အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ )

တနင်္လာသားသမီး

ဒီတစ်ပတ်အတွင်း အလုပ်မှာ စိန်ခေါ်မှုတွေ ကြုံတွေ့ရမယ့်ကာလပဲ ဖြစ်ပါတယ်။ ဒီကာလကို စိတ်ရှည်ရှည်နဲ့ ဖြတ်သန်းလိုက်မယ်ဆိုရင် အနာဂတ်မှာ အမြင်သစ်တွေ ပွင့်လန်းလာပါလိမ့်မယ်။ အချစ်ရေးမှာ ပျော်ရွှင်ကြည်နူးနေရမယ့် အချိန်ပါပဲ။

ယတြာ- ဘုရားဝင်းအတွင်း သန့်ရှင်းရေးလုပ်ပါ။

အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ မိတ်ဆွေအချို့နဲ့ နားလည်မှုလေးတွေ လွဲနေတတ်ပါတယ်။ သင့်ဘက်က အချိန်ပေးဖြေရှင်းလိုက်မယ်ဆိုရင် ပြေလည်သွားတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူအပေါ်၊ အိမ်ထောင်ဖက်အပေါ် ခံစားချက်တွေကို  ပွင့်ပွင့်လင်းလင်းပြောဆိုပေးပါမှ အဆင်ပြေနိုင်ပါလိမ့်မယ်။

ယတြာ- လမ်းဘေးသောက်ရေအိုးစင်တွေကို ရေဖြည့်ပါ။

ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ စိတ်နဲ့လူနဲ့မကပ်ဘဲ ဦးတည်ချက်မဲ့ လုပ်မိနေတတ်တာကြောင့် ပြောချင်တာတွေ၊ ဖြစ်ချင်တာတွေ ရှေ့မရောက်ဖြစ်နေတတ်ပါတယ်။ ပြဿနာတွေကို ကူညီဖြေရှင်းပေးမယ့်သူတစ်ယောက် သင့်ဘဝထဲကို ရောက်လာပြီး ဖူးစာဆုံသွားတတ်ပါတယ်။

ယတြာ- အိမ်ဘုရားမှာ ဒေါနပန်းကပ်လှူပါ။

ကာသပတေးသားသမီး

သင့်ရဲ့မေတ္တာစိတ်ကြောင့် ဘေးလူအားလုံး စိတ်ကျေနပ်နေရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ သင့်ကို စိတ်ဖိစီးစေမယ့် ပြဿနာတွေ နည်းနေတတ်ပါတယ်။ ဖူးစာရှင်ပေါ်လာပြီး သာယာတဲ့အချစ်ခရီးလမ်းကို လျှောက်လှမ်းရမယ့် အချိန်ဖြစ်ပါတယ်။

ယတြာ- မွေးနေ့မှာ ခိုစာကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

ဒီတစ်ပတ်မှာ အလုပ်နဲ့ပတ်သက်ပြီး ပြဿနာတွေကြုံရတတ်ပေမယ့် ချက်ကျလက်ကျဖြေရှင်း နိုင်တာကြောင့် ပြေလည်သွားတတ်ပါတယ်။ အခွင့်အရေးတွေကို ငြင်းပယ်မိတာကြောင့် လက်လွတ်သွားရတတ်ပါတယ်။ သင့်ထက်အသက်ငယ်သူတစ်ယောက်ကို ကူညီထောက်ပံ့ပေးရင်း ရေစက်ဆုံသွားတတ်ပါတယ်။

ယတြာ- အင်္ကျီအနီရောင်တစ်ထည် လက်ဆောင်ပေးလိုက်ပါ။

စနေသားသမီး

ဒီတစ်ပတ်မှာ ခရီးတွေ ဆက်တိုက်သွားနေရလို့ လတ်တလောခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျနေတတ်ပါတယ်။ ငွေနဲ့လက်နဲ့ မမြဲဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာ အပြန်အလှန်အလျှော့ပေးရင်း ပြေလည်မှုရတတ်ပါတယ်။

ယတြာ- မွေးနေ့မှာ ဆွမ်းချိုင့်ပို့ပါ။

တနင်္ဂနွေသားသမီး

သင့်ရဲ့ဟာသဉာဏ်ရွှင်မှုကြောင့် သင့်နဲ့တွေ့တဲ့သူအားလုံး ပြုံးပျော်နေရတတ်ပါတယ်။ အချစ်ရေးကြောင့် အလုပ်ကိစ္စတွေ နှောင့်နှေးနေတတ်ပါတယ်။ ဒါကြောင့် ဘက်မျှစွာ နေထိုင်ပါ။ ရလဒ်ကောင်းတွေရဖို့ သင့်ဘက်က အားစိုက်ထုတ်ပါ။

ယတြာ- ဘိုးဘွားရိပ်သာတစ်ခုမှာ ဆန်ပြုတ်ကုသိုလ်ပြုပါ။