သားသမီးတွေကို နှိုင်းယှဉ်ပြီး ပျိုးထောင်တဲ့အခါ

blank

စာချစ်သူတို့ရေ….။

မိဘတိုင်းဟာ သားသမီးတွေကို ချစ်ကြတယ်တဲ့။ သားသမီးတွေကို ချစ်တာချင်းတူပေမယ့် ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တဲ့ မိဘတွေရဲ့ မှားယွင်းနေတဲ့ ပျိုးထောင်မှုတွေလည်း ရှိပါတယ်။ အဲ့ဒါကတော့ မောင်နှမအချင်းချင်းကြားမှာ နှိုင်းယှဉ်မှုတွေနဲ့ ပြုစုပျိုးထောင်ခြင်းပါပဲ။

“ညီမလေးလောက်တောင် လက်ရေးမလှဘူး” တို့၊  “ အစ်မလို အဆင့်တစ်ရအောင် ကြိုးစား” တို့၊ “ညီလေးလောက်တောင် အားမကိုးရဘူး” စတဲ့ စကားလေးတွေဟာ ကျွန်မတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့ ပြောလိုက်တဲ့အရာလေးတွေဖြစ်ပေမယ့် ကလေးတွေရဲ့ ရင်ထဲမှာတော့ ဆူးငြှောင့်ခလုတ်လေးတွေ ဖြစ်သွားနိုင်ပါတယ်။

နှိုင်းယှဉ်မှုတွေနဲ့ ပျိုးထောင်မှုတွေက မောင်နှမအချင်းချင်းကြားမှာ သွေးကွဲစေသလို၊ ရင်သွေးလေးတွေကို ယှဉ်ပြိုင်တတ်တဲ့စိတ်ကိုမွေးဖွားပေးလိုက်ပါတယ်။ သူတို့ကိုယ်သူတို့ အားမလိုအားမရစိတ်တွေ၊ ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်လာမှာမဟုတ်ပါဘူးဆိုတဲ့ သိမ်ငယ်အားငယ်စိတ်တွေကိုလည်းဖြစ်ပေါ်စေပါတယ်။

ကလေးတစ်ယောက်အနေနဲ့ အခြားတစ်ယောက်ယောက်နဲ့ အမြဲတမ်း နှိုင်းယှဉ်ပြီး ပြောဆိုခံရတဲ့အခါမှာ ကြိုးစားလိုစိတ်တွေပျောက်ကွယ်မယ်၊ စိတ်ပူပန်လာပြီး မောင်နှမတွေအပေါ် ပြိုင်ဖက်တွေလို သဘောထားလာနိုင်ပါတယ်။
သင့်ရင်သွေးလေးတွေဟာ သင့်အပြုအမူတစ်ချက်၊ စကားသံတစ်ခုလေးကအစ လိုက်လံမှတ်သားပြီး ခံစားတတ်သူလေးတွေပါ။ သင့်ရဲ့ အပြုသဘောဆောင်တဲ့ စကားလေးတွေ၊ အားပေးစကားတွေဟာ သူတို့အနာဂတ်အတွက် အရေးပါတဲ့ ခြေလှမ်းတွေကို အစပျိုးပေးနိုင်ပါတယ်။

ဒါ့ကြောင့် သင့်ကလေးကို သူ့ရဲ့မွေးချင်းမောင်နှမတွေမှာ ရှိနေတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်နေတာကိုရပ်လိုက်ပါ။ နှင်းဆီပန်းမှာ တောက်ပတဲ့ အဆင်းရှိသလို စံပယ်ပန်းမှာလည်း တုနှိုင်းမရတဲ့ ဖြူစင်ခြင်းတွေရှိနေပါတယ်။ ပန်းလေးတွေမှာ အလှကိုယ်စီရှိသလို ကလေးတွေမှာလည်း အရည်အချင်းတွေကိုယ်စီရှိပါတယ်။ သင့်အနေနဲ့ ရှိနေတဲ့ အရည်အချင်းတွေကို တိုးတက်လာအောင် ပျိုးထောင်ပေးဖို့နဲ့ အားနည်းနေတဲ့အပိုင်းတွေကို အားဖြည့်ပေးဖို့ပဲ လိုပါတယ်။

ပျော်ရွှင်တက်ကြွပြီး လိမ်မာရေးခြားရှိတဲ့ ရင်သွေးလေးတွေကို ပိုင်ဆိုင်ချင်ကြတာက မိဘတိုင်းရဲ့ အိပ်မက်ပါ။ အဲ့ဒီအိပ်မက်တွေကို အမှန်တကယ်ဖြစ်ဖို့ဆိုရင်တော့ ရင်သွေးလေးတွေကို တန်ဖိုးထားမှု၊ အရေးပေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပျိုးထောင်ဖို့ပါပဲ။ သူတို့လေးတွေရဲ့ ရှိနေတဲ့အရည်အသွေးလေးတွေကို လက်ခံပြီးမြေတောင်မြှောက်ပေးပါ။ နှိုင်းယှဉ်စရာမလိုအောင် ထူးခြားဆန်းပြားတဲ့ ပန်းရောင်စုံလေးတွေ သင့်အိမ်ဥယျာဉ်မှာ ဖူးပွင့်လာပါလိမ့်မယ်။

စာချစ်သူတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Ceelin တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။