်ဖြစ်နေလိမ့်မယ်။

ကျွန်မအိမ်က ရှင်းလင်းနေပြီး ကျွန်မကိုယ်တိုင်က စိတ်ထွေးနောက်ကျိနေတယ်ဆိုရင်

နှစ်ပေါင်းများစွာ ကြာတဲ့အခါ ကျွန်မကလေးတွေ အရွယ်ရောက်လာတဲ့ အခါမှာ သူတို့ငယ်ငယ်က သူတို့မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေပေးတတ်တဲ့ အမြဲတမ်းပြုံးရွှင်ကြည်လင်နေတတ်တဲ့ သူတို့အမေကို သတိရမှာလား ရှုပ်ရှပ်ခတ်နေတဲ့ အိမ်အကြောင်းကို မှတ်မိမှာလား။

သူတို့ကို အမြဲ စိတ်မရှည်ဖြစ်နေတတ်ပြီး ဆူပုတ်နေတတ်တဲ့ အမေကိုသတိရမလား။ ရှင်းလင်းနေတဲ့ အိမ်အကြောင်းကို အမှတ်ရနေမှာလား။

စိတ်ကြည်လင်တက်ကြွနေတဲ့ မိခင်တစ်ယောက်ပျိုးထောင်ပေးလိုက်တဲ့ ကလေးတွေနဲ့ အမြဲတမ်းဒေါသထွက်နေတတ်ပြီး ပူညံပူညံလုပ်နေတတ်တဲ့ မိခင်တစ်ယောက်ရဲ့ ထိန်းကျောင်းမှုအောက်မှာ နေရတဲ့ ကလေးတွေဟာ ဘယ်လိုမှတူညီမှာ မဟုတ်ဘူးဆိုတာ ကျွန်မလောင်းရဲပါတယ်။

ဒါကြောင့် ကျွန်မကတော့ ဘယ်လောက်ပဲမအားပါစေ ကိုယ့်ကိုယ်အတွက် အချိန်ရအောင်…

ကျွန်မရဲ့ စိတ်နဲ့ကိုယ်ကို အနားပေးဖို့၊ စိတ်ကိုရှင်းလင်းအောင်ထားဖို့ အချိန်ရအောင်….

ကျွန်မအနီးအနားက လူတွေကို အကောင်းဆုံးဂရုစိုက်နိုင်အောင် ကျွန်မကိုယ်ကျွန်မဂရုစိုက်ပေးတယ်။

ဒါကြောင့် စာချစ်သူတို့လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ဘူးဆိုတာ သတိရပေးပါနော်။ ပင်ပန်းနွမ်းနယ်ပြီး နားချင်စိတ်ဖြစ်လာရင် အလုပ်တွေအားလုံးကို အနားပေးပြီး စိတ်ချလက်ချအနားယူလိုက်ပါ။ အိမ်အလုပ်တွေပြီးပေမယ့် သင်ကိုယ်တိုင်က ရှုပ်ထွေးနောက်ကျိနေတယ်ဆိုရင် သင့်မိသားစုအတွက် အကျိုးမထူးနိုင်ပါဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ပျော်ရွှင်နေတဲ့ အိမ်ရှင်မတစ်ယောက်ကို မိသားစုတိုင်းက အလိုရှိတယ်လေ။