သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကြားက ကြေကွဲဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်

blank

ကျွန်မ ကျွန်မယောက်ျားကို သိပ်ချစ်ပါတယ်။ ဘယ်လောက်တောင် ချစ်လဲဆို သူ့အိပ်နေရင်း ဟောက်နေတာတောင် ကျွန်မ အပြစ်မမြင်ဘဲ အဲဒီ ဟောက်သံလေးတွေကိုပါ ချစ်နေတော့တာ။ ဒါပေမယ့် မနက်ကျရင်တော့သူ့ကို အပြစ်ပေးတဲ့အနေနဲ့ အိပ်ယာက လန့်နိုးအောင် စတတ်တယ်။

မနက်ဆို ကျွန်မတို့ အိပ်ခန်းလေးထဲမှာ စနောက်သံတွေနဲ့ ဆူညံနေတာပါပဲ။ သူက

” ဟေး ပြန်တောင်းပန်နော်။ ကိုယ် ဆက်အိပ်လို့မရတော့ ဘူး။ လာ ခဲ့ ခုတောင်းပန်။”

ဆို ကျွန်မလက်တွေကို ချုပ်ထားတတ်တယ်။ ကျွန်မက အော်ဟစ်ရင်း ” အို ကေ နောက်တစ်ခါ လန့်နိုးအောင် မလုပ်တော့ဘူး…”

သိပ်ကို ပျော်စရာကောင်းတယ်။

ပြီးသွားရင်တော့ သူ့အတွက် မနက်စာ ပြင်ဆင်တယ်။ ကျွန်မကြားဖူးတာတော့ ကြက်ဥဟာ အခြားအစာ တစ်မျိုးနဲ့ပဲ ရောကြော်ရတယ်တဲ့။ သူကတော့ ကြက်ဥထဲမှာ အသီးအနှံ ပေါင်းစုံ ထည့်ကြော်တာကို နှစ်သက်တယ်။ သူ့အမေ လုပ်ကျွေးနေကျမို့တဲ့လေ။ သူကတော့ အဲ့ဒါကို “အစုံ ရောကောသောကော ပါတဲ့ ကြက်ဥ” လို့ ခေါ်တယ်။ ကျွန်မကတော့ “ရွံစရာကြီး” လို့ ခေါ်ပြီး သူ့ကို စလေ့ရှိတယ်။ ကဲ ဘယ်လောက် အူကြောင်ကြောင်နိုင်လိုက်လဲ။ ဒါပေမယ့် ကျွန်မ ချစ်တယ်သူ့ကို။ စားခါနီးတိုင်းလည်း “ဟာ ကောင်းလိုက်တာ။ ကိုယ့်အကြိုက်ဆုံး အစားအစာပဲ” ဆို ပြောတတ်ပါသေးတယ်။

ပြီးတော့ ယောက်ျားတစ်ယောက် ရဲ့ အဝတ်လေးတွေ ဖြူစင်တောက်ပနေရင် သူ့မိန်းမ သူ့ကို အရမ်းချစ်တယ်လို့ လူတွေက ပြောကြတယ်တဲ့။ သူ့ကို ကျွန်မ ဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်အောင် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ သူ့အဝတ်တွေကို လျှော်ပေးလေ့ရှိတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေ သူ့ကို “မင်းမိန်းမ မင်းကိုအရမ်းချစ်တာပဲနော် ” လို့ပြောနေမှာ မြင်ယောင်ပါသေးတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူက ကျွန်မကို အိမ်မှုကိစ္စတွေ ကူလုပ်ပေးချင်တယ်။ ဒါပေမယ့် ကျွန်မခွင့်မပြုပါဘူး။

သူလည်း ကျွန်မကို အရမ်းချစ်ပါတယ်။ ကျွန်မအလုပ်သွားရင် နောက်ကနေ ကြည့်ပြီး “ငါ့မိန်မ… မင်းကတော့ အမြဲလှပ ကျက်သရေရှိနေတာပဲ”ဆို ပြောလေ့ရှိတယ်။

တစ်နေ့ ကျွန်မအလုပ်သွားရင်း ခေါင်းထဲက မိုက်ကနဲဖြစ်လာပြီး ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ဘူး ဖြစ်သွားတယ်။ လမ်းကူးဖြတ်ရာမှာလည်း မူးနောက်ပြီး ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်ဖြစ်သွားတယ်။ ဒါနဲ့ ကျွန်မ ဆရာဝန်သွားပြတယ်။

ဆရာဝန်ပြောတဲ့ ရောဂါ ကျွန်မကောင်းကောင်းတောင် အသံမထွက်တတ်ပါဘူး။ ထူးဆန်းလိုက်တဲ့ ရောဂါ (FCED or Fuchs’ corneal endothelial dystrophy) လို့ခေါ်တယ် တဲ့။
အခု အဲဒီရောဂါကြောင့် ကျွန်မမျက်စိတွေ ကွယ်သွားပါပြီ။

