ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြောင်းလဲဖြစ်တည်လာပုံ အဆင့်ဆင့်

blank
အဆင့် (၁) – တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေ ဖွဲ့တည်လာမယ်။

တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး သိပ်မကြာခင်အချိန်လေးမှာ ဒီအဆင့်ကို ရောက်သွားပါတယ်။ သူ့ကိုတွေ့တာနဲ့ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေ(endorphins) အများအပြား ထွက်လာပြီး သူ့ကို အမြဲတမ်းတွေ့ချင်နေတတ်ပါတယ်။ ကိုယ့်ဆန္ဒတွေအားလုံးကို သူကဖြည့်ဆည်းပေးနိုင်မယ်၊ သူနဲ့ဆိုရင် ဖိနပ်မပါဘဲ ကမ္ဘာပတ်ရဲတယ်ဆိုတဲ့ ချစ်သတ္တိတွေဖြစ်ပေါ်နေတဲ့ အဆင့်ပေါ့။

အဆင့် (၂) – ချစ်သူဘဝကို ရောက်သွားမယ်။

ချစ်ခြင်းတွေ ပိုမိုခိုင်မာသွားတဲ့ အဆင့်ဖြစ်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာပြီး သူ့ရဲ့ဘဝတိုးတက်ပျော်ရွှင်စေဖို့ ဘာမဆိုလုပ်ပေးချင်တဲ့စိတ်ရှိနေတတ်ပါတယ်။ နှစ်ကိုယ့်တစ်စိတ်နဲ့ ပျော်ရွှင်မှုတွေကို ဖန်တီးနေတဲ့အချိန်ပေါ့။ သံယောဇဉ်တွေ ခိုင်မာလာပြီး ကိုယ့်ဘဝကို လုံခြုံသွားပြီလို့ မှတ်ယူထားတတ်ပါတယ်။ သူကသာ ကိုယ့်ရဲ့ ဖူးစာရှင်လို့ မှတ်ယူထားလိုက်တော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဆင့် (၃) – တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း သိမြင်လာမယ်။

ဒီအဆင့်ကို ရောက်ပြီဆိုရင် အရင်က စိတ်ကူးယဉ်ခဲ့တဲ့ မျှော်လင့်ချက်အချို့ ပျောက်ဆုံးသွားတတ်တယ်။ သူ့အကျင့်တွေအကုန်လုံးကို သိလာပြီး “ကြာကြာဝါးမှ ခါးမှန်းသိ” ဆိုသလို ဖြစ်နေတတ်တဲ့အဆင့်ပေါ့။ ငြင်းခုံရန်ဖြစ်တာတွေ များလာပြီး လမ်းခွဲဖို့တောင် တွေးမိတတ်လာကြပါတယ်။ အချစ်ရေးတစ်ခု တည်မြဲခြင်း၊ မတည်မြဲခြင်းကို ဒီအဆင့်က ဆုံးဖြတ်ပေးတာပါ။ ဒီအဆင့်ကို လက်တွဲမပြုတ်ဘဲ ကျော်ဖြတ်နိုင်တဲ့ချစ်သူတွေက တစ်ဘဝလုံးစာ လက်တွဲမယ့် ချစ်သူတွေဖြစ်သွားတတ်ကြပါတယ်။ အချစ်ရေးမှာ ကံမကောင်းဘူးလို့ ညည်းတွားနေတတ်သူတော်တော်များများက ဒီအဆင့်မှာတင် ကိုယ်လွတ်ရုန်းသွားတတ်ကြသူတွေပါ။ အချစ်စစ်ရဲ့လမ်းက မဖြောင့်ဖြူးဘူး မဟုတ်လား။

အဆင့် (၄) – နားလည်မှုရောနှောထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ထာဝရအတွက် တည်ဆောက်ကြတော့မယ်။

တစ်ယောက်အကြောင်းတစ်ယောက် သိသွားသည့်တိုင် ချစ်ခြင်းမပျက်ဘဲ လက်တွဲလာနိုင်တဲ့ ချစ်သူတွေအနေနဲ့ တစ်ဘဝစာအတွက် ချစ်ခြင်းမေတ္တာတွေကို တည်ဆောက်ကြတဲ့အဆင့် ဖြစ်ပါတယ်။ လက်တွဲထားတဲ့ချစ်သူက စိတ်ကူးထဲကချစ်သူမျိုးမဟုတ်ပေမဲ့ စစ်မှန်တဲ့ချစ်သူတစ်ယောက်အဖြစ် မှတ်ယူထားတတ်ကြပါတယ်။ အမှားတွေကို နားလည်ခွင့်လွှတ်ပေးတတ်လာမယ်။ ရန်ဖြစ်လေပိုချစ်လေဆိုတဲ့အတိုင်း ပဋ္ဋိပက္ခတွေ ဘယ်လောက်ရှိရှိ ပြန်အဆင်ပြေသွားတတ်ပြီး ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံးတည်ဆောက်ထားပြီဖြစ်တဲ့ အဆင့်ဖြစ်ပါတယ်။

အဆင့် (၅) – လောကကြီးရဲ့ အကောင်းအဆိုးမှန်သမျှကို နှစ်ယောက်အတူတွဲပြီး ရင်ဆိုင်ကြတော့မယ်။

ပဋ္ဋိပက္ခတွေ၊ ငြင်းခုံမှုတွေကို ချစ်ခြင်းမေတ္တာနဲ့ ကျော်ဖြတ်လာပြီးတဲ့နောက် လောကကြီးရဲ့ ဖြစ်ပျက်သမျှကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတဲ့အချိန်ပါ။ မရင့်ကျက်တဲ့ ရင်ခုန်ခြင်းတွေနေရာမှာ နားလည်မှုတွေ၊ ဖေးမစာနာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ချစ်ခြင်းမေတ္တာတွေက နေရာယူလာတယ်။ နှစ်ယောက်အတူတူဆိုရင် ကမ္ဘာကြီးကိုတောင် ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားနိုင်တဲ့ အဆင့်ပါ။ မိသားစုဘဝတည်ထောင်ပြီး ချစ်ခြင်းမေတ္တာကပေါက်ဖွားလာတဲ့ ရင်သွေးငယ်လေးတွေကို နှစ်ယောက်အတူတူ ပြုစုပျိုးထောင်ရင်း မိသားစုကမ္ဘာလေးကို တည်ဆောက်ကြတော့မယ့် အဆင့်လည်းဖြစ်ပါတယ်။

ကဲ… ဂန္ထဝင်ပရိသတ်ကြီးရေ။ သင်ရော ဘယ်အဆင့်ကိုရောက်နေပြီလဲ။ Comment box ချစ်သူကို mention ခေါ်ရင်း ဖြေသွားပါဦးနော်။ ချစ်သူဖတ်ဖို့လည်း SHARE ပေးလိုက်ပါဦး။