သူတို့မှန်လား။ ကျွန်မမှားလား။


တစ်ခါတလေမှာ ကျွန်မတို့တွေဟာ ကိုယ့်တန်ဖိုးကိုယ်ကာကွယ်ဖို့အတွက် ပတ်ဝန်းကျင်နဲ့ အမုန်းပွားရတဲ့အချိန်တွေလည်း ဘဝမှာ မလွှဲမရှောင်သာကြုံကြရပါတယ်။

ဥပမာ- ကျွန်မက ကိုယ့်အားလပ်ရက်မှာ အပြီးဖတ်ဖို့ ကြံရွယ်ထားတဲ့စာအုပ်လေးကို ဇွဲနဘဲနဲ့ ဖတ်နေချိန်မှာ သူငယ်ချင်းတစ်ယောက်က အပြင်သွားဖို့ အဖော်လာခေါ်တယ်။ ကျွန်မက မအားတဲ့ အကြောင်း ကောင်းကောင်းမွန်မွန်ရှင်းပြတယ်။ ဒါပေမဲ့ သူငယ်ချင်းက လက်မခံဘူး။ “ စာအုပ်ဖတ်ဖို့က ဘာအရေးကြီးလို့လဲ။ ငါအပြင်သွားဖို့က အရေးကြီးတယ်” လို့ ပြောတယ်။ တကယ်တော့ ဒီစာအုပ်ဖတ် ချင်လွန်းလို့ ဆိုင်တကာပတ်ရှာဝယ်ထားရပြီး အခုလိုအေးအေးဆေးဆေးဖတ်ခွင့်ရဖို့လည်း ရုံးပိတ်ရက်ရောက်တဲ့အထိ ကျွန်မ တစ်ပတ်တိတိစောင့်လာခဲ့ရတာပါ။ နောက်ရက် ရုံးပြန်ဖွင့်ရင် ကျွန်မအတွက် စာဖတ်ချိန်ရဖို့ နောက်တစ်ပတ်ကြီးများတောင် ထပ်စောင့်ရတော့မယ်။ ဒီတော့ ကျွန်မ အတွက် ဒါက အရေးကြီးပါတယ်။ သူ့အတွက် အရေးမကြီးတိုင်း ကျွန်မကိစ္စက အရေးမကြီးရတော့ ဘူးလား။ ပြီးတော့ သူက အရေးမကြီးဘူးလို့ သတ်မှတ်တိုင်း ကျွန်မက ကျွန်မရဲ့ အရေးကြီးတဲ့ ကိစ္စကို အလျှော့ပေးပြီး သူ့ဆန္ဒလိုက်လျောပေးလိုက်ရမှာလား။ ပြီးတော့ ကိုယ့်ကိစ္စအသေးအဖွဲဖြစ်ဖြစ်၊ အကြီးကြီးပဲဖြစ်ဖြစ် အရေးကြီးတယ်မကြီးဘူးဆိုတာ ကာယကံရှင်က သတ်မှတ်ရမှာ မဟုတ်ဘူးလား။ သူများက ဝင်ဆုံးဖြတ်ပေးလို့ရလား။

အားနာပေမဲ့ ရေရှည်အတွက် ကျွန်မတန်ဖိုးကို ကာကွယ်သောအားဖြင့် သူနဲ့လိုက်ဖို့ကို ကျွန်မ ငြင်းဆန်ပစ်လိုက်တယ်။

သူက ကျွန်မကို “ သူငယ်ချင်းကောင်း မပီသဘူး” လို့ စွပ်စွဲပြီး စိတ်ဆိုးသွားတယ်လေ။

သူ မှန်လား။ ကျွန်မပဲ မှားသွားလားဟင်။