၁၂ ရာသီခွင်ဖွားများ၏ ပင်ကိုယ်လက္ခဏာလေးများ

blank

Aries – မတ်လ (၂၁)  မှ ဧပရယ် (၁၉)

မတ်လ (၂၁)  မှ ဧပရယ် (၁၉) ရက် အတွင်း မွေးဖွားသူတွေဟာ အမှီခိုကင်းကင်းရပ်တည်လိုကြတယ်။ အပေးအကမ်းရက်ရောပြီး အရာရာ အကောင်းမြင်တတ်သူတွေ ဖြစ်ကြပါတယ်။

သတိထားသင့်တာကတော့ စိတ်လှုပ်ရှားလွယ်ပြီး အာရုံများတတ်တာမျိုး၊ စိတ်တိုဒေါသထွက် လွယ်တာမျိုး၊ အရာကိုယ်တိုင်လုပ်ရမှ အားရတတ်တာမျိုးလေးတွေပေါ့။

အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် တစ်ချိန်လုံး အဲဒီလူက သူတို့ကို စိုးမိုးထားတတ်တယ်။ သူ့အကြောင်းတွေးနေရင် လောကကြီးနဲ့ အဆက်သွယ်ပြတ်သွားပြီး အရာအားလုံး မေ့ကုန်တတ်ကြတယ်လေ။

Taurus – ဧ ပရယ် (၂၀ )မှ မေလ(၂၀)

ဧ ပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေဖွားသူတွေဟာ

အရာရာကို ဇွဲလုံ့လအပြည့်နဲ့ လုပ်ဆောင်လေ့ရှိတယ်။ သူတို့ဟာ  ထူးချွန်ထက်မြက်ပြီး အားကိုးယုံကြည်လို့ရတဲ့ သူတွေဖြစ်တယ်။

သတိထားရမှာကတော့ ခေါင်းမာတတ်ပြီး ကိစ္စတစ်ခုကိုလွယ်လွယ် လက်မခံတတ်တာ တိုးတတ်လိုစိတ် အရမ်းများလွန်းပြီး ပြိုင်ဆိုင်နေချင် နေတာမျိုးလေးတွေပေါ့။

သူတို့လူတယောက်ကို ချစ်မိပီဆိုရင်တော့ သူတို့ရဲ့နေ့စဉ်လုပ်ငန်း ဆောင်တာတွေ ဂရုမစိုက်မိလောက်တော့တဲ့ အထိ ပျော်ဝင်သွားတတ်ကြတယ်။

သူတို့အတွေးတွေ လှုပ်ရှားမှုတွေ အားလုံးလဲ ဒီထဲမှာပဲရှိနေတော့တဲ့ထိပေါ့။

Gemini – မေလ (၂၁) မှ ဇွန်လ (၂၀)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက်အတွင်းမွေးဖွားသူတွေဟာ

ညဏ်ရည်ထက်မြတ်ပြီး အရာရာဦးဆောင်နိုင်သူတွေပါ။ ဟာသညဏ်ရွှင် ပြီး လိုက်လျောညီထွေ နေတတ်တဲ့အတွက် သူတို့ဟာ လူချစ်လူခင် ပေါများသူတွေပါ။

သတိထားရမယ့် အချက်တွေကတော့ တခုခုဆုံးဖြတ်ချက် ချတော့မယ်ဆို အတွေးတွေများပြီး မပြတ်သားတတ်တာမျိုး။ စိတ်ရှုပ်မှု ဒါဏ်မခံနိုင်တာ မျိုးလေးတွေပေါ့။

အချစ်ရေးနဲ့ပတ်သက်ရင် သူတို့က ချစ်ရတာထက် ချစ်ခြင်းခံရတာများပါတယ်။ သူတို့ပြုံးဟန်လေးတွေ ရှက်သွေးဖြန်းသွားတာလေးတွေက စွဲမက်စရာသိပ်ကိုကောင်းပါတယ်တဲ့။ လွတ်လပ်တဲ့ ဟန်ပန်လေးတွေနဲ့ အမြဲချစ်စရာ ကောင်းနေတတ်တယ်လေ။