ကျွန်မသူ့ကို မနက်ဆို မစနောက်ချင်တော့ဘူး။

သူက လာစရင်တောင် ကျွန်မ ပြန်အော်မိတယ်။

အလိုလိုအားငယ်နေမိတာလေ။ သူ့ကိုလည်း ဘယ်လိုပြောထွက်မှာလဲ။

ကျွန်မအော်တဲ့အခါ သူ က တောင်းပန်တယ်။ ဝမ်းနည်းလိုက်တာမပြောပါနဲ့တော့။

ဒါပေမယ့် ကျွန်မအိပ်ယာက ထပြီး ခါတိုင်းလိုပဲ သူ့အတွက်မနက်စာ ပြင်ပေးတယ်။ သူကြိုက်တတ်တဲ့ ကြက်ဥ အစုံကြော်ကို ကျွန်မ ကောင်းကောင်း မကြော်နိုင်တော့ဘူးလေ။ ကျွန်မ ပစ္စည်းတွေလွတ်ကျတော့ သူ ပြာပြာသလဲနဲ့ ကူရမလားမေးတယ်။ ကျွန်မ လက်မခံဘူး။ သူဝမ်းနည်းသွားပုံပါပဲ။

နောက်သူ့အဝတ်တွေ လျှော်တယ် အရင်လို ဖြူဖြူ လွလွလေးလျှော်ပေးချင်ပေမယ့် ကျွန်မ မတတ်နိုင်တော့ဘူးလေ။ သူ့သူငယ်ချင်းတွေ ထင်တော့မှာပဲ “သူ့မိန်းမတော့သူ့ကို မချစ်တော့ဘူး”လို့လေ။ ကျွန်မ သိပ်ကို ဝမ်းနည်းရပါတယ်။

ကျွန်မသူ့ကို စကားမပြောတာကို သူဘယ်လိုမှ မခံစားနိုင်တော့ဘဲ ကျွန်မကို ဇွတ်မေးတယ်။ မတတ်နိုင်ဘူး ကျွန်မလည်း ပြောပြလိုက်ရတော့တယ်… အခုကျွန်မတွေးမိနေတာက… ကျွန်မသူ့အတွက်ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီ။ အခုဆို ကျွန်မက လူနာကြီးတစ်ယောက်လိုပဲ။ သူ့ဘဝကို မျက်မမြင်သူ တစ်ယောက် အနားမှာပဲ မကုန်ဆုံးစေချင်ဘူး။ သူ့ဘဝသာယာဖို့ သူနဲ့ ထိုက်တန်တဲ့ အခြားတစ်ယောက်နဲ့ လက်တွဲသင့်ပြီလို့ ကျွန်မထင်တယ်။
ယောက်ျားဖြစ်သူ စိတ်ထဲမှာတော့…

ကျွန်တော့မိန်းမ မျက်စိကွယ်သွားပြီ။ သူက အရမ်း ဝမ်းနည်းအားငယ်ပြီး ကျွန်တော့အကူအညီကို လုံးဝလက်မခံဘူး ဖြစ်နေတယ်။ ကျွန်တော် မနက်တိုင်း အစောကြီးထပြီး သူမကို “ကိုယ်မင်းကို အရမ်းချစ်တယ်။ အရာရာ အဆင်ပြေသွားမှာပါ။ ကိုယ်အမြဲ မင်းနားမှာဘဲ ရှိနေမှာပါ” လို့ ပြောချင်တယ်။

ပြီးရင် သူလုပ်နေကျ အိမ်မှုကိစ္စတွေ အားလုံး လုပ်ပေးချင်တယ်။ ဒါပေမယ့် သူမ လက်ခံမှာမဟုတ်ဘူး။ သူမ လိုင်းကားစီးရင်တောင် ခုထိ တစ်ယောက်ထဲ သွားနေတုန်း။ ကျွန်တော် အဲမြင်ကွင်းကိုမြင်ရရင် နှလုံးသွေးပျက်မတတ်ပဲ။ ဘယ်လောက်စိတ်ပူရမလဲဗျာ။ ဒီလောက်ရှုပ်ထွေးလှတဲ့ ယာဉ်ကြောတွေမှာ လမ်းဖြတ်ကူးတဲ့ အချိန်တွေဆို ကျွန်တော့မှာ ရင်တထိတ်ထိတ်နဲ့။ ဒါကြောင့် နေ့တိုင်း သူမ ဘတ်စ ကား စစီးပြီ ဆိုတာနဲ့ သူ့နောက်ကနေ သူမသိအောင်ကပ်လိုက်တယ်။ လမ်းကူးခါနီးရင်လည်း ကားတွေကို တားထားပေးတယ်။ ကျွန်တော်ထင်တယ် အချစ်စစ်အချစ်မှန်ဆိုတာ ခံစားမှုတစ်ခုထက် သာလွန်ပါတယ်။ သူ အဆင်ပြေဖို့အတွက် အသိမှတ်ပြု မခံရဦးတော့ လိုက်ဖြည့်ဆည်း ပေးချင်နေတော့တာပါပဲ။ သူမကို ကျွန်တော်ဘယ်လောက်ချစ်လဲ ဆိုတာ သူမ သိနိုင်မှာမဟုတ်ပါဘူး။ သိဖို့လည်း မမျှော်လင့်ပါဘူး။ သေချာတာကတော့ ကျွန်တော်သူ့ကို သေတဲ့အထိ သူမအနားမှာ နေပြီး ဖြည့်ဆည်းသွားဦးမှာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။