ကိုယ်ပိုင်အလင်းရောင်နဲ့ ထွန်းတောက်ဖို့ အချိန်တန်ပြီ။

blank

အမျိုးသမီးအများစုဟာ လောကကြီးထဲကို စရောက်လာတာနဲ့ မိဘနှစ်ပါး စိတ်တိုင်းကျနေခဲ့ရတယ်။ အသက် (၃) နှစ်လောက်ကစပြီး “ဒီလိုမထိုင်နဲ့၊ ဒီလိုမနေနဲ့” စတဲ့ ပညတ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်စပြီးပုံသွင်းခဲ့ရတယ်။ “ ကိုယ်က ဘာကိုဝါသနာပါလဲ။ ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေရှိနေလဲ။ ကိုယ့်အနာဂတ်ကို ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းချင်လဲ” ဆိုတာမျိုးထက် မိဘကရွေးချယ်ထားတဲ့ လမ်းကြောင်းမှာပဲ လျှောက်လှမ်းခဲ့ရတယ်။ ဒါပေမဲ့ သမီးကောင်းဆိုတဲ့ ဘွဲ့ကိုကျေကျေနပ်နပ်ခံယူရင်း ဘဝရဲ့သုံးပုံတစ်ပုံကို ကုန်ဆုံးခဲ့တယ်။

ဇနီးတစ်ယောက်ဖြစ်လာတဲ့အခါမှာလည်း လင်သားရဲ့ အကြိုက်တွေနောက်လိုက်၊ စိတ်ကြိုက်ဖြစ်အောင်နေရင်း ဘဝကို ကျော်ဖြတ်ရပြန်ရော။ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုဝတ်ရမယ်၊ ဘယ်ကိုသွားရမယ် စတဲ့အရာတွေကအစ ခင်ပွန်းစိတ်တိုင်းကျနေခဲ့တယ်။ ခင်ပွန်းလိုအပ်တာတွေကို ဖြည့်ဆည်းပေးရင်း ကိုယ်လိုချင်တာတွေကိုတောင် မသိနိုင်တော့လောက်အောင်ဖြစ်လာခဲ့ကြတယ်။ ဇနီးကောင်းဆိုတဲ့ ဘွဲ့လေးကို ကြည်နူးစွာခံယူရင်း ဘဝရဲ့ သုံးပုံနှစ်ပုံကို ကုန်ဆုံးရပြန်ရော။      ဒေါ်ဘယ်သူဆိုတဲ့ စကားကို တည်ဆောက်ဖို့ထက် ဦးဘယ်သူရဲ့ ဇနီးဆိုတဲ့ နာမည်လေးနဲ့ ကျေနပ်နေခဲ့ကြတယ်။

သားသမီးတွေရလာပြန်တော့လည်း သားသမီးတွေရဲ့ အကြိုက်ကို ဆောင်ရွက်ပေးရင်း ကိုယ့်ရဲ့စိတ်ကို နောက်တပ်တစ်လှမ်းနောက်ဆုတ်ပြန်ရော။ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်ရဲ့အချိန်တွေ၊ ခံစားချက်တွေ၊ အကြိုက်တွေ၊ လူမှုရေးဘဝတွေကို အားလုံးကို စတေးဖြစ်ခဲ့တယ်။ ဘဝရဲ့ ကျန်နေသေးတဲ့ သုံးပုံ တစ်ပုံကို သားသမီးတွေအတွက် ဖြည့်ဆည်းပေးရင်း ပျော်ရွှင်နေခဲ့ကြတယ်။ သားသမီးတွေကြိုက်တဲ့ ဟင်းတွေကို စိတ်လိုလက်ရချက်ပေးခဲ့ကြပေမယ့် ကိုယ်ကြိုက်တဲ့ဟင်းဆိုတာ ဘာမှန်းမသိအောင် ဖြစ်လာခဲ့ကြတယ်။

ကျွန်မတို့ရဲ့ မိခင်တွေကိုယ်တိုင်ကလည်း ကျွန်မတို့အတွက် ဒီလိုပဲလုပ်ခဲ့တာပဲလေ။ မဟုတ်ဘူးလား။

စာချစ်သူတို့ရေ….။

လူတစ်ယောက်ဟာ ဘဝဘယ်လောက် ကျင်လည်ရမလဲဆိုတာ မသေချာပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ တစ်စုံတစ်ယောက်ရဲ့ သမီးအဖြစ်၊ ဇနီးအဖြစ်၊ မိခင်အဖြစ် တစ်ဘဝတည်းမှာပဲ ပုံစံသုံးမျိုးနဲ့ အသက်ရှင်ကျင်လည်ခဲ့ရတယ်။ ကျရောက်တဲ့ နေရာတိုင်းမှာ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေအောင် ဆောင်ရွက်ပေးတာက ကောင်းပေမယ့် ကိုယ်ပိုင်ရဲ့ အလင်းရောင်နဲ့ ထွန်းတောက်နိုင်ဖို့ ကြိုးစားဖို့လည်း လိုပါတယ်။

လမင်းရဲ့ အလင်းရောင်နဲ့တင်စားကြတဲ့ မိန်းကလေးတွေဟာ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနိုင်တဲ့ ပိုးစုန်းကြူးလေးတွေလည်း ဖြစ်လို့ရတယ်ဆိုတာကို ပြသရမယ့် အချိန်ရောက်ပါပြီ။

  • ကိုယ်ပိုင် အိပ်မက်တွေကို ထုဆစ်ရင်း သမီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
  • ကိုယ်ပိုင် ရပ်တည်မှုတွေနဲ့ လျှောက်လှမ်းရင်း ဇနီးကောင်းတစ်ယောက်ဖြစ်အောင် ပုံဖော်ပါ။
  • ကိုယ်ပိုင်အလင်းရောင်နဲ့ ထွန်းတောက်ရင်း မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ထုဆစ်ပါ။

ကိုယ်ပိုင်ဘဝအတွက်ရွေးချယ်မှုဆိုတာ မိန်းကလေးအများစု လုပ်ဖို့မေ့နေတတ်တဲ့ အရာတစ်ခုပါ။

ဒီနှစ် အမျိုးသမီးများနေ့မှာ ကိုယ့်ကိုယ်ကိုယ်အတွက် ကတိတစ်ခုပေးလိုက်ပါ။ ကိုယ်ပိုင်ရဲ့ အလင်းနဲ့ ထွန်းတောက်တဲ့ စိန်ပွင့်လေးဖြစ်အောင် ကြိုးစားမယ်လို့ပေါ့။ အမျိုးသမီးများအတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။