Cancer – ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက်အတွင်းမွေးသူတွေဟာ

ထူးချွန်ထက်မြက်ပြီး ယုံကြည်အားကိုးလို့ ရတဲ့သူတွေပါ။ သူတို့ဟာ လူတွေကို ဂရုစိုက်တတ်ပြီး အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်ပါတယ်။ အရာရာကို လေးနက်ပြတ်သားစွာလုပ်ဆောင်လေ့ရှိပါတယ်။

သတိထားသင့်တာလေးတွေကတော့ စိတ်ခံစားမှုတွေ အရမ်းအလေးပေးတတ်ပြီး တစ်ခုတစ်ကိုအရမ်းစွဲလန်းနေတတ်တာ မျိုးတွေပေါ့။

ဒီရာသီဖွားတွေကတော့ လူတစ်ယောက်ကို သူတို့သဘောကျပြီဆို အရာအားလုံးပြီးပြည့်စုံနေတာပဲ လို့ခံစားလေ့ရှိတယ်။ အဲဒီအချိန်မှာ သူတို့အပြစ်တွေလဲ အလိုလို ဖြေဖျောက်တွေးပြီးသား ဖြစ်နေတတ်တယ်။

Leo – ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်းမွေးဖွားသူတွေဟာ ရည်မှန်းချက်သိပ်ကိုမြင့်မားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေပါ။ သူတို့ဟာ ပေးကမ်းရက်ရောပြီး လူတွေကို အားပေးကူညီရတာကို နှစ်သက်ကြပါတယ်။

သတိထားသင့်တဲ့ အချက်လေးတွေကတော့ သူတို့စိတ်ထဲရှိတာ ကိုပွင့်လင်းစွာမပြောဆိုတတ်တာ။ သူတပါးကိုအမိန့်ပေးချင်တာ။ မာနကြီး ပြီး ခေါင်းမာတတ်တာတွေပါ။

သူတို့တွေ လူတစ်ယောက်ကို စိတ်ဝင်စားနေပြီဆို သူတို့သိပ်လှချင်လာကြတယ်။ ကိုယ့်ကိုယ်ကို အရမ်းဂရုစိုက်လာကြတာလေ။ အသေးအဖွဲကိစ္စလေးတွေက အစ ဂရုတစိုက်နဲ့သူ့အတွက်ဖြည့်ဆည်း ပေးလေ့ရှိတယ်လေ။

Virgo – သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူတွေဟာ

စူးစမ်းလေ့လာမှုအားကောင်းပြီး ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ အရမ်းအားသာကြတယ်။ လူတိုင်းကိုကူညီတတ်ပြီး စိတ်ချယုံကြည်လို့ရတဲ့ သူတွေဖြစ်ပါတယ်။

သတိထားသင့်တာလေးတွေကတော့ သူတို့ကိုညှိနှိုင်းရတာ အရမ်းခက်ခဲတယ်။ ကြေးများပြီး ခေါင်းမာတတ်တာလေးတွေပေါ့။

အချစ်ရေးနဲ့ပတ်သက်လာရင် သိပ်ကိုစိတ်ကူးယဉ်တတ်တယ် ဆိုရမှာပါ ။ သူတို့ဟာ လူတစ်ယောက်ကိုသဘောကျပြီဆို အဲဒီလူနဲ့ပတ်သက်ပြီး ဟိုးအဝေးကြီးကို ကြိုပြီး စိတ်ကူးယဉ် ပစ်တော့တာပဲ။ သိပ်ကိုရင်ခုန်ဖို့ကောင်းတဲ့ အချိန်လေးတွေ၊ ကြင်နာတဲ့စကားလေးတွေဆိုပြီး တစ်ယောက်ကို တစ်ယောက် ဖေးမနေကြတာမျိုး ၊စိတ်လှုပ်ရှားစရာ အပြည့်နဲ့ စွန့်စားနေတာမျိုး စတာတွေပေါ့။

