အလုပ်အကိုင်အဆင်ပြေနေစေဖို့ တဏှာမုဆိုးကို သည်းခံနေရမှာလား။

ကျွန်မဟာ အသက် (၂၆) နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်မဟာ အခြားမိန်းကလေးတွေလိုလည်း မလှပါဘူး။ ကျွန်မငယ်ငယ်ကတည်းက အဖေဆုံးသွားခဲ့တော့ အမေကပဲ ကျွန်မကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အသက်ကြီးလာတဲ့ အမေ့ကို အလုပ်နားခိုင်းပြီး ကျွန်မကပဲ အလုပ်တစ်ဖက်၊ သင်တန်းတစ်ဖက်နဲ့ ကျွန်မဖြစ်ချင်တဲ့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ မကြာမီမှာပဲ  ကျွန်မရဲ့ ဝါသနာနဲ့ ထပ်တူကျတဲ့ အလုပ်တစ်ခုကို ကျွန်မရခဲ့တယ်။ ဂရပ်ဖစ်နဲ့ပတ်သက်တာတွေကို အလုပ်လုပ်ရင်း သင်ယူရင်း ကျွန်မရဲ့ ဝါသနာနဲ့ အသက်မွေးရတော့မယ်ဆိုတဲ့ အတွေးကြောင့် ကျွန်မသိပ်ကိုပျော်ရတယ်။ အမေကလည်း အခုလုပ်နေတဲ့အလုပ်ထက် ဝင်ငွေလည်းပိုရ၊ ကျွန်မဝါသနာနဲ့လည်း ထပ်တူကျဆိုတော့ ကျွန်မထက်ပိုပြီးပျော်ခဲ့တယ်။

ကျွန်မတို့ရုံးမှာ ကျွန်မအပါအဝင် အခြားမိန်းကလေးတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ရဲ့ ဒါရိုက်တာအဖွဲ့ဝင်နှစ်ဦးစလုံးက အမျိုးသားတွေဖြစ်ပြီး သဘောကောင်းကြပါတယ်။ အလုပ်မှာ လိုရင်လိုသလို အချိန်ပိုဆင်းပေးဖို့နဲ့ အချိန်ပိုခလည်း ပေးမယ်ဆိုတာကို အလုပ်ဝင်ကလည်းက ကျွန်မတို့ သဘောတူခဲ့ကြပါတယ်။ အစစအရာရာ အဆင်ပြေနေတဲ့ ကျွန်မရဲ့အလုပ်မှာ အဆင်မပြေမှုကတော့ ကျွန်မရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ရဲ့ အပြုအမူတွေပါပဲ။ တစ်ခါတလေမှာ ဒီဇိုင်းအကြမ်းတွေ ပြတဲ့အခါတိုင်း ကျွန်မရဲ့ လက်ကိုတမင်လိုလို မတော်မဆလိုလိုနဲ့ကိုင်ပါတယ်။ သူ့ရဲ့အကြည့်ရိုင်းတွေကြောင့် လက်ပြတ်တွေ အင်္ကျီအဟိုက်တွေ၊ မြန်မာအင်္ကျီအကြပ်တွေတောင် မဝတ်ရဲလောက်အောင်ပါပဲ။ တစ်ခါတလေမှာ စသလိုနောက်သလိုနဲ့ ပုခုံးကိုင်တာ၊ နေရာအလွတ်တွေရှိရက်နဲ့ ကျွန်မကိုဝင်တိုက်ပြီးသွားတာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲ့ဒီကိစ္စကြီးကြောင့် အလုပ်ဆက်မလုပ်ချင်လောက်အောင်ဖြစ်ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မအလုပ်ဝင်ပြီး ခြောက်လအကြာမှာ ကျွန်မကိုရာထူးတိုးပါတယ်။ ကျွန်မရဲ့ကြိုးစားမှုတွေနဲ့ တီထွင်ဆန်းသစ်မှုတွေကြောင့် ပရောဂျက်အသစ်တွေရတာကြောင့် တိုးပေးတယ်လို့ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီအတွက် ပရောဂျက်အစောပိုင်းကာလတွေမှာ နေ့တိုင်းနီးပါးအချိန်ပိုလုပ်ရမှာလို့ ပြောပါတယ်။ ကျွန်မကလည်း ပိုကောင်းတဲ့အခွင့်အရေးတွေဖြစ်တာကြောင့် လက်ခံလိုက်ပါတယ်။

တစ်ရက်မှာတော့…။ ကျွန်မနဲ့ အလုပ်ထဲမှာ ဈာန်ဝင်နေတုန်း ကျွန်မရဲ့ အနောက်ကနေ သိုင်းဖက်တာ ခံလိုက်ရပါတယ်။ ကျွန်မလည်း ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်တော့ ကျွန်မရဲ့ဒါရိုက်တာဖြစ်နေပါတယ်။ ကျွန်မထိုင်ရာကထပြီး တစ်ခုခုမပြောခင်မှာ သူကကျွန်မကို ဇွတ်အတင်းနမ်းပါတယ်။ ပြီးတော့ ဘာမှမဟုတ်ခဲ့သလိုပဲ သူ့အခန်းထဲ ပြန်ဝင်သွားပါတယ်။ ပြီးတော့ ကျွန်မရဲ့ ဖုန်းထဲမှာ မက်ဆေ့ဂ်ျတစ်စောင်ရောက်လာတယ်။

“ မကြာခင်မှာ လစာနှစ်ဆတိုးဖို့ရှိတယ်နော်” နဲ့။

ကျွန်မလေ ရှက်လည်းရှက်၊ ဒေါသလည်းထွက်ပြီး အိမ်ကိုဘယ်လိုပြန်ရောက်လာခဲ့မှန်းတောင် မသိခဲ့ပါဘူး။ အမေ့ကိုတွေ့တဲ့အချိန်မှာ အမေ့ကိုဖက်ပြီး ငိုမိတယ်။ အမေ့ကိုအကြောင်းစုံပြောပြလိုက်တော့ “ ငြိမ်နေလိုက်” တဲ့။ တစ်ခုခုတုံ့ပြန်လိုက်ရင် အလုပ်ပြုတ်မယ့်အပြင် သမီးပဲ အရှက်ကွဲမှာတဲ့။ ပြီးတော့ သူငြင်းလိုက်ရင် သမီးကိုဘယ်သူမှ ယုံမှာမဟုတ်ဘူးတဲ့။ ဒီခေတ်ကြီးမှာ အလုပ်ကောင်းကောင်းတစ်နေရာရဖို့ မလွယ်ပါဘူးသမီးရယ်တဲ့။ ကျွန်မအမေ့ကို နားမလည်နိုင်စွာ ကြည့်နေခဲ့တယ်။ ပြီးတော့  ကျွန်မအခန်းထဲ ဝင်ပြီး ရှိုက်ကြီးတငင်ငိုမိတယ်။

မနက်ဖန်အတွက် ကျွန်မချလိုက်တဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်မယ်ထင်လဲ။

ကျွန်မကိုဘယ်လိုဆုံးဖြတ်သင့်လဲ။