Libra – စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူတွေဟာ

ကိစ္စတိုင်းကို အားကျအတုယူဖွယ် စနစ်တကျ လုပ်ဆောင်လေ့ရှိတယ်။ အမြဲတမ်းအေးအေးချမ်းချမ်းနေလေ့ရှိတယ်။ လူမှုဆက်ဆံရေး ပြေပြစ်သူတွေပါ။

သတိထားသင့်တာတော့ လူတွေကိုသံသယစိတ်များပြီး အရာရာတစ်ယောက်ထဲ လုပ်ဆောင်လေ့ရှိတတ်တော့ ကိုယ်ပဲပင်ပန်းတာပေါ့။ နောက် ဆုံးဖြတ်ချက် မပြတ်သားတာမျိုး ဘာမှမဟုတ်တာလေးတွေကို ခံစားနေတတ်တာမျိုးလေးတွေ။

အချစ်ရေးမှာတော့ လူတစ်ယောက်ကို စိတ်ဝင်စားပြီဆို မျက်စိစုံမှိတ် စီးမျောပစ်လိုက်တာပဲ။ တစ်ချိန်လုံး ဆက်သွယ်နေတော့တာပဲ၊ တစ်ဖက်က ပြန်မဆက်သွယ်ဘူးဆို စိတ်တွေပူနေပြီ။ သူတို့နဲ့ စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ စိတ်ပါဝင်စားမှုရဖို့ ဂရုတစိုက်ပြောဆိုလေ့ရှိတယ်။

Scorpio – အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူတွေကတော့ စူစမ်းရှာဖွေတတ်တဲ့ ဗီဇပါလာသူတွေပါ။ သူတို့ဟာ ကိစ္စတစ်ခုကို အာရုံစူးစိုက်မှုအပြည့်နဲ့လုပ်ဆောင်နေတတ်တယ်။ လေ့လာအားကောင်းတော့ အရာရာ အောင်မြင်အောင်စွမ်းဆောင်နိုင်သူတွေပါ။

သတိထားသင့်တာလေးတွေကတော့  သူများအပေါ် စိတ်ဝင်စားတတ်တာလေးတွေက ကိုယ့်ကိုယ်ကို အာရုံမစိုက်နိုင်တာမျိုးလေးတွေဖြစ်တတ်တယ်။ အတွေးတွေလွန်ပြီး သံသယတွေအရမ်းများနေတတ်တာမျိုးလေးတွေ။ နောက် ခံစားချက်ကို မဖုံးကွယ်နိုင်ခြင်းတွေကို သတိထားဖို့လိုပါတယ်။

အချစ်ရေးနဲ့ပတ်သက်လာရင်တော့သူတို့ဟာ ပိုပြီးလက်တွေ့ကျကျ တွေးခေါ်တတ်တဲ့သဘောလေးတွေရှိပါတယ်။ သူကကိုယ့်ဘဝတွက် ဘယ်လောက်ထိအရေးပါနေလဲ၊ သေချာသွားပြီဆိုရင်တော့ အရင်ကဘာလို့ ငါတို့မဆုံခဲ့ပါလိမ့် ဆိုနှမြောတသ ဖြစ်နေတတ်တယ် ။သူနဲ့သာဆို ဘယ်လောက်ဆိုးရွားတဲ့ လောကဓံပဲ ဖြစ်ပါစေ ရင်ဆိုင်မယ်တဲ့လေ။

Sagittarius – နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူတို့ဟာ         အမှီအခိုကင်းတယ်။ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ချင်ကြသူတွေပါ။ သူတို့တစ်ခုသတိထားဖို့လိုတာက အရမ်းပြတ်သားလွန်းတဲ့အခါ တစ်ဖက်လူရဲ့ဆန္ဒ။ ကိုယ့်ရင်ထဲက ခံစားချက်တွေလျစ်လျူရှုမိတတ်ကြတာကိုပေါ့။

အချစ်ရေးမှာတော့ သိပ်သဝန်တိုတတ်သူတွေပါ။ တခြားသူတွေနဲ့ စကားပြောတာကအစ ၊တစ်ခြားသူတွေနဲ့ အချိန်ကုန်နေတာကိုတောင် မနှစ်သက်ဘူး။ အနားမှာမရှိတဲ့အခါ နောက်ဆုံး စိတ်ဆိုးနေတဲ့အချိန်မှာတောင် သတိရနေတတ်တယ်လေ။

Capricorn – ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူတို့ဟာ သိပ်ကိုတာဝန်ယူတတ်ကြသူတွေပါ။ ရည်ရွယ်ချက်ကြီးမားပြီး စိတ်ရှည်သည်းခံတတ်ကြတယ်။ လေ့လာအားကောင်းပြီး အရာရာ နဲ့အကျွမ်းတဝင်ရှိနေတတ်တယ်။

သူတို့အားနည်းချက်လေးတွေက တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲတာ ဂုဏ်သိက္ခာ အရမ်းအလေးနက်ထားလွန်းတော့ သူတို့လွတ်လပ်မှုတွေ ပျောက်ဆုံးနေတတ်တာမျိုးလေ။

ဒီရာသီဖွားတွေကတော့ သိပ်ကိုချစ်တတ်ကြတဲ့သူတွေပါ။ သူတို့စိတ်ဝင်စားတဲ့သူရဲ့ ချစ်စရာလေးတွေကိုပဲ တွေးနေတတ်တယ်။ ချစ်သူရဲ့အကျင့်ဆိုးလေးတွေတောင် ချစ်စရာလေးတွေလို့ ဖြေတွေးတတ်တယ်။

Aquarius – ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူတို့ဟာ သိပ်ကို ညဏ်ရည် ထက်မြက်ကြသူတွေဖြစ်ပါတယ်။ ဟာသညဏ်လည်းသိပ်ရွှင်တော့ လူချစ်လူခင်များတယ်။ လူသားချင်းစာနာ သနားတတ်ကြပြီး တီထွင်ကြံဆညဏ်လည်း ပြောင်မြောက်ကြသူတွေပါ။

သူတို့အားနည်းတာကတော့ သူတို့ဟာခံစားမှုဦးစားမပေးပဲ သိပ်ပြတ်သားလွန်းတယ်။ ခေါင်းမာတတ်တယ် ။သူများအပေါ် အနည်းငယ်ဝေဖန်ရတာ ဝါသနာပါကြတယ်။

သူတို့ချစ်သူနဲ့ပတ်သက်ပြီး သိပ်ဂုဏ်ယူတတ်ကြတယ် သူငယ်ချင်းတွေ မိသားစုဝင်တွေကို သူ့အကြောင်း တဖွဖွ ပြောနေလေ့ရှိတယ်။ ပြီးတော့ သူတို့တွေကို ပေးတွေ့ချင်တာဆို အလွန်ပဲတဲ့။

Pisces – ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူတို့ဟာ လူတွေကို သနားကြင်နာတတ်ကြသူတွေပါ။ သူတို့ဟာမှီခိုအားထားလို့ရတဲ့ သူတွေဖြစ်ပါတယ်။ အရာရာကိုစိတ်ရော ကိုယ်ပါ နှစ်မြှပ်အာရုံဝင်စားနိုင်သူတွေလဲ ဖြစ်ကြပါတယ်။

သူတို့အားနဲချက်လေးတွေကတော့ အရာရာကိုခံစားလွယ်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါ ဒွိဟတွေဖြစ်နေတတ်တယ်။ ကိုယ့်ကိုယ်ကို သိပ်ညှာတာထောက်ထားလွန်း အားကြီးတတ်တာတွေပါ။

သူတို့အချစ်ကိုခံစားမိတဲ့အခါ ဒီလိုလေးတွေဖြစ်တတ်တယ်။ သူတို့ချစ်သူကို အမြဲဖြည့်ဆည်းပေးချင်တယ်။ အခြားသူတွေ ဘာပဲပြောပြော သူ့နားမှာ တစ်ချိန်လုံး ရပ်တည်ပေးနေချင်တယ်။ အချိန်တိုင်းအတွက်အသင့်ရှိနေပေးတယ်လေ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။